Pages

Sunday, 29 January 2012

ရန်ကုန် ရခိုင်ကျင်ပွဲ ရွှေမောင်းတန်း ပထမဆု ဘီအီးဒီ နောက်ဆုံးနှစ် ကျောင်းသား ဆွတ်ခူး ရရှိ

ထွန်းထွန်း
------------
ရန်ကုန်တိုင်း မင်္ဂလာ တောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့ကွင်း၌ ဇန်န၀ါရီ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပြု လုပ်ခဲ့သော ရခိုင်ကျင်ပွဲတွင် ရွှေမောင်းတန်း ပထမဆုကို ရန်ကုန် ပညာရေး တက္ကသိုလ်မှ B.Ed နောက်ဆုံးနှစ် ကျောင်းသား ကိုဌေးမင်းစိုးက ဆွတ်ခူး ရရှိသွားခဲ့သည်။

Kyon-petition
အင်္ကျီအနီဝတ်ဆင်သူ ၂ဦးမှာ ရွှေမောင်းတန်း ဆုရသူများ ဖြစ်ပြီး အပြာရင့်ရောင်ဝတ်ဆင်ထားသူ၂ဦးမှာ ငွေမောင်းတန်း ဆုရသူများ ဖြစ်သည်။
"ရွှေမောင်းတန်း ပထမဆုကို ဘီအီဒီ နောက်ဆုံးနှစ်က ကိုဌေးမင်းစိုးရတယ်။ သူက ကျောက်တော် ဇာတိ ဖြစ်ပါတယ်။ သူ့က ကျပ် ၁၅ သိန်းနဲ့ ရွှေမောင်း တစ်လုံး ရရှိသွားပါတယ်" ဟု ပြိုင်ပွဲကို သွားရောက် ကြည့်ရှု့ခဲ့သူ လူငယ် တစ်ဦးက ပြောသည်။

ရွှေမောင်းတန်း ဒုတိယဆုကို ကိုဝင်းကြည်က၎င်း၊ တတိယဆုကို ကိုမြင့်စိုးကက၎င်း၊ စတုတ္ထဆုကို မြန်မာနိုင်ငံ ဂျူဒို အဖွဲ့ချုပ်မှ ကိုဇေလင်းအောင် ရသွားကြောင်း သိရသည်။ ဒုတိယ ဆုရသူ ကိုဝင်းကြည်နှင့် တတိယဆုရသူ ကိုမြင့်စိုးတို့မှာ ကျောက်တော်မြို့နယ်မှ ဖြစ်ကြသည်။

ဒုတိယ အဆင့် ငွေမောင်းတန်း ပထမဆုကိုလည်း တစ်ဦး ဖြစ်သူ ကျောက်တော်မှ ကိုကျော်ဆွေက ရရှိသွားပြီး ဒုတိယဆုကို ကိုညီနေမင်း(ကျောက်ဖြူ)နှင့် တတိယဆု ကိုကျောက်တော်က တယောက်နှင့် စတုတ္ထဆုကို ကျောက်ဖြူက တယောက်ရရှိသွားကြောင်း သိရသည်။

ဒိုင်ကြိုက်ဆုကို ကိုမြင့်စိုး (ကျောက်တော်)က ရသွားပါခဲ့သည်။

အဆိုပါ "ကျင်" ပြိုင်ပွဲတွင် ရွှေမောင်းတန်း ပထမဆုအဖြစ် ကျပ်ငွေ ၁၅သိန်းနှင့် ငွေမောင်းတန်း ဒုတိယဆု အဖြစ်ကျပ်ငွေ ၁၀သိန်းဖြင့် သတ်မှတ်ထားရာ အနိုင်ရသူများအား တာဝန်ရှိသူများမှ အ သီးသီး ဆုချီးမြှင့် ပေးခဲ့သည်ဟု သိရသည်။ ၎င်းပြင် အနိုင်ရရှိသူများအား တခြား အလွတ်ဆုကြေးများလည်း သိန်းနှင့်ချီပြီး ပေးအပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးစိန်တင်ဝင်း နှင့် ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန ၀န်ကြီး ဦးဇော်အေးမောင်တို့က အခမ်းအနားကို ၂၇ရက်နေ့ နံနက် ၁၁နာရီက စတင်ဖွင့်လှစ်ပေးခဲ့သည်။

"ရွှေမောင်း၊ ငွေမောင်းလုပွဲ နောက်ဆုံးနေ့ဖြစ်လို့ လူတွေတော်တော်စည်ပါတယ်။ ပြိုင်ပွဲကလည်း အဆင့်မြင့်မြင့် လုပ်ထားတာကိုတွေ့ရပါတယ်။ ဒီနှစ်လိုနောင် လာမယ့် နှစ် တွေမှာလဲ စည်ကားလာအောင်၊ ဒီထက်မက ရခိုင်ရိုးရာယဉ်ကျေးမှုကို ဖေါ်ထုတ်နိုင်အောင် အားလုံး ၀ိုင်းဝန်း လုပ်ဖို့ လိုပါတယ်" ဟု အဆိုပါ လူငယ်က ဆက် ပြောသည်။

ယခုနှစ် ကျင်းပသော တတိယ အကြိမ်မြောက် ရခိုင်ရိုးရာ ကျင်ပွဲကို ဆုကြေးအရရော ပြိုင်ပွဲ အဆင့်အတန်းအရပါ ထူးထူးခြားခြား အဆင့်မြင့် စီစဉ် ကျင်းပခြင်း ဖြစ်ပြီး တခြားနှစ်များထက် စည်ကားမှုရှိကြောင်း သိရသည်။

ရခိုင်ကျင်အား လာမည့် ၂၀၁၃ ခုနှစ် အရှေ့တောင် အားကစားပွဲတော်တွင် ရိုးရာ အားကစား တစ်ရပ် အနေဖြင့် တည့်သွင်းနိုင်ရန် ကြိုးစားနေကြောင်းဖြင့်လည်း ဦးဇော်အေးမောင်က ပြောသည်။ မြန်မာနိုင်ငံ ဂျူဒို အဖွဲ့ချုပ်နှင့် တိုင်ပင်ပြီး နည်းစနစ်များကို စနစ်တကျ ရေးဆွဲကာ တခြားနိုင်ငံများသို့ ပေးပို့သွားမည် ဖြစ်ပြီး နိုင်ငံ (၄) ခုက လက်ခံလျှင် ပြိုင်ပွဲတွင် ထည့်သွင်းနိုင်မည် ဖြစ်ကြောင်း သူက ဆိုသည်။

ရန်ကုန် ရခိုင်ရိုးရာ ကျင်ပွဲကို ရခိုင်စာပေနှင့် ယဉ်ကျေးမှု အသင်း(ရန်ကုန်)က ဦးဆောင်ကျင်းပ ခဲ့သည်ဟု သိရသည်။

.................
နိရဉ္စရာ

(ပေးစာ) ရတာကနည်းနည်း ပေးတာက များများ ဖြစ်နေလို့

သို့
ပြည်ထောင်စု မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် ၊ မြိုနယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ဌါနဆိုင်ရာ တာဝန်ရှိသူများ သိရှိရန်

ရခိုင်ပြည်နယ် အမ်းမြို့နယ် စခမ်းမော် ကျေးရွာအုပ်စု အတွင်းရှိ ဇင်ခေါင်၊ အိုးပုံ၊ ခမောင်းချောင်း ကျေးရွာများမှ တောင်သူများ လုပ်ကိုင် စားသောက်နေသော တောင်ယာနှင့် လယ်ယာသီးနှံ စိုက်ခင်းများမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်ပြည်သို့ သွယ်တန်းသော ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်း သွားရာ လမ်းတွင် ပါသွားခဲ့ပါသည်။

၎င်းလယ်ယာမြေနှင့်သီးနှံများအား နိုင်ငံတော်နှင့် အကျိုးတူ ပူးပေါင်းပါဝင်သော ကုမ္မဏီများမှ လျော်ကြေးငွေထက်ဝက်ကို (၂.၁.၂၀၁၂) ခုနှစ်တွင် ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ (မ.ယ.က) ရုံးခန်းမ၌ ရခိုင်ပြည်နယ် သီးနှံနှင့် လျော်ကြေးတာဝန်ခံ ဦးတင်မောင်ဆွေ (မ.ယ.က) ဥက္ကဌနှင့် တခြားအဖွဲ့ဝင်များ ရှေ့မှောက်တွင် တောင်သူများအား ပေးအပ်ခဲ့ပါသည်။

ဦးတင်မောင်ဆွေမှလည်း ၄င်းလျော်ကြေးငွေများအား မည်သူတစ်ဦး တစ်ယောက်ကိုမျှ ပေးစရာ မလိုဟု ပြောကြားခဲ့ပါသည်။ သို့ပါသော် လည်း အမ်းမြို့နယ် စခမ်းမော် ကျေးရွာအုပ်စု ဥက္ကဌ ဦးအောင်ဝင်းမှ တောင်သူများအား တစ်အိမ်တက်၊ တစ်အိမ်ဆင်း ပြီး တောင်သူများ ရရှိ ထားသော လျော်ကြေးငွေများမှ မိမိအား ပေးဆောင်ရမည်ဟု အတင်း အဓမ္မ လာရောက် ကောက်ခံပါသည်။ တောင်သူများမှ မပေးနိုင်ဟု ပြောပါသော်လည်း ကျန်ရှိ နေသော (၅၀) ရာခိုင်နှုန်း အား မလို ချင် တော့ဘူးလား ဟု ခြိမ်းခြောက် သောကြောင့် တောင်သူများမှာ ၄င်း တောင်းခံသော ငွေကြေးအား ကြောက်အားလန့်အား ဖြင့် ပေးလိုက်ရပါသည်။ တောင်သူ(၂၂) ဦးမှာရရှိသော ငွေပမာဏမှ (၁၆) သိန်းနှင့် (၇၀၀၀၀) ကျပ် ဖြစ်ပါသည်။

၎င်းအပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးဆောက်လုပ်ရန် အတွက် ဆိုပြီး တစ်အိမ်လျင် (၃၀၀၀) ကျပ် နှုန်းနှင့် ကို မထည့် မနေရ ထည့်ရမည်ဆိုပြီး ကောက်ခံ နေပါ သည်။ စခမ်းမော် ကျေးရွာအုပ်စုတွင် အိမ်ခြေပေါင်း (၃၅၀) ခန့်ရှိပါသည်။ တစ်အိမ်လျင် (၃၀၀၀) ကျပ်နုန်းနှင့် ဆိုလျင် အိမ်ခြေ(၃၅၀) အတွက် ငွေကြေးပမာဏမှာ (၁၀)သိန်း ၊ (၅၀၀၀၀) ကျပ်တိတိ ရရှိမည်ဖြစ်ပါသည်။

၎င်းအဖြစ်အပျက်အား မြို့နယ်အုပ်ချုပ်ရေးမှူး ၊ပြည်နယ် ၀န်ကြီးချုပ်နှင့်တကွ ပြည်ထောင်စုမြန်မာ နိုင်ငံတော် သမ္မတဦးသိန်းစိန် အပါအ၀င် ဌါနဆိုင်ရာ တာဝန်ရှိသူများ သိရှိနိုင်ရန် တိုင်ကြား အပ်ပါသည်။

ကျေးရွာသားများ

...............
နိရဉ္စရာ

အကျင့်ပျက် ခြစားနေသော ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပညာရေးမှူးနှင့် ပညာရေး ၀န်ထမ်းများ အကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သိပါစေ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ချောင်းနွယ်ကျေးရွာရှိ ပညာရေးအခြေအနေမှာ အလွန်ပင်စိတ်ဆင်းရဲ စရာအကြောင်းများ ဖြစ်ပေါ်နေပါသဖြင့် အများပြည်သူများ သိစေရန်နှင့် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါတယ် ဆိုသော သမ္မတ ဦးသိန်းစိန် အစိုးရ သိရှိစေရန် တင်ပြလိုက်ရပါသည်။

ရခိုင်ပြည်နယ် ပေါက်တော့မြို့နယ် ချောင်းနွယ်ကျေးရွာမှာ အိမ်ခြေပေါင်း ငါးရာကျော်နီးပါး ရှိသော် လည်း အခုအချိန်ထိ အလယ်တန်းကျောင်း မရှိသေးပါ။ ရွာရှိ ကလေးငယ်များမှာ အလယ်တန်း အဆင့်ကို ကောင်းမွန်စွာ သင်ကြားခြင်းမပြုရသည့်အပြင် ခေတ်အဆက်ဆက် အစိုးရ အထက်ထက် လက်ထက်တွင် အလယ်တန်းကျောင်းကို ရပ်မိရပ်ဖ များက လျှောက်ထားခဲ့သော်လည်း ယနေ့အချိန်ထိ အလယ်တန်း ကျောင်းကို ချပေးခြင်း မရှိသေးပါ ။

ယခုကဲ့သို့ အခြေအနေတွင် အခုအခါ အလယ်တန်း အဆင့်သာမက မှုလတန်းအဆင့်ကို သင်ကြားနေသော ကျောင်းဆရာ ဆရာမ များမှာ ကျောင်းကိုခြိတ်ပိတ်ပြီး စာလာမသင်သည်မှာ ၅ လ နီးပါး ရှိနေပါသည်။ အဲဒီ အကြောင်းကို မြို့နယ် ပညရေးမှူး ပြည်နယ်ပညာရေးမှူး နှင့် ဌာနဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြ လျှောက်ထားခဲ့သော်လည်း ယခုအချိန်ထိ ၄င်းကျောင်းဆရာ ဆရာများမှာလာရောက်စာ သင်ကြားမရှိခဲ့ပါ။

လွန်ခဲ့သည့် ၉ လပိုင်း ၁၈ ရက်နေ့ကတည်းကနေ .. ယခု အချိန်အထိ ဆရာ ဆရာများဖြစ်သော ... (၁) စိန်စိန်ဌေး (ပေါက်တောမြို့သူ) ၊ (၂) ဖြူဖြူထွေး (၃) ခင်ခင်ကျော် (၄) ဥမ္မာဝင်း (၅) ခင်မောင်သန်း ဆိုသော ကျောင်းဆရာ ဆရာမများသည် ယနေ့ထိတိုင် စာမသင်ကြားသည်မှာ ငါးလနီးပါးရှိနေပါသည်။ ကျောင်းတက်အရွယ် စာမသင်ရသော ကလေးငယ်များအတွက် အင်မတန်မှ စိတ်မကောင်းဖြစ်မိပါသည်။

၎င်း ချောင်းနွယ်ကျေးရွာသည် .. လူဦးရေ ၄ ထောင်နီးပါးရှိပြီး .. ပေါက်တောမြို့နယ် ကျေးရွာများ ထဲမှာ .. ဒုတိယ အကြီးဆုံး ကျေးရွာ တစ်ရွာဖြစ်ပါသည်။ ရခိုင်ပြည်နယ်၏ ပညာရေးစနစ်သည် .. အုပ်ချုပ်သူ လူတန်းစားများက လူမျိုးရေးအရ နှိမ်တဲ့ကြားထဲက မြို့နယ် အုပ်ချုပ်သူများနှင့် မြို့နယ်ပညာရေးမှုးများသည်လည်း တာဝန်ကျ ဆရာ/ ဆရာမ များထံမှ လာဘ်ထိုးသော ငွေကိုယူပြီး ဆရာ ဆရာမများ စာသွားမသင်ပဲ သူတို့ စီးပွားရေး သူတို့ လုပ်နေသည်ကို နားလည်မူ ပေးပြီး နေနေကြပါသည်။

ယခုအခါ ၄င်းကျေးရွာသူရွာသားများက လက်မှတ်ထိုးပြီး ပြည်နယ်ပညာရေးမှုနှင့် အခြေခံ ပညာ ဦးစီးဌာနစသော တိုင်းနှင့် ပြည်နယ် ပညာရေး တာဝန် အဆင့် ရှိသူများထိ စာတင်ထားသော်လည်း အကြောင်းတစ်စုံတစ်ရာ မထူးပဲ ယနေ့ထိတိုင်အောင် ကလေးငယ်များအား စာလာသင်ကြားမရှိသေးပါ ။

ဒါတွေကို အထက်အာဏာပိုင်တွေ က မသိတာလား။ တမင်သက်သက် ဒီလိုအကျင့်ပျက် ခြစားနေတဲ့ ပညာရေးဝန်ထမ်းတွေကို အားပေး အားမြှောက်ပြုပြီး ရခိုင်ပြည်နယ် ပညာရေးကို ဖျက်ဆီးနေတာလား မေးလိုက်ပါရစေ။ ဒီလို တိုင်းပြည်ဝန်ထမ်းများက လုပ်နေရင် သူတို့ကို ... အားကိုးပြီးတော့ ဘယ်လို ဘယ်နည်းနဲ့ ဒီပညာရေးစနစ်နဲ့ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းကို မြှင့်တင်သွားမှာပါလဲ။ အုပ်ချုပ်သူတွေရဲ့ လုပ်ရပ်ကြောင့် မြန်မာပြည်ထဲက ရခိုင်ပြည်နယ်ပညာရေးကို ရင်လေးမိပါသည်။

ဒါတွေလား .. Clean Government, Good Governance ဆိုတာ .. လားလို့ ဦးသိန်းစိန် သမ္မတကြီးကို မေးလိုက်ရပါရေစေ။

ချောင်းနွယ်ရွာသား

ကျောင်းသားဟောင်းတစ်ယောက် ...


..................
နိရဉ္စရာ

အရပ်သား အစိုးရလက်ထက်တွင်လည်း ရေတပ်က ရခိုင်လူထုကို အနိုင်ကျင့်

ဦးသိန်းစိန် ဦးဆောင်သော အရပ်သား အစိုးရ တက်လာသည်မှာ တနှစ် နီးပါး ရှိလာပြီ ဖြစ်သော်လည်း စစ်အစိုးရ လက်ထက်ကလို ဗမာ ရေတပ်က ရခိုင်လူထု အပေါ် အနိုင်ကျင့်နေဆဲ ဖြစ်ကြောင်း ကျောက်ဖြူ ဒေသခံများက ပြောသည်။

Burma-navy
" ဟုတ်ကဲ့။ အခုလည်း သူတို့က လူထုကို နှိပ်စက်နေတုန်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က လူတွေ၊ အထူးသဖြင့် ကျောက်ဖြူမြို့နယ်က လူတွေ ဘယ်သူ့ကို အားကိုးရမှန်း မသိ ဖြစ်နေကြပါပြီ။ တိုင်တန်းရင်လည်း ဘယ်သူ့မှ အရေးယူ ဆောင်ရွက်ပေးတာ မရှိဘူး။ အခု ကျွန်တော်တို့ ဘယ်သူ့ကို အဖေ ခေါ်ရမှန်း မသိ ဖြစ်နေပါပြီ" ဟု ဒေသခံ စက်လှေပိုင်ရှင် တစ်ဦးကပြောသည်။

ကျောက်ဖြူ အခြေစိုက် ဓည၀တီ ရေတပ် ဌာနချုပ်မှ စစ်သင်္ဘောများသည် ကျောက်ဖြူ အရှေ့ဘက် (၁၀)မိုင်ခန့် အကွာတွင် တည်ရှိသော အုန်းဂျွိန် ဆိပ်ကမ်းတွင် စခန်းချထားပြီး လာသမျှသော စက် လှေများကို နိုင်ထက် စီးနှင်း ပြုလုပ်နေသည်ဟု သူက ဆက်ပြောသည်။

" ကျောက်ဖြူ ဓည၀တီရေတပ်စခန်းကပါ။ ကျောက်ဖြူမြို့နယ်အပိုင် အုန်းဂျွိန်ဆိုတဲ့ ဆိပ်ရှိပါတယ်။ အဲဒီဆိပ်က နေပြီးတော့ မြို့ချောင်းကျွန်း၊ မဇရိုင်းကျွန်းမှာရှိတဲ့ ရွာပေါင်း ၆၀ လောက်က လာတဲ့ စက်လှေတွေကို အတင်း တန့်ခိုင်းပြီး လိုတဲ့ မြို့က ပစ္စည်းတွေကို ၀ယ်ခိုင်းပါတယ်။ မြို့က ပြန်လာရရင် စက်လှေပိုင်ရှင်တွေကို အရက်၊ ဘီယာ၊ ဆေးလိပ်၊ သကြားနဲ့ နို့ဆီတွေကို ၀ယ်ယူ လာရမယ်ဆိုပြီး အတင်း ခိုင်းပါတယ်။ မ၀ယ်လာရင် စက်လှေကို အချိန်ကြာကြီးရပ်ထားပြီး တချို့ စက်လှေသမားတွေကို နေပူလှန်းပြီး ရိုက်ပုတ်တာတွေ ပြုလုပ်နေပါတယ်။ အခုလို လုပ်နေတာကြောင့် တော်တော်ကို ဒုက္ခနဲ့ ကြုံတွေ့နေရပါတယ်။"

ယခုကဲ့သို့ ဗမာရေတပ်မှ ပြုလုပ်နေသဖြင့် ခရီးသွားပြည်သူများ ဒုက္ခ ရောက်နေကြရပုံကိုလည်း သူက ယခုကဲ့သို့ ဆက်ပြောသည်။

" ဒေသခံ စက်လှေတွေက လုပ်စားမရဖြစ်နေပါတယ်။ အုန်းဂျွိန်ဆိုတဲ့ နေရာကို မ၀င်လို့ မရပါ။ သူတို့က သူတို့ မကြိုက်တဲ့ စက်လှေ ပိုင်ရှင်တွေ ဆိုရင် အချိန်အကြာကြီး ရပ်ခိုင်ထားပါတယ်။ ဟိုတလောက ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွှင် စီးလာတဲ့ စက်လှေကိုတောင် ဒီလို လုပ်တဲ့ အတွက် ဦးကျော်လွှင်က ဒီကိစ္စကို ပြည်နယ် အစိုးရထိ တိုင်တယ်လို့ ကြားရပါတယ်။ ပစ္စည်းတောင်းတယ်။ ပိုက်ဆံတောင်းတယ်။ လူတွေ တော်တော့ကို ဒုက္ခရောက်နေကြရပါတယ်။ သူဆီကို မ၀င်လို့ရှိရင် သူတို့က ဟွန်ဒါစက်လှေနဲ့ လိုက်ပြီးတော့ စက်လှေပိုင်ရှင်တွေကို ရိုက်တာတွေရှိပါတယ်" ဟု ပြောသည်။

၎င်းပြင် နောင်တော် အနီးရှိ အစိုင်းကြီး ရွာနားတွင် တပ်စွဲထားသော အမြောက် တပ်မှလည်း အနီးအနားမှ သွားလာသော စက်လှေများ၊ ခရီးသည်တင် မော်တော်ဘုတ် များအား အမြောက်တပ်ပိုင် ဟွန်ဒါစက် လှေများနှင့် လိုက်လံပြီး အတင်းအဓမ္မ ငွေကောက်ခံနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် အခြေစိုက်ထားသော ရေတပ်သင်္ဘောနှင့် အမြောက်တပ်များက ပြည်သူများကို အနိုင်ကျင့် နေကြသည်မှာ ယခင် စစ်အစိုးရ လက်ထက်ကပင် ဖြစ်ပြီး ယခု ဦးသိန်းစိန်အစိုးရ လက်ထက်တွင် အခြေအနေ ပိုမိုးဆိုးရွား လာသည်ဟု သိရသည်။

ယခုကဲ့သို့ ရေတပ်နှင့် အမြောက်တပ်ရင်းများ၏ အနိုင်ကျင့်ခံနေရသော ရခိုင်ပြည်သူများ၏ ဘ၀မှာ ဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် တစုံတရာ ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်း ဖြစ်နေသည်ဟု စုံစမ်းသိရှိရသည်။

...............
နိရဉ္စရာ

ဘင်္ဂလား- မြန်မာ နယ်စပ်တွင် လက်နက်များ ဖမ်းမိ

မောင်အေး
----------
ဘင်္ဂလား မြန်မာနယ်စပ် ဘင်ဒရာဘင် (ရွာတော်)ခရိုင် နတ်ကျောက်ဆိုးရီးမြို့နယ်အတွင်း တောတွင်း တနေရာမှ လက်နက်ကိုင် စခန်းတခုကို ဘင်္ဂလာနယ်ခြားစောင့်တပ်မှ ၀င်ရောက်စီးနင်းစဉ် လက်နက် တချို့အပါအ၀င် တခြား ပစ္စည်းများ ဖမ်းမိကြောင်း ယနေ့ထုတ် The Daily jugantor က ရေးသား ဖေါ်ပြသည်။
images
ဖမ်းဆီးမိသည့် ပစ္စည်းများမှာ AK-47 ၃လက်အပါအ၀င် လက်နက် ၇ လက်၊ ကျီဆန် ၂၇ တောင့်၊ လမ်းလျှောက်စကားပြောစက်ငယ် ၂ လုံး၊ TV ၂လုံး၊ ဘင်္ဂလာထုတ် ဆေးဝါးတချို့၊ မြေပုံ ၂ ခုအပါအ၀င် တခြားပစ္စည်းများပါဝင်ကြောင်း သတင်းစာ တွင် ဖော်ပြသည်။

လက်နက်များ ဖမ်းဆီးရမိသည့် ဒေသတ၀ိုက်တွင် RSO ခေါ် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့နှင့် RNO ခေါ် ရိုဟင်ဂျာအမျိုးသား အဖွဲ့တို့ အခြေစိုက် လှုပ်ရှားနေသည့် နေရာ ဖြစ်ကြောင်းလည်း အဆိုပါ သတင်း စာတွင် ရေးသားသည်။

အဆိုပါ လက်နက်များကို ယမန်နေ့က ပြုလုပ်သည့် နတ်ကျောက်ဆိုးရီးအခြေစိုက် အမှတ် ၄၅ ဘင်္ဂလာ နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင် ၂၀ ဦးပါဝင်သည့် အဖွဲ့တဖွဲ့မှ ၅ နာရီကြာ စစ်ဆင်ရေးတခုတွင် ဖမ်းမိခြင်း ဖြစ်သည်။

"RSO က မြိုတောင်အနားမှာ ရှိတယ်လို့ ကြားတယ်။ နယ်စပ်မှာ ကျွန်တော်တို့နဲ့ကဝေးတယ်။ လင်ချာကိုင်း သက်ရွာနားက ဒင်းဂါးရားချောင်းမှာလည်း သူတို့ ရှိတယ်လို့ကြာတယ်။ ဒီဘက်မှာလည်း မနေ့က မကောက်ရွာတို့ ဒါးပိုင်ခါလီရွာတွေမှာလည်း ဘီဒီအာရ် ရောက်တယ်။ အခုတော့ ပြန်သွားပါပြီး။"ဟု ဘိုင်ချားရီ ဒါလာရွာမှ သက်အမျိုး သားတဦးက ပြောသည်။

ယခု ပြုလုပ်သည့် စစ်ဆင်ရေးကို နတ်ကျောက်ဆိုးရီ အခြေစိုက် နယ်ခြားစောင့်တပ်မှ အရာရှိ ကာမ်ရူလ် ဟာဆန်းမှ ဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

................
နိရဉ္စရာ

ဆရာကြီး ဒေါက်တာ အေးကျော် အောက်မေ့ဖွယ် အခမ်းအနားနှင့် ရက်လည် ဆွမ်းသွပ်ပွဲများ ပြည်တွင်း ပြည်ပတွင် ပြုလုပ်

ဇန္န၀ါရီလ ၁၉ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကွယ်လွန် အနိစ္စ ရောက်သွားခဲ့သော ရခိုင် သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာ အေးကျော်၏ အောက်မေ့ဖွယ် အခမ်းအနားနှင့် ရက်လည် ဆွမ်းသွပ်ပွဲများကို ပြည်တွင်း ပြည်ပ နေရာ တချို့တွင် ကျင်းပ ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားများကို ထိုင်း၊ ဘင်္ဂလာဒေခ်ျ့၊ ရန်ကုန်နှင့် စစ်တွေမြို့တို့တွင် ပြုလုပ်ခဲ့ကြသည်။

ဆရာကြီး၏ ရက်လည် ဆွမ်းသွပ်ပွဲနှင့် အလှူဒါန ပြုလုပ်သည့် အခမ်းအနားကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဇန္န၀ါရီလ ၂၅ ရက်နေ့က ရန်ကုန်မြို့ ဓည၀တီ ကျောင်းတိုက်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ နိုင်ငံရေး အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ် အများအပြား တက်ရောက်ခဲ့ကြပြီး ထိုအထဲတွင် အဖွဲ့ချုပ်မှ ဦးတင်ဦး၊ ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးနှင့် ရန်ကုန်တိုင်း ရခိုင်ရေးရာ ၀န်ကြီး ဦးဇော်အေးမောင် တို့ ပါဝင်ကြောင်း သိရသည်။


Sara-gyi-honor-Yangon
ရန်ကုန်တွင် ပြုလုပ်နေစဉ်
ဦးအေးသာအောင်က ဆရာကြီး ဒေါက်တာ အေးကျော် ကွယ်လွန်သွားမူ အပေါ် သူ့အမြင်ကို နိရဉ္စရာသို့ ယခုလို ပြောသည်။

" အဓိကတော့ ဆရာကြီး ဒေါက်တာ အေးကျော်ဟာ သမိုင်း ပညာာရှင် တစ်ယောက်ဖြစ်တယ်။ စာအုပ် အတော်များများကို ရေးသား ပြုစု ခဲ့တဲ့ ပုဂ္ဂိုလ် လည်း ဖြစ်တယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားများ အပါအ၀င် တိုင်းပြည် အတွက် အကျိုးပြုတဲ့ ပုဂ္ဂိုလ် တစ်ဦးလည်း ဖြစ်တယ်။ အထူးသဖြင့် ရခိုင် လူမျိုးတို့ရဲ့ အမျိုးသားရေးနဲ့ တကွ ဒီမိုကရေစီ အရေးနဲ့ လူ့အခွင့်အရေးကိုလည်း ကျရာ ကဏ္ဍကနေပြီး ရောက်တဲ့ နေရာမှာ အကျိုးဆောင်ခဲ့တဲ့ ပုဂ္ဂိုလ် တစ်ဦးလည်း ဖြစ်တယ်။ ဒေါက်တာ အေးကျော်ဟာ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် နာယက တစ်ဦး ဖြစ်တဲ့ အတွက် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အတွက် ဆုံးရှုံးမူ ဖြစ်သလို ရခိုင်အမျိုးသားတွေ အတွက်လည်း အလွန်ကြီးမားတဲ့ ဆုံးရှုံး နစ်နာမူ ဖြစ်ပါတယ်။ ထို့အတူ အခုလို သမိုင်း ပညာရှင်ကြီး တစ်ဦး ဆုံးရှုံးသွားတဲ့ အတွက် မြန်မာနိုင်ငံအတွက်လည်း ကြီးမားတဲ့ နစ်နာ ဆုံးရှုံးမူလို့ ခံယူပါတယ်" ဟု ပြောသည်။

ဆရာကြီး ဒေါက်တာ အေးကျော် အောက်မေ့ဖွယ် အခမ်းအနားကို ထိုင်းနိုင်ငံတွင် ဖူးကတ် မြို့တွင် လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းမှ ဇန္န၀ါရီလ ၂၇ ရက်နေ့က ကြီးမှူးကျင်းခဲ့သည်။ ကျင်းပရခြင်း ရည်ရွယ်ချက်ကို အဖွဲ့ဥက္ကဌ ကိုစိုးမြင့် ယခုကဲ့သို့ ပြောသည်။

Sara-gyi-honor-Thailand
ထိုင်းနိုင်ငံ ဖူးကတ်တွင် ကျင်းပနေစဉ်
" ဆရာကြီး၏ မြင့်မြတ်တဲ့ အမျိုးသားရေး စိတ်ဓါတ်၊ ပညာအရည်အချင်းတွေကို လေးစားတဲ့ အနေနဲ့ ဆရာကြီးကို ကောင်းရာ သုဂတိသို့ ရောက်နိုင်ရေး အတွက် ဆုတောင်း အမျှပေးဝေရတာ ဖြစ်ပါတယ်။ ဆရာကြီး ခုလို ရုတ်တရက် သေဆုံး ကွယ်လွန်သွားတာ ဟာ ရခိုင်အမျိုးသားတွေ အတွက်သာမက မြန်မာနိုင်ငံ အတွက် ဆုံးရှုံးမူကြီး တစ်ရပ်ဖြစ်တယ်လို့ ကျွန်တော် လေးဝတီ အသင်းသူ အသင်းသားတွေက ခံယူပါတယ်။ ဆရာကြီးဟာ အဖိုးမဖြတ်နိုင်တဲ့ သမိုင်း ပညာရှင် တစ်ဦး ဖြစ်တဲ့ အတွက် အထူးသဖြင့် ရခိုင်အမျိုးသားတွေ အတွက် ညာလက်ရုံး တခု ပြုတ်သွားသလို အစားထိုးမရတဲ့ ဆုံးရှုံးမူကြီး တစ်ရပ် ဖြစ်တာကြောင့် အခုလို ဆရာကြီးအတွက် ဆုတောင်း အမျှပေးဝေကို ပြုလုပ်ရတာ ဖြစ်ပါတယ်" ဟု ပြောသည်။

ဆရာကြီး ဒေါက်တာ အေးကျော် အောက်မေ့ဝမ်းနည်းဖွယ် အခမ်းအနားတစ်ခုကို ဘင်္ဂလာဒေခ်ျ့နိုင်ငံ ကော့စ်ဘဇား (ဖလောင်းချိတ်) ခရိုင် နွားရုပ်တောင် ကျေးရွာတွင် လည်း ရခိုင်အမျိုးသမီး အစည်းအရုံးက ပြုလုပ်ခဲ့သည်။ အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်ကို RWU ဥက္ကဌ စောမြရာဇာလင်းက နိရဉ္စရာသို့ ယခုလိုပြောသည်။


Sara-gyi-honor-RWU
RWU က ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ကျင်းပနေစဉ်
"ဆရာကြီးအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ရခြင်း ဦးတည်ချက်က နံပါတ်(၁) ရခိုင် သမိုင်း ပညာရှင်ကြီး ဒေါက်တာအေးကျော်လို အမျိုးသားရေးကို ဆောင်ရွက်သူ ပညာရှင်တွေ ရှားပါးတဲ့ အတွက် ရခိုင်ပြည်နဲ့ ရခိုင်ပြည်သူများအပေါ် သူ့ရဲ့ တာဝန်ကျေပွန်မှုများကို ရခိုင်တမျိုး သားလုံး ကျယ်ပြန့်စွာ သိစေလိုတယ်။ အဲဒါက ပထမအချက် ဖြစ်ပါတယ်။ နံပတ် (၂) အချက်ကတော့ ဆရာကြီးဟာ ပညာကို အထူးကြိုးစား သင်ယူခဲ့ပြီး ထူးချွန်တဲ့ ဘွဲ့တွေ ရခဲ့တယ်။ ဒါကိုနောင်လာ နောင်သားတွေ အားကျ အတုယူကြိုးစားစေလိုတယ်။ (၃)ရခိုင်ပြည်နဲ့ ရခိုင်လူမျိုး အ တွက် မျက်စိကွယ်နေတဲ့ကြားက မနားမနေ ကြိုးစားခဲ့တဲ့ ဆရာကြီးရဲ့ ဇွဲလုံ့လ သန္နိဌာန်တွေကို ရခိုင်တမျိုးသား လုံးက အတုယူကြိုးစားစေလိုတယ်။(၄) ဒါ့အပြင် မိမိကိုယ်၌က ဆရာကြီးကို ခင်မင်လေးစား တန်ဖိုးထားတယ်။ မိမိတို့ အပေါ်မှာလည်း အတိုင်းအတာ တခုထိ အသိအမှတ်ပြုတဲ့ ကျေးဇူးတွေကို ဖေါ်ထုတ်လိုတယ်။ တတ်နိုင်တဲ့ နည်းနဲ့  ကျေးဇူးဆပ်တာလည်း မည်စေလိုတယ် စတဲ့ဦးတည်ချက်တွေကြောင့် ဒီအခမ်းအနားကို ပြုလုပ်ရခြင်း ဖြစ်ပါတယ် " ဟုပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ဂြိတ်ဖက် ကျောင်းတွင်လည်း ဇန္န၀ါရီလ ၂၆ ရက်နေ့က ဆရာကြီး အေးကျော် အောက်မေ့ ဆုတောင်းပွဲ အခမ်းအနား တစ်ရပ်ကို ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ဆရာကြီးနှင့် လုပ်ဖေါ်ကိုင်ဘက်များ ဖြစ်ကြသည့် ၁၉၈၈ စစ်တွေ သပိတ်ကော်မီတီ ဥက္ကဌ ဆရာ အေးကျော်၊ ဆရာ မောင်ဗသိန်း၊ ဦးအောင်ကျော်ဇံ၊ ဦးမောင်စစ်ဟန်၊ ဦးကျော်မောင်၊ ဦးစိုးမောင်နှင့် ဦးဝေစိန်အောင် စသည့် ပုဂ္ဂိုလ်များ တတ်ရောက်ခဲ့ကြသည်။ ရခိုင်ညွှန့်ဖူး ဦးမောင်မောင်စောမှ ဆရာကြီး အောက်မေ့ဖွယ် အခမ်းအနားကျင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို နိရဉ္စရာသို့ ယခုလို ပြောသည်။

Sara-gyi-honor-Sittwe
စစ်တွေ ဂြိတ်ဖက်ကျောင်းတွင် ပြုလုပ်နေစဉ်
" ဆရာကြီး အခမ်းအနားကို လုပ်ရတဲ့ ရည်ရွယ်ချက်တော့ ရခိုင် ပညာရှင် ပညာတတ်ကြီးတွေထဲမှာ ဆရာကြီးဟာလည်း ကြီးကျယ် မြင့်မြတ်တဲ့ ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပါတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးကို ကျွန်တော်တို့ အမှတ်တရ အဖြစ်နဲ့ အပြည်ပြည် အနယ်နယ် အရပ်ရပ်မှာ လုပ်ရတဲ့ ရည်ရွယ်ချက်က ဆရာကြီးလို ပညာတတ်တဲ့ ရခိုင်သူ ရခိုင်သားတွေဟာ ကိုယ့်ပြည် ကိုယ့်လူမျိုး အတွက် တစိုက်စိုက် မတ်မတ် စွန်းစွန်း တမံ လုပ်ကြစေလိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။ ခုလို အမျိုးသားရေးကို ရှေ့ရှု့တဲ့ လူပုဂ္ဂိုလ်တွေကို ပြည်သူလူထုက ပြန်ပြီး ဂုဏ်ပြုတတ်တယ်ဆိုတဲ့ အမြင်ကို မြင်စေလိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်" ဟု ပြောသည်။

ဆရာကြီး အောက်မေ့ဖွယ် အခမ်းအနားတွင် စာသင်ဖက် တရားရုံးချုပ် ရှေ့နေ ဦးကျော်သန်းမှ နိဂုံးချုပ် အမှာ စကားပြောကြားသွားခဲ့ကြောင်း သိရသည်။

ဆရာကြီး ဒေါက်တာ ဦးအေးကျော် အသုဘအား ယခုလ (ဇန္န၀ါရီလ ၂၁) ရက်နေ့က အမေရိကန်နိုင်ငံတွင် ပြုလုပ်ခဲ့ပြီး ဆရာကြီး ကွယ်လွန်ချိန်တွင် အသက် (၇၇) နှစ် ရှိပြီ ဖြစ်ကြောင်း သိရသည်။


ဒေါက်တာအေးကျော် အထုပတ္တိ အကျဉ်း

ဒေါက်တာအေးကျော်သည် ရခိုင်လူမျိုး သမိုင်း ပညာရှင်တဦးဖြစ်သည်။ ဒေါက်တာအေးကျော်ကို ၁၉၃၉ ခုနှစ် က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲချောင်း ရွာမ ရွာသစ် တွင် မွေးဖွားခဲ့သည်။

ဆည်းပူးရရှိခဲ့သော ပညာရပ်ဆိုင်ရာ ဘွဲ့များ

1. B.A (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊
2. B.A (Honors) Oriental History ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊
3. M.A (History of Asia) ရန်ကုန် တက္ကသိုလ် (၁၉၆၄) ၊
4. B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) ၊
5. PhD (History of Southeast Asia) Monash University. Australia. 1979 စသည့် ဘွဲ့များကို ရရှိခဲ့သည်။

လုပ်ကိုင်ခဲ့သော တာဝန်များ

1. ကထိက (သမိုင်းဌာန) ရန်ကုန်တက္ကသိုလ်(၁၉၆၂-၁၉၈၀) ။
2. တွဲဖက် ပါမောက္ခ (သမိုင်းဌာန) ဖယတ် တက္ကသိုလ်၊ ချင်းမိုင်၊ ထိုင်းနိုင်ငံ (၁၉၈၂-၈၄) ။
3. ကထိက (ခေတ်သစ် ဘာသာဗေဒနှင့် သဒ္ဒဗေဒ ဌာန) ကော်နဲ တက္ကသိုလ်၊ နယူးယောက်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၈၄- ၈၉)။
4. ဘာသာပြန် ကျွမ်းကျင်သူ ( သက္ကတစာပေ ဌာန) ဟားဗတ် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၁-၀၂) ။
5. တွဲဖက် ပါမောက္ခ (သက်ကြီးများအတွက် စဉ်ဆက်မပြတ် ပညာသင်ကြားရေး အစီအစဉ်) နယူးယောက် တက္ကသိုလ်၊ အမေရိကန်ပြည်ထောင်စု၊ (၁၉၉၃- ၉၅) ။
6. တွဲဖက်ပါမောက္ခ (အာရှသုတေသန ဌာန) နယူးယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု (၁၉၉၆- ၉၉)၊
7. လွတ်လပ်သော အာရှအသံ (R.F.A) မြန်မာပိုင်း အစီအစဉ်တွင် အကြံပေး အယ်ဒီတာ (၃နှစ်ခန့်)အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ယခုအခါ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် အငြိမ်းစားယူ၍ မြန်မာ့အရေးဆိုင်ရာများကို ဆောင်ရွက် နေထိုင်လျက်ရှိသည်။

ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များ

1. ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၆၈)
2. မြန်မာနိုင်ငံ အမျိုးသားပညာရေးသမိုင်း (၁၉၇၀) စာအုပ်ဖြင့်
3. ၁၉၇၁ခုနှစ်အတွက် အမျိုး သားစာပေဆုကို ဆွတ်ခူးခဲ့သည်။
4. ရခိုင်လူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၇၃)
5. On the Birth of Modern Family Law in Burma and Thailand. Singapore (1990)
6. The Voice of young. Cornell University, March 1990
7. Code and Custom in Burma and Thailand. Scotland. 1993

(ဆရာကြီး၏ အထုပတ္တိ အကျဉ်းကို Arakan Forward မှ ကူးယူ ဖေါ်ပြသည်။)

................
နိရဉ္စရာ

ရန်ကုန်တွင် ကျင်းပသည့် ရခိုင်ရိုးရာ "ကျင်" ပွဲ အထူးစည်ကား

မင်းဆက်ခိုင်
------------
ရန်ကုန်မြို့တွင် ကျင်းပနေသော ရခိုင်ရိုးရာ "ကျင်" ပွဲနှင့် ရခိုင်ရိုးရာ အစားအစာရောင်းချပွဲတော်မှာ အထူး စည်ကားနေကြောင်း ပွဲထဲတွင်ရောက်ရှိနေသူ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

Rakhine-kyon
"လာရောက်တဲ့ ပရိတ်သတ်တွေက ခန်းမတခုလုံးနီးပါးပြည့်နေပါတယ်။ မနေ့ကတော့ အစိုးရ ရုံးဖွင့်ရက် ဖြစ်တဲ့အတွက် ပထမတော့ လာရောက်သူတွေကနည်းပါတယ်။ ညနေပိုင်းကျတော့ လူနည်းနည်း တိုးလာပါတယ်။ အခုတော့ အပြည့်ပါပဲ။ တော်တော်စည်ပါတယ်။" ဟု သူကပြောသည်။

ယခုကျင်းပပြုလုပ်နေသည့် ပွဲတော်အား ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မှ စီစဉ်ပြီး ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး ကျင်းပနေခြင်း ဖြစ်သည်။

ရခိုင်ရိုးရာ "ကျင်" ပွဲနှင့် ရခိုင်ရိုးရားအစားအစာရောင်းချပွဲ ကျင်းပရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ဦးဇော် အေးမောင်က ယခုလို နိရဉ္စရာသို့ ပြောသည်။

"အဓိက ရည်ရွယ်ချက်ကတော့ ကျနော်တို့ရခိုင်လူမျိုးတွေမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်ချီ ကတည်းကနေ ရိုးရာ အားကစားဖြစ်တဲ့ "ကျင်" ကစားနည်းဟာ အခုဆိုရင် တိမ်မြုပ် ပျောက်ကွယ်လုနီးပါး ဖြစ်နေပါတယ်။ ကျနော်တို့ ငယ်ငယ်တုန်းကဆိုရင် "ကျင်" မကစားတတ်တဲ့သူကို ယောက်ျားလို့တောင် မသတ်မှတ်ဘူး။ အဲလိုရှိခဲ့ပါတယ်။ ညနေဆိုရင် ရေမချိုးခင် ကျနော်တို့ အမြဲတမ်း "ကျင်" ကစားပါတယ်။ "ကျင်" ကစားခြင်းအားဖြင့် ခန္ဓာကိုယ် ကိုယ်ကာယကို တောင့်တင်းစေတယ်။ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ အဲဒီခေတ်တုန်းက ရခိုင် လူငယ်တွေဟာ "ကျင်" ကစားကြတယ်။ ခန္ဓာကိုယ် ထွားထွားကျိုင်းကျိုင်းရှိခဲ့တယ်။ ဆေးလိပ် မသောက်၊ အရက်မသောက်ကြဘူး။ အခုနောက်ပိုင်းကြတော့ ဒီရိုးရာ "ကျင်" စကားနည်းဟာ ပျောက်ကွယ် လုနီပါးဖြစ်လာပါတယ်။ ရခိုင်သူ/ ရခိုင်သားတွေကလည်း အားကစားဘက်မှာ အားနည်း လာပါတယ်။ ဒါကြောင့် ဒီ"ကျင်" ကစားနည်းကို ပြန်လည်ဖော်ထုတ်တဲ့အနေနဲ့ ကျင်းပရခြင်းဖြစ်ပါတယ်။"

Rakhine-kyon
ကျင်ပွဲတွင် ရခိုင်ကျင်သန်များအပါအ၀င် တိုင်းရင်သား ကျင်သန် ၂၆၀ ခန့် ၀င်ရောက် ယှဉ်ပြိုင် ကစားနေပြီး ရခိုင်ရိုးရာ ကျင်ပွဲ ကျင်းပခြင်းကြောင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများကိုလည်း ဦးဇော်အေးမောင်က ယခုကဲ့သို့ ပြောသည်။

"အကျိုးကျေးဇူးတွေ အများကြီးရလာပါတယ် အခုလို ရန်ကုန်မှာ ရခိုင်ရိုးရာ "ကျင်" ပွဲ ကျင်းပတဲ့ အတွက်။ ရခိုင်လူငယ်တွေလည်း အများကြီးလာရောက် အားပေးကြပါတယ်။ ရခိုင်ပြည်က "ကျင်သန်" တွေလည်း လာရောက် ပါဝင် ဆင်နွဲကြပါတယ်။ ရန်ကုန်မှာ ရှိတဲ့ "ကျင်သန်" တွေလည်း ဝင်ပြိုင်ကြပါတယ်။ မစားဖူးတဲ့ သူတွေဆိုလို့ရှိရင်လည်း ဒီကစားနည်းက စိတ်ဝင်စားစရာ ကောင်းပါလား၊ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ် ဆိုပြီး ပြောကြပါတယ်။ အခုဆိုရင် ရန်ကုန်မှာ "ကျင်" ကလပ်တွေ ထောင်မယ်လို့ စီစဉ်နေသူတွေတောင် ရှိနေပါပြီ။ ပြီးတော့ ဒီပွဲမှာက ရခိုင်လူမျိုးတခုတည်းမဟုတ်ပါ။ တခြား ကချင်၊ ကယား၊ ကရင်၊ ရှမ်း၊ ဗမာ၊ မွန် စတဲ့ တိုင်းရင်းသားတွေကလည်း ပါဝင် ဆင်နွဲ ယဉ်ပြိုင်ကြပါတယ်။ တခြားလူမျိုးတွေထဲမှာတော့ ဂျိုဒိုသမား တွေ၊ လက်ဝှေ့သမားတွေပါ ပါတယ်။ ဒီတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကိုလည်း ပိုပြီး ခိုင်မြဲ စေသလို ရခိုင်ရိုးရာ "ကျင်" ကစားနည်းကို လူတွေ ပိုပြီး သိလာကြတယ်။ စိတ်ဝင်စားလာ ကြပါတယ်" ဟု ဦးဇော်အေးမောင်က ပြောသည်။

ယခု ကျင်းပသည့် ကျင်ပွဲတော်မှာ တတိယအကြိမ်မြောက်ဖြစ်ပြီး ပွဲကို ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဆရာဝန်များ အသင်းတိုက်ရှေ့ သိမ်ဖြူလက်ဝှေ့ကွင်းတွင် ဇန်နဝါရီလ ၂၇ရက်နေ့မှ ၂၉ရက်ထိ ၃ရက်တိုင်တိုင် နံနက် ၉နာရီမှ ညနေ ၅နာရီထိ ကျင်းပခြင်းဖြစ်သည်။

Rakhine-kyon
ယခုနှစ်တွင် ပွဲတော်ကျင်းပရသည်မှာ ယခင်နှစ်များထက် ပိုပြီး အဆင်ပြေလာကြောင်းကိုလည်း ဦးဇော်အေးမောင်က ရှင်းပြသည်။

"အခုဆိုရင် ရန်ကုန်မှာ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနဆိုတာ ရှိလာတဲ့အတွက်ကြောင့် အရင်နှစ်တွေထက် အဆင်ပြေပါတယ်။ အခုပွဲကျင်းပတဲ့ လက်ဝှေ့ရုံက တော်တော်ကို အဆင်ပြေပါတယ်။ ထိုင်ခုံတွေကလည်း ကောင်းပါတယ်။ ပြီးတော့ လေအေးပေးစက်တွေ တတ်ဆင်ထားတာကြောင့် လာရောက်သူတွေအတွက် ပိုအဆင်ပြေပါတယ်။ လျှပ်စစ်မီးကလည်း အချိန်ပြည့်ပေးထားပါတယ်။ LCD တွေလည်း တတ်ဆင် ပေးထားပါတယ်။ ဒါတွေအားလုံးကို အားကစားဝန်ကြီးဌာနက ကျနော်တို့ကို ပံ့ပိုးပေးထားပါတယ်။ ၂၀၀၃ ခုနှစ်က ပထမအကြိမ် တိုင်းရင်းသားကျေးရွာမှာ လုပ်ခဲ့တဲ့အခါ မြက်ခင်းမြေပေါ်မှာ ကျင်းပခဲ့ရပါတယ်။ နောက် ၂၀၀၄ခုနှစ်က အောင်ဆန်းအားကစားကွင်းမှာ လုပ်ခဲ့တုန်းကလည်း ဂျိုဒို မြက်ဖျာခင်းပြီးတော့ ပြိုင်ခဲ့ရပါတယ်။ ခုတော့ အရင်နှစ်တွေထက် အဆင့်မြင်တယ်လို့ ပြောလို့ရပါတယ်" ဟု ပြောသည်။

အဆိုပါ "ကျင်" ပြိုင်ပွဲတွင် ရွှေမောင်းတန်း ပထမဆု ကျပ်ငွေ ၁၅သိန်း၊ ငွေမောင်းတန်း ဒုတိယဆု ကျပ်ငွေ ၁၀သိန်းကို မနက်ဖြန် နောက်ဆုံးနေ့တွင် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


..................
နိရဉ္စရာ

ရခိုင်တော်လှန်ရေးသမား သက်ကြီးရွယ်အိုများအား ဂုဏ်ပြုပူဇော်ပွဲကို ARG က နိုင်ငံသုံးခုတွင် တပြိုင်တည်းပြုလုပ်မည်

၂၀၁၂-ခုနှစ် ဧပြီလ သင်္ကြန်အပြီး ရခိုင်နှစ်ဆန်းတစ်ရက်နေ့၌ ရခိုင်တော်လှန်ရေးသမား သက်ကြီးရွယ်အိုများအား ဂုဏ်ပြုပူဇော်ပွဲများကို ရခိုင်မျိုးစောင့်အုပ်စုက ဘင်္ဂလားဒေ့ခ်ျ၊ ထိုင်းနှင့် အိန္ဒိယ သုံးနိုင်ငံတွင် တပြိုင်တည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Arakan-Rakkhita-Group-ARG
" အသက်၊ ဘ၀တို့ကို ပေးဆပ်ကာ ရခိုင်အမျိုးသားရေးအတွက် ဘ၀တလျှောက်လုံး စွမ်းစွမ်းတမံ လုပ်ဆောင်လာပြီး ယခုအခါ အိုမင်းမစွမ်းဖြစ်နေကြသော ရခိုင်တော်လှန်ရေးသမား သက်ကြီးရွယ်အိုများကို အထောက်အပံ့ပြုလုပ်လို၍၄င်း၊ သူတို့၏ ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်လာခဲ့မှုကို ရခိုင်ပြည်သူများက ကျေးဇူးတင်အသိအမှတ်ပြုခြင်းအား-ထိုပုဂ္ဂိုလ်များသိဟိပြီး-ပီတိအကျိုးကို ခံစားစေလိုခြင်းကြောင်း၎င်း-ယခုကဲ့သို့-အခမ်းအနားများ ပြုလုပ်ရခြင်းဖြစ်ကြောင်း" နယ်သာလန် နိုင်ငံတွင် နေထိုင်သူ ARG အဖွဲ့ဝင် ဦးချစ်မောင်က ပြောသည်။

အဆိုပါ အခမ်းအနား၌- မကျန်းမမာဖြစ်နေသော တော်လှန်ရေးသမား တချို့ကို၎င်း၊ တော်လှန်ရေးတွင် ထိခိုက်ဒဏ်ရာရပြီး မသန်မစွမ်းဘ၀ ရောက်နေသူတချို့ကို၎င်း၊ ဘာသာခြားများ၏ ဖျက်ဆီးခြင်းခံရသော ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း သုံးကျောင်းနှင့် ဘာသာခြားများက မိသားစုလိုက် သတ်ဖြတ်၍ ကျန်ရစ်သူ တစ်ဦးကို၎င်း၊ အထောက်အပံ့များ ချီးမြှင့်သွားမည် ဖြစ်ကြောင်းလည်း ဦးချစ်မောင်ကပြောသည်။

မူလက ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင်ရှိနေသော တော်လှန်ရေးသမား သက်ကြီးရွယ်အိုများကိုသာ ပူဇော်ပွဲကျင်းပသွားရန် ရည်ရွယ်ခဲ့သော်လည်း-ယခုဇန္န၀ါရီလ-ARG - နိုင်ငံတကာအစည်းအဝေးတွင် သုံးနိုင်ငံ၌ တပြိုင်တည်းပြုလုပ်ရန် ဆုံးဖြတ်လိုက်ကြောင်း ဂျပန်နိုင်ငံမှ ARG - အဖွဲ့ဝင် ဦးလှရွှေကပြောသည်။

" ကျွန်တော် အစပိုင်းကတော့ ဘင်္ဂလာဒေခ်ျ့ တစ်နိုင်ငံတည်းမှာဘဲ လုပ်ဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမယ့်လည်း ထိုင်း၊ အိန္ဒိယ စတဲ့နိုင်ငံတွေမှာလည်း သက်ကြီးရွယ်အို တော်လှန်ရေးသမားတွေ ရှိနေတဲ့ အတွက် သူတို့ကိုလည်း ဂုဏ်ပြု ပူဇော်ထိုက်တယ်ဆိုပြီး အခုလို နိုင်ငံ သုံးနိုင်ငံမှာ ကျင်းပ ပြုလုပ်ဖို့ စီစဉ်လိုက်ရတာ ဖြစ်ပါတယ်" ဟုပြောသည်။

ARG - ခေါ် "ရခိုင်မျိုးစောင့်အုပ်စု" (ARAKAN RAKKHITA GROUP) မှာ တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်း မဟုတ်သော်လည်း ရခိုင်အမျိုးသားရေး ဘက်စုံတိုးတက်ရေးအတွက်- နိုင်ငံတကာတွင် ရောက်ရှိနေသော ရခိုင်အမျိုးသားများ ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။

.................
နိရဉ္စရာ

Friday, 27 January 2012

ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းပြီ

အိန္ဒိယ- မြန်မာနယ်စပ်တွင် အခြေစိုက်သော ရခိုင်ပြည် လွှတ်မြောက်ရေးပါတီကို ဦးသိန်းစိန် အစိုးရမှ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းလိုက်ပြီ ဖြစ်သည်။
ALA-soldiers
ပါတီ ပြောရေးဆိုခွင့်ရှိသူ တွဲဘက် အထွေထွေ အတွင်းရေး (၂) ခိုင်သုခက ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းမူ အပေါ် နိရဉ္စရာသို့ ယခုလို အတည်ပြု ပြောကြားသည်။

" ဟုတ်ပါတယ်။ သူတို့က ဒီလ ၂၃ ရက်နေ့က စာရေးပြီး ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ ဒုဥက္ကဌ ဦးသိန်းဇော်က စာရေးပြီး ကမ်းလှမ်းတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီ ဥက္ကဌကြီးဆီကို လိပ်မူတပ်ပြီး အကြောင်း ကြားလာတာ ဖြစ်ပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ကမ်းလှမ်းမူ အပေါ် ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီအနေနှင့် ကြိုဆိုကြောင်း ပြောကြားသည်။

" အခုလို ကမ်းလှမ်းလာမူ အပေါ်မှာ ကျွန်တော်တို့ဘက်ကတော့ ကြိုဆိုပါတယ်။ များမကြာမှီ ကျွန်တော်တို့ဘက်ကလည်း အဲဒီကမ်းလှမ်းလာမူ အပေါ်မှာ တုန့်ပြန်သွားမှာ ဖြစ်ပါတယ်"ဟု ပြောသည်။

အဆိုပါ ငြိမ်းချမ်းရေး ကမ်းလှမ်းသည့်စာအား ထိုင်း-မြန်မာနယ်စပ် တွင် အခြေစိုက်သော ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်မှ တဆင့် ကမ်းလှမ်းလာခြင်း ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ငြိမ်းချမ်ရေး ဆွေးနွေးရန် ကမ်းလှမ်းလာမူ အပေါ် သဘောထား အမြင်ကို မေးကြည့်ရာ သူက ယခုလို ဆက်ပြောသည်။

ALA-soldiers
" အခု လောလောဆယ်တော့ ဘယ်လို ဖြစ်လာမယ်ဆိုတာ ပြောလို့ မရသေးဘူး။ ဆွေးနွေးတဲ့ အခါမှ သိရမှာပါ။ ကျွန်တော်တို့ဘက်က သဘောထား၊ သူတို့ဘက်က သဘောထားတွေကို သိပြီးမှ ဘယ်လို ရှေ့ဆက် ဆောင်ရွက်မယ်ဆိုတာ ပြောနိုင်မှာပါ။ အခုလောလောဆယ်တော့ ပြောဖို့ခက်ပါတယ်" ဟု သူက ပြောသည်။

ရခိုင်ပြည် လွှတ်မြောက်ရေးပါတီ၏လက်အောက်တွင် ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော် ရှိပြီး ရခိုင်ပြည်သူများ အကျိုးစီးပွားအတွက် လက်နက်ကိုင်တော်လှန်ရေးဖြင့် ဗမာ အစိုးရအအား ဆယ်စုနှစ်နှင့် ချီပြီး ဆင်နွဲနေသော ပါတီ တရပ်ဖြစ်သည်။

ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီနှင့် ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်ကို ၁၉၇၃-၇၄ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး ကော်မူးရာတွင် ဗိုလ်ခိုင်မိုးလင်းက ဦးဆောင်ပြီး တည်ထောင်ခဲ့သည်။ ပါတီ ဥက္ကဌ ခိုင်မိုးလင်းသည် ကရင်ပြည်နယ်မှ ၁၉၇၆ တွင် ကရင်နီ၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်များကို ဖြတ်ပြီး ရဲဘော် ၁၂၀ နှင့် အတူ ရခိုင်သို့ ချီတက်စဉ် ၁၉၇၇ ခုနှစ် ဧပြီနှင့် မေလတွင် ဗမာစစ်တပ်နှင့် တိုက်ပွဲပေါင်း ရာကျော်ဖြစ်ပွားခဲ့ပြီး နောက်ဆုံးတွင် တိုက်ပွဲမှ မလွှတ်မြောက်နိုင်သဖြင့် ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် ပါလာသော ပစ္စတိုဖြင့် မိမိကိုယ်ကို မိမိ လုပ်ကြံကာ သူရဲကောင်းပီသစွာ အသက်ပေးဆပ် သွားခဲ့သည်။

......................
နိရဉ္စရာ

မြေပုံ ပြည်သူ့ လွှတ်တော် အမတ် အချက် (၁၀)ချက် ပြည်သူ့လွှတ်တော်၌ တင်မည်

ဇန္န၀ါရီလ ၂၆ ရက်နေ့က စတင်ခဲ့သော ပြည်သူ့လွှတ်တော်တွင် ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော်အမတ် ဦးဖေသန်းသည် မြေပုံမြို့နယ်အတွက် လိုအပ်ချက် (၁၀) ချက်ကို တင်ပြသွားမည် ဖြစ်ကြောင်း နိရဉ္စရာသို့ ထုတ်ဖေါ် ပြောကြားသည်။
Myanmar's-Parliament-NAYPYITAW
" မနေ့က လွတ်တော်မှာ မေးခွန်းမေးတဲ့ ကဏ္ဍမှာ လွှတ်တော် ကိုယ်စားလှယ် အသီးသီးက တင်ပြကြပါတယ်။ ၁၂ ယောက်ခန့်က တင်ပြတာပါ။ အဲဒီ တင်ပြချက်တွေ၊ မေးခွန်းတွေက အများအားဖြင့် ဒေသဖွံ့ဖြိုးရေးဖြစ်တဲ့ ရထားလမ်း၊ ကားလမ်း၊ တံတားရရှိရေးတွေကို မေးမြန်း ထားတာတွေဖြစ်ပါတယ်။ ကျွန်တော်တို့ ရခိုင်က မေးမြန်း တင်ပြတာတွေ မရှိသေးဘူး။ ကျွန်တော်ကတော့ အဓိက ကိုယ့်ဒေသနဲ့ ဆိုင်တဲ့ အချက် (၁၀)ချက်ကို တင်ပြဖို့ရှိပါတယ်" ဟု ပြောသည်။

အဓိက တင်ပြဖို့ အချက် ၁၀ ချက်က ဘာတွေပါလဲဟု မေးမြန်းရာ သူက ယခုလို ရှင်းပြသည်။

" အဓိက မြေပုံမြို့နယ် ငမန်းရဲကျွန်းမှာ အစိုးရ တာတမံမှာ ဖြစ်ပျက်နေတဲ့ အခြေ အနေတွေနဲ့ ပတ်သတ်ပြီး ပြည်သူ့လွှတ်တော်မှာ ကျွန်တော်တင်ပြမယ်။ ငမန်းရဲကျွန်း ဆည်ဟာ မနှစ်က ဆည်ပြီး ဒီနှစ်မှာ ပြန်ပေါက်နေတယ်။ ပုဇွန် လုပ်ငန်းရှင်တွေနဲ့ လယ်သမားတွေ အကြားမှာ ပြဿနာတွေ ကြီးကြီးကျယ်ကျယ် ဖြစ်နေတယ်။ အဲဒါတွေကို ကွဲကွဲပြားပြား ရှိစေဖို့ အဲဒီ ငမန်းရဲကျွန်းတာတမံ အားနည်းချက်တွေကို သုံးသပ်ပြီး ဘယ်လိုလုပ်သင့်တယ်ဆိုတာကို လွှတ်တော်ဥက္ကဌကို အကြံပေး တင်ပြမှာ ဖြစ်ပါတယ်"

" နောက်တခုက ငါးခူး ချောင်းရွာနဲ့ ကြက်ရိုးချောင်းရွာတွေမှာ စစ်တပ်က လယ်တွေကို မတရား သိမ်းထားတာတွေကို လွှတ်တော် ဥက္ကဌဆီ စာရွက် စာတမ်း အထောက်အထားတွေနဲ့ တင်ပြပြီး မေးခွန်းမေးဖို့ တင်ပြ ထားပါတယ်။ နောက်တခုက ကျွန်တော်တို့ မြေပုံ မြို့ပတ် လမ်းအတွက် ကျွန်တော် တင်ပြ ထားပါတယ်။ နောက်တခုက ဒေါင်းသောက်ကွင်းက မြေတွေကို လယ်သမားတွေ ဆီက လုပ်ငန်းရှင် တစ်ဦး သိမ်းထားတာကိုလည်း တင်ပြထားပါတယ်။"

" နောက် ကျွန်တော်တို့ ငမန်းရဲကျွန်းမှာ ဆိုရင် နှစ်တိုင်း မုန်တိုင်းနဲ့ ရေကြီးတဲ့ ဒဏ်ကို ခံနေရတယ်။ မုန်တိုင်းလာရင် လူတွေ ခိုလုံဖို့ မုန်တိုင်း အကာအကွယ် (ဆိုင်ကလုန်စင်တာ) အဆောက်အဦးတွေ လိုအပ်နေတယ်။ ဒါတွေကို ဆောက်လုပ်ပေးဖို့ တင်ပြတောင်းဆိုမယ်။"

" နောက်တခုက မဟိတ် တံတားကို ထိုးပေးဖို့ဟာကိုလည်း ကျွန်တော် လွှတ်တော်ကို တင်ပြ ထားပါတယ်။ အဲဒါတွေ မေးခွန်းအဖြစ်နဲ့ မေးခွင့်ပြုဖို့ လွှတ်တော်မှာ တင်ပြထားတာ ဖြစ်ပါတယ်။ ခွင့်ပြုချက် ပေးမလား မပေးဘူးလားတော့ မသိရသေးဘူး။ မေးခွန်း အဖြစ် မေးခွင့် မကျလာရင်လည်း လွှတ်တော် ဥက္ကဌက သူ့နည်းသူ့ဟန်နဲ့ ဆောက်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်" ဟု ဦးဖေသန်းက ပြောသည်။

မြေပုံမြို့နယ်တွင် စစ်တပ်က သိမ်းထားသော လယ်မြေများနှင့် ပတ်သက်ပြီး ဆက်လက် မေးမြန်းရာ ဦးဖေသန်းက ယခုလို ဆက်ရှင်းပြသည်။

" အခု ကျွန်တော်တို့မြို့နယ်မှာ ကျွန်တော့်ကို တင်ပြထားတာက အတွင်း ငါးခူချောင်းမှာ ဦးအောင်စိန်သာ အပါအ၀င် လယ်သမား ၂၃ ဦးဆီက အနောက်ပိုင်းတိုင်း (နပခ) ကသိမ်းထားတဲ့ သူတို့လယ်တွေကို ပြန်ရအောင် ကျွန်တော့်ကို တင်ပြထားပါတယ်။ သိမ်းထားတာ နှစ်ပေါင်းများစွာ ရှိနေပြီး အခုချိန်ထိ ပြန်မပေးသေးဘူး။ ကျွန်တော့် အနေနဲ့ ဆက်သွယ်တဲ့အခါလည်း ဘာမှ အကြောင်း ပြန်ကြားချက် မရှိဘူး။ ဒါကြောင့် နပခက နှစ်စဉ်ငှားစားနေတဲ့ ကွင်းတွေကို မူလပိုင်ရှင် လယ်သမားတွေကို ရအောင် ကျွန်တော်က တင်ပြတာပါ။ နောက်တခုက ကြက်ရှည်ကြီးရွာက ဦးငယ်မောင်ချေပါ ၁၁ ဦးပိုင် သူတို့လယ်မြေတွေကိုလည်း စစ်တပ်က သိမ်းထားပါတယ်။ ခလရ ၃၇၅-၃၇၄ အဲဒီလို ခလရတွေက အားလုံးကို ယူပြီး ကိုယ့်ဟာနဲ့ကိုယ် ၀ိုင်းပြီး အမဲဖျက်သလို ဖျက်ထားကြတယ်လို့ ကျွန်တော်က လွှတ်တော်ဥက္ကဌကို တင်ပြထားပါတယ်။ ဒီစနစ် ဒီခေတ်ထဲမှာ ဒီလိုလုပ်ထားတာတွေဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ အတွက် ဒီလုပ်ရပ်တွေကို အမြန်ဆုံး ရပ်တန့်ပြီးတော့ လယ်သမားတွေ လက်ထဲကို သူတို့ပိုင်ဆိုင်တဲ့ လယ်တွေကို အမြန်ဆုံးရရှိအောင် လုပ်ပေးပါဆိုပြီး ကျွန်တော် ပြည်သူ့လွှတ်တော် ဥက္ကဌ လက်ထဲကို တင်ပြထားပါတယ်" ဟု ပြောသည်။

.......................
နိရဉ္စရာ

Thursday, 26 January 2012

ပိုက်လိုင်းကြောင့် လယ်မြေဆုံးရှုံးသူ လယ်သမား ၄၉ ဦး လျော်ကြေး အပြည့်မရ၍ စာရေးတိုင်ကြား

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ လယ်သမား ၄၉ ဦးသည် ဂတ်စ်နှင့်ရေနံပိုက်လိုင်းကြောင့် ဆုံးရှုံးသွားသော သူတို့ လယ်မြေများအတွက် လျော်ကြေးငွေ တ၀က်ကိုသာ ရရှိပြီး ကျန် တ၀က်ကို (၅) လကျော်ကြာလာသည့်တိုင် မရရှိသဖြင့် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများကို စာရေး တိုင်ကြားလိုက်သည်ဟု သတင်း ရရှိသည်။
Arakan-Shwe-Gas-Pipeline
" တိုင်ကြားတဲ့ လယ်သမား ၄၉ ဦးက သဖန်းခါး၊ သပြုတောင်၊ ပျားဒေး၊ ကြတ္တိန်၊ ရွှေမော်စတဲ့ ကျေးရွာတွေက ဖြစ်ပါတယ်။ သူတို့က စာရေးပြီး မြို့နယ် အုပ်ချုပ်ရေးမှူးဆီကို တိုင်ကြားပါတယ်။ မိတ္တူကိုတော့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ ပြည်နယ် လွှတ်တော် ဥက္ကဌ၊ ပြည်နယ် အုပ်ချုပ်ရေးမှူးတို့ကို ပေးပို့ပါတယ်။ နိုင်ငံရေးပါတီ တစ်ခု ဖြစ်တဲ့ ရတပပါတီကိုလည်း မိတ္တူပေးပါတယ်" ဟု လယ်သမား တစ်ဦးက ပြောသည်။

ပိုက်လိုင်းကြောင့် လယ်မြေ ဆုံးရှုံးသူများကို လျော်ကြေးငွေ ထုတ်ပေးနေသော အဖွဲ့သည် လွန်ခဲ့သော သီတင်းကျွတ် လဆန်း ၁၄ ရက်နေ့က လျော်ကြေးငွေ ပထမ အသုတ်အား ထုတ်ပေးခဲ့ပြီး ကျန်ငွေများကို ၁၅ ရက်အတွင်း ထုတ်ပေးမည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။

" သူတို့က ကြတ်တိန်ကျေးရွာ အုပ်စုကိုရောက်တဲ့ အခါ ငွေတ၀က်ကို ပထမ အသုတ်အနေနဲ့ ထုတ်ပေးပြီး ဒုတိယ အသုတ်ကို နောက်ထပ် ၁၅ ရက်အတွင်း ထုတ်ပေးမယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒါပေမယ့် ၅ လ နီးပါး ရောက်လာပေမယ့် ငွေတ၀က်ကို မထုတ်ပေးသေးဘူး။ ဒါကြောင့် သက်ဆိုင်ရာကို စာရေးတိုင်ကြားရတာ ဖြစ်ပါတယ်"ဟု သူက ဆက်ပြောသည်။

မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ ရေးသားပေးပို့သော တိုင်ကြားစာတွင် ပါဝင်သော အကြောင်းအရာများကိုလည်း သူက ယခုလို ဖတ်ပြသည်။

စာထဲမှာ ရေးထားတဲ့ အကြောင်းအရာက ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်းဖြတ်သွားတဲ့ လယ်မြေများ အတွက် မပေးသေးတဲ့ လျော်ကြေးငွေများကို ရရှိနိုင်ရေးအတွက် အကူအညီတောင်းခံခြင်း ဆိုပြီးတော့ ပါပါတယ်။ စာကို ဖတ်ပြရရင်...............

၁။ ကျွန်တော်တို့ ကျောက်ဖြူမြို့နယ်။ ကြတ်တိန်ကျေးရွာအုပ်စု ကြတ်တိန်ကျေးရွာနေ တောင်သူလယ်သမား များ ဖြစ်ကြသည်။

၂။ ကျွန်တော်တို့ လုပ်ကိုင်စားသောက်နေကြသော လယ်မြေများမှာ ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်း ဖြတ်သွား ရာ လမ်းကြောင်းတွင် ပါဝင်သည့်အတွက် လယ်မြေများ ဆုံးရှုံးသွားပါသည်။

၃။ ဆုံးရှုံးသွားသော လယ်မြေများအတွက် သက်ဆိုင်ရာများက လယ်မြေပိုင်ရှင်များအတွက် လျော်ကြေးငွေကို ၁၃၇၃ ခု သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့က တ၀က်မျှသာ ထုတ်ပေးပြီး ကျန်ငွေများကို မရရှိသေးပါ။ ကျန်ရှိ သော ငွေများအား ၁၅ ရက်အတွင်း လာရောက်ပေးမည်ဟု နှုတ်ကတိဖြင့် ပြောဆိုခဲ့သော်လည်း ယနေ့ထက် တိုင် လာရောက်ပေးဆောင်ခြင်း မရှိသေးပါ။

၎။ တောင်သူလယ်သမားများမှာ လယ်ယာမြေများ မြောက်များစွာဆုံးရှုံးခဲ့ရသဖြင့် လယ်မဲ့ယာမဲ့ လယ်သမားများ မြောက်များစွာ ပေါ်ပေါက်ခဲ့ရပါသည်။ စပါး မှည့်နေသည့် အချိန်တွင် မြေထိုး စက်ကြီများဖြင့် ဖြို၍ ယူသွား သည်အတွက် သီးနှံများ အကြီးအကျယ် ဆုံးရှုံးခဲ့ရပါသည်။

၅။ သို့ဖြစ်ပါ၍ တောင်သူလယ်သမားများ ရရှိရန်ငွေများကို ထုတ်ပေးပါရန်နှင့် သက်ဆိုင်ရာ လျော်ကြေး ကုမ္ပဏီနှင့် ညှိနှိင်း ဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည် ဆိုပြီးတော့ ပါပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးကို လိပ်မူတပ်ထားပါတယ်။

မိတ္တူကို ၀န်ကြီးချုပ် ရခိုင်ပြည်နယ် အစိုးရ၊ လွတ်တော်ဥက္ကဌ ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်၊ ပြည်နယ်အုပ် ချုပ်ရေးမှူး ဦးစီးဌာန၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဌာန၊ အမှတ် ၁ ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဆိုပြီးတော့ ပေးပို့ပါတယ်ဟု အဆိုပါ လယ်သမားက ပြောသည်။


......................
နိရဉ္စရာ

Tuesday, 24 January 2012

ကူးတို့လှေနစ်၍ အလယ်တန်း ကျောင်းသား ၅ ဦးရေနစ် သေဆုံး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ကူးတို့လှေ တစ်စီး နစ်သွားသဖြင့် ကျောင်းသား ကျောင်းသူ ၅ ဦး ရေနစ် သေဆုံးသွားကြောင်း သတင်း ရရှိသည်။

Rakhine-School
ရခိုင်မှ အစိုးရ စာသင်ကျောင်း
သေဆုံးသွားသော ကျောင်းသားများ ဘူးသီးတောင်မြို့နယ် နွားရုံတောင် ကျေးရွာမှ ဖြစ်ကြသည်။

" လှေနစ်တာက လွန်ခဲ့တဲ့ သောကြာနေ့ နံနက်မှာ နစ်သွားတာ ဖြစ်ပါတယ်။ စေတီတောင်ရွာကို ကျောင်းတက်ဖို့ အသွား လှေနဲ့ ချောင်းကို ဖြတ်အကူးမှာ လှေဗိုက်ပေါက်သွားပြီး နစ်ရာကနေ ကျောင်းသား ၅ ဦးသေဆုံးသွားတာ ဖြစ်ပါတယ်" ဟု ဒေသခံ ရွာသား တစ်ဦးက ပြောသည်။

သေဆုံးသူ ကျောင်းသားများမှာ ကိုဇော်ဇော်ဦး (၇ တန်း)၊ မဖြူဖြူခင် (၇တန်း)၊ မအေးစံ (၆ တန်း)၊ မသန်းသန်းနု (၇ တန်း)နှင့် အင်္ဂလိပ်မ (၈ တန်း) တို့ ဖြစ်ကြသည်။

" ကျွန်တော်တို့ရွာက အိမ်ခြေ ၃၀၀ နီးပါး ရှိပါတယ်။ ဒါပေမယ့် အလယ်တန်းကျောင်း မရှိတဲ့ အတွက် မူလတန်းအောင်ရင် ရွာက ၂ နာရီခန့် သွားရတဲ့ စေတီတောင် တွဲဘက် အထက်တန်းကျောင်းကို သွားတက်ရပါတယ်။ စေတီတောင်ကို သွားရင် ချောင်းတစ်ချောင်းကို လှေနဲ့ ဖြတ်ကူးရပါတယ်။ အဲသလို ချောင်းကူးရာမှာ လှေနစ်ပြီး ခလေးတွေ ဆုံးသွားရတာ ဖြစ်ပါတယ်" ဟု သူက ဆက် ရှင်းပြသည်။

လှေနစ်စဉ် လှေပေါ်တွင် စေတီတောင်ကျေးရွာသို့ ကျောင်းတက်သွားသူ ကျောင်းသား ၁၈ ဦး ပါရှိ ကျန်ကျောင်းသားများကို အနီးအနားရှိ လှေများက ကယ်ဆယ်ခဲ့သဖြင့် အသက်ဘေးမှ လွှတ်မြောက်ခဲ့ရကြောင်း သူက ပြောသည်။

နွားရုံတောင် ကျေးရွာမှာ ဘူးသီးတောင်မြို့နယ် တောင်ဘက်ပိုင်းတွင် တည်ရှိပြီး ရွာကြီး တစ်ရွာ ဖြစ်သော်လည်း အစိုးရမှ အလယ်တန်းကျောင်းကို ယခုထက်တိုင် ချမပေးသေးသဖြင့် မူလတန်းအောင် ကျောင်းသားများမှာ စေတီတောင် တွဲဘက် အထက်တန်းကျောင်းသို့ နေ့ချင်းပြန် သွားရောက် ပညာသင်ကြားနေကြရကြောင်း သိရသည်။

....................
နိရဉ္စရာ

သီမင်းထက် ဆွဲတင်ကပ်အတွက် ငွေ ၂၀၀၀ စီအတင်းကောက်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းတွင် တာဝန်ကျခဲ့သော နစက အမှတ် (၁) နယ်မြေမှူး ဗိုလ်မှူး သီမင်းထက်သည် သူတာဝန်မှ တခြားနေရာသို့ မပြောင်းမှီ တရက်အလိုတွင် အောင်သပြေရွာသားများ အား အတင်း ဆွဲတင်ကပ် ရိုက်ခိုင်းပြီး မိသားစု တစ်ခုစီမှ ငွေ ၂၀၀၀ ကျပ်စီ ကောက်ယူသွားခဲ့သည်ဟု ရွာသားများက ပြောသည်။

" ဆွဲတင်ကပ် " ဆိုသည်မှာ မောင်တောမြို့နယ်အတွင်း နေထိုင်သူများကို နှစ်စဉ် တစ်ဦးချင်း ဓါတ်ပုံရိုက်ပြီး သက်ဆိုင်ရာ နစက တပ်ဖွဲ့မှ မှတ်တမ်းတင်ထားခြင်းကို ခေါ်ဆိုခြင်း ဖြစ်ကြောင်း သိရသည်။

" သူက ဇန္န၀ါရီလ ၂၀ ရက်နေ့မှာ နယ်မြေ (၁) ကနေ နယ်မြေ (၅) ကိုပြောင်းရပါတယ်။အဲသလို မပြောင်းမှီ တစ်ရက်အလိုမှာ ကျွန်တော်တို့ရွာသားတွေကို ဆွဲတင်ကပ် လုပ်ရမယ်ဆိုပြီး အတင်းခေါ်ပြီး ဓါတ်ပုံရိုက်ပါတယ်။ ပီးရင် အိမ်တစ်အိမ်က ၂၀၀၀ ကျပ်စီကောက်ပါတယ်။ နောက်တစ်နေ့မှာ နယ်မြေ (၅) ငခူရကို အဲဒီ ဗိုလ်မှူး ပြောင်းသွားပါတယ်" ဟု ဒေသခံ တစ်ဦးက ပြောသည်။

အောင်သပြေကျေးရွာတွင် ရခိုင်မိသားစုပေါင်း ၁၂၀ ခန့်နေထိုင်ပြီး အဆိုပါ ဆွဲတင်ကပ်ကို အကြောင်းပြပြီး ငွေ ကျပ် ၂၄၀၀၀၀ ခန့်ကို ကောက်ယူသွားကြောင်း သူက ပြောသည်။

" အဲဒီ နယ်မြေမှူး သီမင်းထက်က ကျွန်တော်တို့ရွာသားတွေကို ဇန္န၀ါရီလ ၇ ရက်နေ့က တစ်ကြိမ် ဆွဲတင်ကပ် အတွက် ဓါတ်ပုံတွေရိုက်ဖို့ အထက်တန်းကျောင်းကို ခေါ်ခဲ့ပါတယ်။ အဲဒီတုန်းက မိသားစု တစ်စုကို ကျပ် ၃၀၀၀ ပေးရမယ်ဆိုတဲ့ အတွက် ရွာသားအတော်များများက မပေးနိုင်တဲ့ အတွက် ပြန်လာခဲ့ကြပါတယ်။ မိသားစု ၂၀ လောက်ဘဲ ဓါတ်ပုံ ရိုက်ခဲ့ပါတယ်။ အဲသလိုနဲ့ ဒီလ ၁၉ ရက်နေ့မှာ တစ်ကြိမ် ရွာကလူတွေကို နယ်မြေရုံးကို အတင်းခေါ်ပြီး ဓါတ်ပုံရိုက်ပါတယ်။ မိသားစု တစ်စုဆီက မပေး မနေရ ကျပ် ၂၀၀၀ စီ ကောက်သွားပါတယ်" ဟု သူက ဆက်ပြောသည်။

နစက နယ်မြေမှူး သီမင်းထက် တောင်းသော ငွေ ၂၀၀၀ ကို မပေးနိုင်၍ ဓါတ်ပုံရိုက်ရန် ငြင်းဆန်သူ ရွာသားများကို လ၀က ဦးစီးမှူးကို ကိုယ်တိုင်ရွာထဲသို့ ၀င်ရောက် ခေါ်ယူခိုင်းပြီး ဓါတ်ပုံရိုက်ရန် ငြင်းဆန်သူများကို ခြိမ်းခြောက်ခြင်း၊ ဆဲဆိုကြိမ်းမောင်းမူများ ပြုလုပ်ခဲ့ကြောင်း ရွာသားများက ပြောသည်။

" အဲဒီ လ၀က မြို့နယ်မှူးဆိုသူက ကျွန်တော်တို့ရွာသားတွေကို အမေပေး၊ နှမပေးဆိုပြီး ကလော်တုတ်ပါတယ်။ ဓါတ်ပုံ ရိုက်ပြီး ဆွဲတင်ကပ် မလုပ်ရင် မှတ်ပုံတင်တွေကို သိမ်းမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ဒါကြောင့် ရွာသားတိုင်း နယ်မြေမှူးရုံးကို သွားပြီး ဓါတ်ပုံ အရိုက်ခံကြရပြီး ငွေ ၂၀၀၀ ကိုလည်း ရိုက်ပြီးတာနဲ့ ပေးရပါတယ်" ဟု တခြား ကျေးရွာသား တစ်ဦးကလည်း ပြောသည်။

ယခု ဆွဲတင်ကပ် အတွက် ဓါတ်ပုံရိုက်ခ ငွေ ၂၀၀၀ ကျပ်မှာ သူတို့၏ ကိုယ်ကျိုးအတွက် ဖြစ်ပြီး ယခင် နစက နယ်မြေမှူး လက်ထက်တွင် တစ်စုံတစ်ရာ မပေးဆောင်ခဲ့ရကြောင်း ရွာသားများက ပြောသည်။

" မွတ်ဆလင် မိသားစုတွေကတော့ နှစ်စဉ် ပေးရတယ်ထင်ပါတယ်။ ကျွန်တော်တို့ ရွာက ရွာသားတွေ တနှစ်မှ မပေးရဘူး။ ပီးရင် ကျွန်တော်တို့က နိုင်ငံသားကဒ် အစစ်မှန်တွေကို ကိုင်ဆောင် ထားတဲ့ သူတွေ ဖြစ်ပါတယ်။ ဒီနှစ်မှာ အစိုးရသစ်တက်လာတော့ အခြေအနေပိုကောင်းမယ်လို့ ထင်ထားတာ အခုတော့ အရင်က မပေးရတဲ့ ပိုက်ဆံကိုတောင် အတင်း ကောက်နေတော့ လူတွေ ထင်ထားတာနဲ့ လက်တွေ့က တစ်ခြားစီ ဖြစ်နေပါတယ်" ဟု လူငယ် ကျောင်းဆရာ တစ်ဦးက ပြောသည်။

ဆွဲတင်ကပ် အတွက် ဓါတ်ပုံကို မိသားစု အလိုက် နှစ်စဉ် ပြုလုပ်ရပြီး လူများကို ဓါတ်ပုံကို ရိုက်ရန် အတင်း ခုံပေါ်ကို ဆွဲတင်ပြီး ရရှိလာသော ဓါတ်ပုံကို စာရွက်တွင် ကပ်သဖြင့် အဆိုပါ လုပ်ငန်းကို ဒေသခံများက ဆွဲတင်ကပ် ဟု ခေါ်ခြင်း ဖြစ်ကြောင်း သိရသည်။


.............................
နိရဉ္စရာ

ပိုက်လိုင်းတည်ဆောက်နေသော ထိခိုက် ဒဏ်ရာရ အိန္ဒိယ လုပ်သားနှစ်ဦး ဆေးရုံတင်ရ

ကျောက်ဖြူမြို့နယ်တွင် ဂတ်စ်ပိုက်လိုင်း တည်ဆောက်နေသော အိန္ဒိယ လုပ်သား (၂) ဦးမှာ လုပ်ငန်းခွင်တွင် ထိခိုက် ဒဏ်ရာ ရရှိသွားသဖြင့် ဆေးရုံတင်ထားရကြောင်း သတင်း ရရှိသည်။

Shwe-Gas-pipeline
" သူတို့နှစ်ဦးကတော့ တစ်ဦးက BrindarThurkar ဖြစ်ပြီး နောက်တစ်ဦးကတော့ Rijkpoor တို့ ဖြစ်ကြပါတယ်။ Brindar လက်နှစ်ဖက်စလုံး ပြတ်သွားတယ်။ Rijkpoor ကတော့ လက်ဖျားတွေ ပိုင်းပြတ်သွားပါတယ်" ဟု သူတို့နှင့် နီးစပ်သူ လုပ်သား တစ်ဦးက ပြောသည်။

အိန္ဒိယမှ အလုပ်သမားများသည် ကျောက်ဖြူမြို့နယ် မင်းတပ်တောင် အနီးတွင် ပိုက်လုံးများကို တစ်လုံးနှင့် တစ်လုံး ဆက်နေစဉ် သီးခြားစီ ဖြစ်ပွားသော မတော်တဆမူ (၂) ခုတွင် ဒဏ်ရာ ရရှိသွားခြင်း ဖြစ်သည်။

" ဖြစ်တာက လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ဖြစ်တာပါ။ ညနေ ၄ နာရီ ၁၀ မိနစ်မှာ တစ်ဦး ထိခိုက် ဒဏ်ရာရတယ်။ နောက်တစ်ဦးက ညနေ ၅ နာရီကျော်မှာ ဒဏ်ရာရတယ်။ ပိုက်လုံးညှပ်သွားတယ်လို့ ပြောပါတယ်။ Brindar Thurkar က ဒဏ်ရာ ပြင်းထန်တဲ့ အတွက် အတွင်းလူနာ အဖြစ် တင်ထားရပါတယ်" ဟု သူက ဆက်ပြောသည်။

အဆိုပါ အိန္ဒိယမှ အလုပ်သမား နှစ်ဦးမှာ ပိုက်လိုင်းတည်ဆောက်ရေး လုပ်နေသော အိန္ဒိယ ကုမ္ပဏီ Punj Lloyd မှ ဖြစ်ကြောင်း သိရသည်။

သူတို့အား ကုမ္ပဏီမှ လုပ်ငန်းခွင်သုံး ပစ္စည်း ကရိယာများ အပြည့်အစုံ မထုတ်ပေးရာမှ ယခုကဲ့သို့ အဖြစ်မျိုးနှင့် ကြုံရခြင်း ဖြစ်ကြောင်း အိန္ဒိယ အလုပ်သမားများကို ကိုးကားပြီး သူတို့နှင့် နီးစပ်သူ မြန်မာ အလုပ်သမားက ပြောသည်။

...........................
နိရဉ္စရာ

မလေးရှားရောက် ရခိုင်များ၏ ARRC ညီလာခံ အောင်မြင်စွာ ပြီးစီး

မောင်ရမ္မာ
----------
မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော ရခိုင် ဒုက္ခသည်များ အရေးကို ဆောင်ရွက်ပေးရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်း ထားသော ရခိုင် ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မီတီ (ARRC) ၏ ညီလာခံမှာ အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

Arakan-Refugee-Relief-Committee-ARRC
ARRC ၏ အရှည် အခေါ်အဝေါ်မှာ Arakan Refugee Relief Committee ဖြစ်ပြီး ရခိုင်လို ရခိုင် ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မီတီ ဖြစ်သည်။

ညီလာခံကို မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူရှိ WISMABELIA ခန်းမ၌ ယနေ့ ဇန္န၀ါရီလ ၂၃ ရက် နေ့ နံနက် ၁၀ နာရီမှာ စတင်ခဲ့သည်။

ညီလာခံကျင်းပရခြင်းနှင့် ပတ်သက်၍ ယခု ကျင်းပပြုလုပ်သည့် ညီလာခံမှ ရွေးချယ် တင်မြှောက် လိုက်သော ဥက္ကဌသစ် ဦးစိုးထွန်းက နိရဉ္စရာသို့ ပြောသည်။

" အခု ပြုလုပ်ခဲ့တဲ့ ညီလာခံက မလေးရှားရှိ ရခိုင်ဒုက္ခသည်ရုံးများ ပေါင်းစည်းထားတာကို အတည်ပြု ဖို့ ကျင်းပတဲ့ ညီလာခံဖြစ် ပါတယ်။ ရည်ရွယ်ချက်ကတော့ခါ တချိန်က ဒုက္ခသည်ရုံးတွေ မလေးရှားမှာ သုံးရုံး ရှိခဲ့တယ်။ အဲဒီရုံးတွေကို လူ ထုတွေရဲ့ ပေါင်းစည်းချင်တဲ့ ဆန္ဒအရ ရုံးပေါင်းစည်းရေး ကော်မီတီက ရုံးတွေကို ပေါင်းစည်းပြီးတဲ့ နောက်ပိုင်းမှာ ယာယီ ညီလာခံတခုကို ကျင်းပခဲ့ပါတယ်။ အဲဒီ ညီလာခံက လူထုတွေရဲ့ ဆန္ဒအရ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်နိုင်အောင် အခု အတည်ပြု ညီလာခံ ကျင်းပရတာ ဖြစ်ပါတယ်။"

ညီလာခံတွင် အဓိကထား လုပ်ဆောင်မည့် ကိစ္စများနှင့် ပတ်သက်၍ ဦးစိုးထွန်းက ယခုကဲ့သို့ ပြောသည်။

" မလေးရှားနိုင်ငံမှာ ရှိနေကြတဲ့ ရခိုင်ဒုက္ခသည်တွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ဒုက္ခသည်တွေ မျှော်လင့်နေ ကြတဲ့ UN နဲ့ တတိယ နိုင်ငံတခုခုကို ခိုလှုံခွင့်ရရှိအောင် ကျွန်တော်တို့အနေနဲ့ တိုးချဲ့လုပ်ကိုင်ဖို့ ဆုံးဖြတ်ချက် ချထားနိုင်ခဲ့ပါတယ်။"

Arakan-Refugee-Rescue-Committee-ARRC
ARRC မှာ လူမှုအဖွဲ့အစည်းအနေဖြင့် UN အသိအမှတ်ပြုထားသော အဖွဲ့အစည်းတခုဖြစ်သော်လည်း ကိုယ့် လူမျိုးအတွက် နိုင်ငံရေး၊ အမျိုးသားရေး၊ လွတ်မြောက်ရေးကိစ္စရပ်များကိုလည်း ဆက်လက် လုပ်ကိုင်သွားမည် ဟု သူက ပြောသည်။

ညီလာခံတွင် ARRC ဗဟို ကော်မီတီဝင် ၈ ဦးဖြင့် ဖွဲ့စည်းခဲ့ရာ ဥက္ကဌသစ်အဖြစ် ဦးစိုးထွန်း၊ ဒုဥက္ကဌ ဦးမောင်သိန်းနိုင်၊ အတွင်းရေးမှူးအဖြစ် မောင်သန်းဌေးတို့ကို တင်မြှောက်ခဲ့သည်ဟု သိရသည်။

ညီလာခံမှာ အဆိုပါနေ့ ၆ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

အလားတူ မလေးရှားနိုင်ငံတွင် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP (မလေးရှာဌာခွဲ)က ဇန္န၀ါရီလ ၂၁ ရက် နေ့က စတုတ္ထအကြိမ်မြောက် သူတို့၏ ညီလာခံတခုကို ကျင်းပခဲ့ရာ ဥက္ကဌအဖြစ် ခိုင်ဟိန်း၊ ဒု ဥက္ကဌ အဖြစ် ခိုင်စိုးရဲသူ၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ခိုင်ဆန်းမြတ်ကျော်တို့ကို ရွေးချယ် တင်မြှောက် ခဲ့သည်ဟု သတင်းရရှိသည်။


...............................
နိရဉ္စရာ

သောင်းကျန်းလွန်းသော အိန္ဒိယ အလုပ်သမားများ မြို့ပြင်တွင် နေထိုင်ရန် ညွှန်ကြားချက်ထုတ်ခံရ

လူမူရေး မတည်ငြိမ်မူများ ပေါ်ပေါက်မည်ကို စိုးရိမ်သဖြင့် ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းတွင် လာရောက် အလုပ် လုပ်ကိုင်နေကြသော အိန္ဒိယ အလုပ်သမားများအား ကျောက်ဖြူမြို့ထဲမှ ထွက်ခွာပြီး မြို့ပြင် ရောများသို့ ပြောင်းရွေ့နေထိုင်ရန် ခရိုင်တာဝန်ရှိသူများက ညွှန်ကြားချက် ထုတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
A-foreign-project-in-Kyauk-Pru
ကျောက်ဖြူမြို့နယ်မှ နိုင်ငံခြား စီမံကိန်း တစ်ခု
" ခရိုင် အုပ်ချုပ်ရေးမှူး ဦးရန်လင်းအောင် က ဒီလ ၁၉ ရက်နေ့ကို နောက်ဆုံးထားပြီး မြို့ပြင်ကို ပြောင်းရွှေ့ဖို့အတွက် ညွှန်ကြားစာ ထုတ်ပါတယ်။ ဒါကို ကျောက်ဖြူ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေဆီလည်း ပို့ပေးပါတယ်ယ်" ဟု အမည် မဖေါ်လိုသူ ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

၎င်းစာထုတ်ပြီး နောက်ပိုင်းတွင် ကျောက်ဖြူမြို့ ရပ်ကွက်အတွင်းတွင် နိုင်ငံခြားသား အလုပ်သမားများကို ဆက်လက် အိမ်ဌားရမ်းခြင်းကို စိစစ် ဆောင်ရွက်သွားတော့မည် ဖြစ်ကြောင်း သူက ပြောသည်။

" နောက်ဆိုရင် နိုင်ငံခြားသားတွေကို အိမ်ဌားတဲ့ အပေါ် စိစစ် ကန့်သတ်မူတွေ လုပ်သွားပါတော့မယ်။ အခု အိန္ဒိယက လာတဲ့ သူတွေထဲက တချို့ဆိုရင် သိပ်ဆိုးတယ်ဗျာ။ ညကျရင် အရက်တွေ သောက်တယ်။ လျှောက်အော်တယ်။ ပြီးရင် မကောင်းမူ လုပ်စားတဲ့ အိမ်တွေကို သွားတယ်။ သွားရင်လည်း တိုးတိုးတိတ်တိတ် မဟုတ်တော့ ဆူညံပြီး ရပ်ကွက်နေ လူထုတွေကို ထိခိုက်နေပါတယ်" ဟု သူက ပြောသည်။

ယခုကဲ့သို့ မြို့ခံ ကျောက်ဖြူ လူထုကို ထိခိုက်နေသဖြင့် ရပ်ကွက်သားများက အထက်ကို တိုင်းတန်းရာမှ ယခုကဲ့သို့ ခရိုင် ဥက္ကဌ ညွှန်ကြားချက် ထွက်လာခြင်း ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ တာဝန်ရှိသူ ဦးသန္တာမောင်က ပြောသည်။

" အခုလို လုပ်နေရင် နောက်ပိုင်းမှာ မြို့ခံ လူငယ်တွေနဲ့ပါ ပတိပက္ခ ဖြစ်လာနိုင်တယ်။ ရိုက်ပွဲတွေ၊ ဓါးထိုးမူတွေတောင် ဖြစ်လာနိုင်တယ်။ လူတွေက မကျေနပ်မူတွေ တိုးပွားနေတယ်။ သူတို့ကြောင့် အေးအေးဆေးဆေး နေထိုင်နေတဲ့ ကျွန်တော် မြို့ခံ လူထုကိုလည်း အထူး ထိခိုက်နေတယ်။ ဒါကြောင့် မြို့ခံ လူတွေက အထက်ကို တိုင်ကြားတယ်။ ဒါကြောင့် အိန္ဒိယ အလုပ်သမားတွေကို မြို့ထဲကနေ မြို့ပြင်က သူတို့ရဲ့ လုပ်ငန်းခွင်တွေမှာ နေထိုင်ဖို့ ခရိုင် အုပ်ချုပ်ရေးမှူးက ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။"

အိန္ဒိယ အလုပ်သမားများမှာ မြို့ထဲ ရပ်ကွက်ရှိ အိမ်များတွင် ဌားရမ်းနေထိုင်နေကြပြီး နံနက်ပိုင်းတွင် ကားများဖြင့် အလုပ်ခွင်ကို ခေါ်ယူသွားပြီး ညနေပိုင်းတွင် မြို့ထဲရှိ သူတို့ နေထိုင်ရာ အိမ်များသို့ ပြန်ပို့ပေးကြောင်း သိရသည်။ သူတို့ အတွင်းတွင်လည်း လစာပုံမှန် မရသဖြင့် အချင်းချင်းကြားတွင် မကြာခဏ ရိုက်ပွဲများ ပေါ်ပေါက်နေကြောင်း ဦးသန္တာမောင်က ပြောသည်။

" အိန္ဒိယမှ အလုပ်သမားတွေက အချင်းချင်းလည်း ရန်ဖြစ်တယ်ဗျာ။ ဒါကြာင့် မြို့ထဲရပ်ကွက်တွေမှာ ညညဆိုရင် ဆူညံနေပါတယ်။ ကျောက်ဖြူက အရက်ဆိုင်တိုင်းမှာ သူတို့ ရောက်တယ်။ မကောင်းမူ လုပ်နေတဲ့ အိမ်တွေကို သွားတယ်။ မြင်မကောင်းအောင် ဖြစ်နေတယ်။ ခရိုင် ဥက္ကဌ စာထုတ်တာ လုပ်သင့် လုပ်ထိုက်လို့ လုပ်တာ ဖြစ်တဲ့ အတွက် ကောင်းတယ်လို့ မြင်ပါတယ်" ဟု သူက ဆက်ပြောသည်။

အိန္ဒိယ အလုပ်သမားများ ဇန္န၀ါရီလ ၁၉ ရက်နေ့ကို နောက်ဆုံးထားပြီး မြို့ထဲမှ ထွက်ခွာရန် ညွှန်ကြားထားသော်လည်း မြို့ပြင်တွင် သူတို့အတွက် ဆောက်လုပ်ထားသော နေအိမ်များမှာ အဆင့်မမှီဟု ဆိုကာ မပြောင်းရွှေ့ဘဲ ဆက်လက် နေထိုင်လျှက်ရှိကြောင်း ဒေသခံ အင်ဂျင်နီယာ တစ်ဦးက ပြောသည်။

" သူတို့က တော်တော်ပြဿနာရှာတဲ့ သူတွေဗျာ။ ကျောက်ဖြူက ၂၁ မိုင်ဝေးတဲ့ နေရာတစ်ခုမှာ သူတို့ နေထိုင်ဖို့အတွက် ဒေသ အင်ဂျင်နီယာ ဦးအောင်နိုင်က ကန်ထရိုက်ယူပြီး ယာယီ နေထိုင်လို့ရမယ့် အဆောင်တွေ ဆောက်တယ်။ ဒါကို အဆင့်မမှီဘူးဆိုပြီး မနေနိုင်ဘူးလို့ ပြောတဲ့ အတွက် ဦးအောင်နိုင်က ပိုက်ဆံလည်း မရဘဲ ဖြစ်နေတယ်။ သူက ဆောက်ပြီးမှ ပိုက်ဆံ ပေးမယ်စနစ်နဲ့ ဆောက်တာဆိုတော့ ဦးအောင်နိုင်ကလည်း ရှိတာလေးတွကို ပေါင်နှံ ရောင်းချပြီး ဆောက်တော့ အခု ပိုက်ဆံမရတော့ အခက်အခဲ ဖြစ်နေပါတယ်။ အထက်လူကြီးတွေကို ဖြေရှင်းပေးဖို့တော့ တိုင်ကြားထားပါတယ်" ဟု ပြောသည်။

ကျောက်ဖြူမြို့ထဲတွင် ဆက်လက် နေထိုင်လိုသော အိန္ဒိယ အလုပ်သမားများက သူတို့ နေထိုင်ရန် ဆောက်လုပ်ထားသော ယာယီအိမ်များမှာ သူတို့နေထိုင်ရန် အတွက် မသင့်တော်ဟု ဆိုကာ အကြောင်းပြနေသဖြင့် မြို့ခံများ အကြားတွင်လည်း မကျေနပ်မူများ တိုးပွားနေသည်ဟု သိရသည်။

ရခိုင် ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းတွင် အစိုးရနှင့် သဘောတူညီထားချက်အရ အောက်ခြေ အလုပ်သမားများနေရာတွင် ဒေသခံများကိုသာ ခေါ်ယူ အလုပ်ပေးရမည်ဟု ပါရှိသော်လည်း လက်တွေ့တွင် နိုင်ငံခြားမှ အလုပ်လာလုပ်သည့် တရုတ်၊ ကိုရီးယားနှင့် အိန္ဒိယ ကုမ္ပဏီများသည် သူတို့နိုင်ငံမှ အလုပ်သမားများကို ကျွမ်းကျင် အလုပ်သမားများ ခေါင်းစဉ်ဖြင့် ခေါ်ယူလာပြီး ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းတွင် အလုပ်ခိုင်းစေနေကြောင်း သိရသည်။

...........................
နိရဉ္စရာ

Saturday, 21 January 2012

ရခိုင်ပြည် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းနဲ့ ဒေသဖွံ့ဖြိုးမှု

ရခိုင်ပြည်နယ်၊ ကျောက်ဖြူဖက်ကနေ တရုတ်ပြည်ဖက် ရေနံနဲ့ သဘာဝဓါတ်ငွေ့ တင်ပို့ဖို့ ပိုက်လိုင်း ဆောက်နေတဲ့အထဲက ပြဿနာ အရှုပ်ထွေး၊ အခက်အခဲတွေအပါအ၀င် ဒီ ပိုက်လိုင်း စီမံကိန်းကြောင့် ရခိုင်ပြည်ထဲက ဒေသခံတွေနဲ့ မြန်မာနိုင်ငံက ကုမ္ပဏီတချို့ အလိမ်ခံ အညစ်ခံနေရတာတွေကို ခရီးသွား မှတ်တမ်းအဖြစ် ဘလော့ပေါ်မှာ တင်ထားတာ အပါအ၀င်၊ တခြား ကဗျာနဲ့ စာပေတွေကို ရေးသားနေတဲ့ ဘလော့ဂါ မောင်ဘကြိုင် - ချဉ်ပေါင်ခြံရဲ့ Blog အကြောင်းကို တင်ပြထားပါတယ်။

၂၀၁၅နှစ်ကုန်ဆုံးချိန် ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့တွင်၂၄နာရီ မီးရရှိမည်ဟု ပြည်ထောင်ဝန်ကြီးပြောကြား

တောင်ကုတ်နတ်

ရခိုင်ပြည်နယ်တွင် လျှပ်စစ်ဓါတ်အားရရှိရန် ၂၀၁၂ မှ စတင်၍ ၂၀၁၅ခုနှစ် ကုန်ဆုံးချိန်ထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ပြောကြားခဲ့ကြောင်း ဇန်န၀ါရီ (၂၀) ၂၀၁၂ နေ့ထုတ်Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

ပြည်ထောင်စု ၀န်ကြီးဦးခင်မောင်စိုးက ဇန်န၀ါရီလ (၉)ရက်နေ့တွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးအဖွဲ့ အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သော မီဒီယာတွေ့ဆုံပွဲတွင် National Grip ကထွက်သော ဓါတ်အားကို ရခိုင်ပြည်နယ် တောင်ကုတ်သို့ ၂၃၀ ကေဗွီအေ ဓါတ်အားလိုင်း ပေးဆွဲပြီး ယင်းမှ မအီ၊ အမ်း၊ ကျောက်ဖြူ စသောဒေသများသို့ ၂၀၁၂- ၂၀၁၃တွင် ဓါတ်အားရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းနှစ်တွင်မရောက်ရှိခဲ့ပါက ၂၀၁၄ကိုနောက်ဆုံးထားဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

“ ဒီလိုဖြစ်လာမယ်ဆိုရင် ကောင်းတာပေါ့၊ လက်ရှိမှာ ပုဂ္ဂလိက မီးကိုသုံးနေရတာ၊ တစ်ယူနစ်ကို ၂၅ ကျပ်ပေးရတယ်၊ ၁၀ ယူနစ်ကျော်ရင် ၄၀၀ ပေးရတာ၊ လုပ်ငန်း အ၀င်ငွေနဲ့ မီးစရိတ်က မျှတမှု မရှိဘူး၊ လျှပ်စစ်မီး မသုံးနိုင်တဲ့ ပြည်သူတွေလည်း မီးသုံးလာနိုင်မယ်၊ လျှပ်မီးကို စရိတ်သက်သက်သာသာ သုံးနိုင်တဲ့အတွက် လုပ်ငန်းရှင်တွေ အတွက်လည်း ပိုပြီး အဆင်ပြေလာနိုင်မယ်” ဟုတောင်ကုတ်မြို့ခံတစ်ဦးကပြောသည်။

၂၀၁၄ အကုန်တွင် အမ်းတောင်ဘက်မြို့များနှင့် ကျောက်ဖြူအောက်ပိုင်း ဒေသအားလုံး ၂၄နာရီ မီးရရှိမည်ဟု ခန့်မှန်းပြီး အမ်းမှတစ်ဆင့် ကျောက်တော်- ပုဏ္ဏားကျွန်း- စစ်တွေသို့ အဆင့်ဆင့် ဆောင်ရွက်သွားဖြစ်ပြီး National Grip မှထွက်သော ဓါတ်အားကို ၂၀၁၄-၂၀၁၅ အကုန်တွင် ရခိုင်ပြည်နယ်၌ ၂၄နာရီရရှိဟု အာမာခံကြောင်း၊ လက်ရှိအခြေအနေတွင် ပစ္စည်းများအားလုံး ၀ယ်ယူနေပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။


.............................................................

ရခိုင့်လူ့အခွင့်ရေးနှင့် ဖွဲ့ဖြိုးတိုးတက်ရေးအဖွဲ့

သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာ အေးကျော် ကွယ်လွန်

အမေရိကန် နိုင်ငံ နယူးယောက်မြို့တွင် နေထိုင်သော ရခိုင်တိုင်းရင်းသား သမိုင်းပါမောက္ခ ဒေါက်တာ အေးကျော် (အသက် ၇၇ နှစ်) သည် ယမန်နေ့ ညနေပိုင်းတွင်အသည်းကင်ဆာ ရောဂါဖြင့် ကွယ်လွန် သွားသည်။

ဒေါက်တာ အေးကျော်

၎င်းသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် နယူးယောက်မြို့ရှိ Maimonides Medical Center ဆေးရုံသို့ တက်ရောက် ၍ ဆေးကုသမှုခံယူပြီးနောက် ယင်းဆေးရုံ၌ပင် ကွယ်လွန်သွားခြင်း ဖြစ်သည်ဟု သားဖြစ်သူ ကိုနိုင်ကျော်က ဧရာဝတီသို့ပြောသည်။

“ဖေဖေ ညနေ ၅ နာရီမှာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ ဆေးရုံမှာ တလကျော်ကျော် နေခဲ့ရပါတယ်”ဟု သူက ပြောပြသည်။

ဆရာကြီးကွယ်လွန်သွားခြင်းသည် မြန်မာနိုင်ငံသားများအတွက် ဆုံးရှုံးမှုတရပ်ဖြစ်ကြောင်း ကိုလံဘီယာ တက္ကသိုလ်တွင် ဧည့်
ပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်နေသော သံဃာတော် ဒေါက်တာ နာယက က မိန့်ကြားသည်။

“ဒကာကြီး ဒေါက်တာအေးကျော် ကွယ်လွန်သွားတာဟာ ရခိုင်ပြည်သူတွေ အတွက်သာမက မြန်မာပြည်သူတွေ အတွက်ရော၊ အဖိနှိပ်ခံ ပြည်သူတွေ အားလုံးအတွက်ပါ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုတရပ်ဖြစ်ပါတယ်”ဟု ဆရာတော် ဒေါက်တာ နာယက က မိန့်သည်။

အမေရိကန်အခြေစိုက် Arakan Freedom Movement Committee မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်ဘခင်ကလည်း“ဆရာကြီး ကွယ် လွန်သွားတာဟာ ရခိုင်လူမျိုးတွေအတွက် မဟာတံတိုင်းတခု ပြိုလဲသွားတာနဲ့ အတူတူပါပဲ”ဟု ပြောဆိုသည်။

ဒေါက်တာ အေးကျော် မကွယ်လွန်ခင်က မြန်မာနိုင်ငံသည် တလမ်းမောင်းစနစ်ဖြင့် နှစ်ပေါင်းများစွာကျင့်သုံးနေခဲ့၍ ယခုကဲ့သို့ ပြည်တွင်းစစ် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း၊ အစိုးရနှင့် ပြည်သူ အပြန်အလှန်ရှိသော စနစ်ကို ကျင့်သုံးပါက ပြည်တွင်းစစ် ဖြစ်ပေါ်လာမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်များကို အမှတ်ရမိသည်ဟုလည်း ခိုင်ဘခင်က ဆိုသည်။

ဆရာကြီး ဒေါက်တာ အေးကျော်ကို ၁၉၃၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တန်းလွဲချောင်း ကူးတို့ဆိပ် ကျေးရွာ၌ အဘ ဦးမောင်လူ၊ အမိ ဒေါ်လှဝင်းဦးတို့မှ မွေးဖွားခဲ့ပြီး အငယ်ဆုံးသားဖြစ်သည်။ ဆရာကြီးသည် ရန်ကုန် တက္ကသိုလ်၊ ထိုင်းနိုင်ငံ ဖရတ် တက္ကသိုလ်(ချင်းမိုင်)နှင့် အမေရိကန်နိုင်ငံ နယူးယောက် တက္ကသိုလ်များတွင် တာဝန် ထမ်းဆောင် ခဲ့ဖူးသည်။

၁၉၇၈ ခုနှစ်တွင် သြစတြေးလျနိုင်ငံ မိုနာ့ခ်ျ တက္ကသိုလ်မှပေးအပ်သော သမိုင်းဆိုင်ရာ ပါရဂူဘွဲ့ကို ရရှိခဲ့သည်။ ထို့ပြင် ဆရာကြီး သည် ၁၉၇၁ ခုနှစ်တွင် မြန်မာနိုင်ငံ အမျိုးသား ပညာရေးသမိုင်း စာအုပ်ဖြင့် အမျိုးသား စာပေဆု ရရှိခဲ့သည်။ မကြာသေးခင်က Red Peacock အမည်ရှိ စာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့သေးသည်။

ဒေါက်တာ အေးကျော် ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ထွေးယဉ် ရန်ကုန် တက္ကသိုလ်(တွဲဖက် ပါမောက္ခ၊ ဒဿနိက ဌာန – အငြိမ်း စား) နှင့် သားသမီး ခြောက်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ဒေါက်တာအေးကျော် ကိုယ်ရေးအကျဉ်း

ဒေါက်တာအေးကျော်ကို ၁၉၃၆ ခုနှစ် က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တန်းလွဲချောင်း ရွာမ ရွာသစ် တွင် မွေးဖွားခဲ့သည်။

ဒေါက်တာအေးကျော် ဆည်းပူးရရှိခဲ့သော ပညာရပ်ဆိုင်ရာ ဘွဲ့များမှာ B.A (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊ B.A (Honors) Oriental History ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊ M.A (History of Asia) ရန်ကုန် တက္ကသိုလ် (၁၉၆၄) ၊ B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) ၊ PhD (History of Southeast Asia) Monash University. Australia. 1979 စသည့် ဘွဲ့များကို ရရှိခဲ့သည်။

ဒေါက်တာအေးကျော်သည် ကထိက (သမိုင်းဌာန) ရန်ကုန်တက္ကသိုလ် (၁၉၆၂-၁၉၈၀) ။ တွဲဖက် ပါမောက္ခ (သမိုင်းဌာန) ဖယတ် တက္ကသိုလ်၊ ချင်းမိုင်၊ ထိုင်းနိုင်ငံ (၁၉၈၂-၈၄) ။ ကထိက (ခေတ်သစ် ဘာသာဗေဒနှင့် သဒ္ဒဗေဒ ဌာန) ကော်နဲ တက္ကသိုလ်၊ နယူးယောက်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၈၄- ၈၉) ။ ဘာသာပြန် ကျွမ်းကျင်သူ ( သက္ကတစာပေ ဌာန) ဟားဗတ် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၁-၀၂) ။ တွဲဖက် ပါမောက္ခ (သက်ကြီးများအတွက် စဉ်ဆက်မပြတ် ပညာသင်ကြားရေး အစီအစဉ်) နယူးယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၃- ၉၅) ။ တွဲဖက်ပါမောက္ခ (အာရှသုတေသန ဌာန) နယူး ယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု (၁၉၉၆- ၉၉)၊ လွတ်လပ်သော အာရှအသံ (R.F.A) မြန်မာပိုင်း အစီအစဉ်တွင် အကြံပေး အယ်ဒီတာ(၃နှစ်ခန့်)အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် အငြိမ်းစားယူ၍ မြန်မာ့အရေးဆိုင်ရာများကို ဆောင်ရွက် နေထိုင်ခဲ့သည်။

ဒေါက်တာအေးကျော် ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များ -

၁၊ ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၆၈)
၂၊ မြန်မာနိုင်ငံ အမျိုးသားပညာရေးသမိုင်း (၁၉၇၀) စာအုပ်ဖြင့်
၁၉၇၁ခုနှစ်အတွက် အမျိုး သားစာပေဆုကို ဆွတ်ခူးခဲ့သည်။
၃၊ ရခိုင်လူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၇၃)
၎။ On the Birth of Modern Family Law in Burma and Thailand. Singapore (1990)
၅၊ The Voice of young. Cornell University, March 1990
၆၊ Code and Custom in Burma and Thailand. Scotland. 1993

၂၀၀၉ ခုနှစ် အောက်တိုဘာလအတွင်းက ဧရာဝတီ တွင် ဖော်ပြခဲ့သော

ဒေါက်တာ အေးကျော်နှင့် အင်တာဗျူး


...........................

ဧရာဝတီသတင်း

သိမ်းပိုက်ထားတဲ့ လယ်ယာမြေတွေအားလုံး အကုန်အစင်ပြန်ပေးပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဥပဒေတိုင်းရဲ့ထိပ်ဆုံးမှာ ရှိပါတယ်။ ဒီဥပဒေနဲ့ ဆန့်ကျင်တဲ့ ဘယ်ဥပဒေကိုမဆို ဖျက်သိမ်းပိုက်တာ ချည်းပါပဲ။ အခုကြံ့ဖွံ့အစိုးရ ပြဌာန်းလာမယ့် ၂၀၁၁ ခုနှစ် လယ်ယာမြေဥပဒေ ရဲ့နောက်ဆုံးပုဒ်မ-၃၂ က ယခင် ရှိပြီးသား ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ၊ ၁၉၆၃ ခုနှစ်၊ သီးစားချထားရေး ဥပဒေ၊ ၁၉၆၃ ခုနှစ် ၊တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေ နှင့် ၁၉၆၅ ခုနှစ်၊သီးစားချထားရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွေကို ရုပ်သိမ်းလိုက်ပါတယ်။ ဘာကြောင့်ရုပ်သိမ်းရပါသလဲ။ ရှင်းပါတယ်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ဆန့်ကျင်နေလို့ ဖြစ် ပါတယ်။

ဖျက်သိမ်းခံရတဲ့ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးဥပဒေတွေမှာ လယ်လုပ်သူတွေ လယ်ပိုင်ခွင့် တစုံတရာရှိပါတယ်။ လယ်မြေကို ၅၀-ဧက အထက်၊ ယာမြေကို ၂၅-ဧကအထက်၊ ကိုင်းမြေကို ၁၀-ဧကအထက် ရှိတဲ့မြေတွေကိုမှ နိုင်ငံပိုင်အဖြစ် သိမ်းယူ ခဲ့ပါတယ်။ သိမ်းပြီးမြေတွေကိုလဲ တောင်သူလယ်သမားတွေကို ခွဲဝေပိုင်ဆိုင်စေခဲ့ပါတယ်။ ဆင်းရဲတဲ့လယ်သမားတွေ၊ လယ်မ ယာမဲ့ပစ္စည်းမဲ့တွေကို အနည်းဆုံး တတုံးထွန်အထိ ခွဲဝေပိုင်ဆိုင်စေခဲ့ပါတယ်။ဘယ်သူ့ကိုမှ လယ်ယာမြေတွေ အမြောက် အများ ပိုင်ဆိုင်ခွင့်ကို မပေးလိုလို့ ပြဌာန်းခဲ့တာပါ။

ခုတော့ဒီလိုမဟုတ်ပြီ။ စစ်အုပ်စုနဲ့ စစ်အုပ်စု လက်ဝေခံ မြေရှင်၊ အရင်းရှင်ကြီးတွေနဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေကို လယ်ယာမြေ အမြောက်အများ ပိုင်ဆိုင်စေဖို့ တောင်သူလယ်သမားတွေလက်ထဲက မြေတွေကို ဓါးပြတိုက်သိမ်းယူပါတယ်။ ရခိုင်ပြည်နယ် တပြည်နယ်ထဲမှာကို စစ်တပ်က လယ်ယာမြေသိမ်းယူထား တာတွေကို အောက်မှာဖော်ပြပါတယ်။

စကခ-၉ ဌာနချုပ်နှင့်ကွပ်ကဲမှုအောက်တပ်ရင်းများ၏ အခြေပြုနေရာများ

၁။ စကခ (၉) ညောင်ပင်လှ ခမ PN- ၀၃၅၂၉၅

၂။ ခမရ-၃၇၄ လမ်းမတော် PN-၀၃၃၃၉၅

၃။ ခမရ-၃၇၅ ပိန္နဲချောင်း PN-၀၅၁၃၆၇

၎။ ခမရ-၂၃၆ ဒေါင်းတော်ယိုး PN-၀ရ၂၃၉၄

၅။ ခမရ-၃၇၇ မြောက်ဥ၊အောင်တပ် PN-၂၅၃၀၄၄

၆။ ခမရ-၃၇၈ မြောက်ဥ၊ ပေါင်းတပ် PN-၂၅၈၀၂၅

ရ။ ခမရ-၃၇၉ မင်းပြားမြို့၊ မင်းဂံPS-၃၁၅

၈။ ခမရ-၃၈၀ မင်းမြားမြို့၊ ဆင်ကြီးပြင် PS-၃၁၃-။ -၈၉၅

၉။ ခမရ-၅၂၉ ကျောက်တော်မြို့နယ်၊ ကန်ဇောက် PM-၉၆၀-။-၁၉၁

၁၀။ ခမရ-၅၄၀ မြောက်ဥ၊ အလယ်ဈေး PN-၂၆၅၀၆၇

၁၁။ ခမရ- ၅၄၁-မင်းပြားမြို့၊ ဘူးဝယ်ကျေးရွာ PS-၃၁၅၇၇၄

(မှတ်ချက်)။ ။၎င်းတို့တပ်စွဲအခြပြုစဉ်က တပ်ရင်းတရင်းလျှင် လယ်မြေဧက ၁၀၀ စီသိမ်းယူခဲ့သဖြင့် စုစုပေါင်းလယ်ဧက ၁၁၀၀ နှင့် မြောက်ဦးမြို့နယ်နှင့်ကျောက်တော်မြို့နယ် သွယ်တန်းနေသော့ ဧက ၂၀၀၀ ခန့်ရှည်လျှားသည့် လင်းမြွေတောင် တခုလုံးကိုသိမ်းဆည်းပြီး ရော်ဘာစိုက်ခင်းများပြုလုပ်ထားကြောင်းသိရသည်။

စကခ (၁၅) ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်ရင်း(၁၀)ရင်း၏ အခြေပြုထားသည့် နေရာများနှင့် သိမ်းထားသည့် လယ်မြေဧကများ

၁။ စကခ-၁၅ ဌာနချုပ် ၀ါးခုတ်ချောင်း ခမ PR-၅၄၇၄၂၄ (လယ်ဧက-၁၅၀)

၂။ ခမရ-၃၄၉ -တပ်မင်းချောင်း PR-၄၅၆၄၇၅ (လယ်ဧက-၁၆၉) ည

၃။ ခမရ-၃၅၂ တပ်မင်းချောင်း PR-၄၅၃၄၈၅ (လယ်ဧက-၁၈၀ဧက

၅။ ခမရ-၃၅၃ ငကျည်တောက် PR-၄၄၆၅၀၆ (လယ်ဧက-၁၀၂ဧက)

၆။ ခမရ-၅၃၆ ရသေ့တောင် PR-၇၄၇၅၈၈ (၁၀၀ ဧက)

၇။ ခမရ-၅၃၇ ရသေ့တောင် PR-၇၄၇၅၈၈ (၁၀၀ ဧက)

၈။ ခမရ-၅၅၁ ဖုံညိုလိပ် PM-၅၈၀၃၉၀ (၈၉ ဧက)

၉။ ခမရ-၅၅၂ တောင်ဘဇာ PM-၅၂၀၅၉၂ (၁၀၀ ဧက)

၁၀။ ခမရ- ၅၆၄ ပလဲတောင် PM-၅၅၆၄၆၄ ( ၁၀၀ ဧက)

၁၁။ ခမရ-PM-၅၆၆၄၅၇ ( ၈၃.၅ ဧက)

(မှတ်ချက်) ။ ။ ရော်ဘာစိုက်ခင်းဧက ၁၀၀၀ ကျော်၊ ကြက်ဆူခင်ဧက ၁၀၀၀ ကျော်နှင့် ကျွန်းခင်းများ စိုက်ပျိုးလျှက်ရှိသည်။

ဘူးသီးတောင်မြို့တွင်တပ်စွဲထားသည့် အခြေချစစ်ဗျူဟာနှင့် ကွပ်ကဲမှုအောက်ရှိ တပ်များမှ သိမ်းထားသည့်လယ်မြေများ

၁။ စစ်ဗျူဟာ (၁၇၀ ဧက) ရော်ဘာခင်း ၁၀၀ ဧက။ ကြက်ဆူ ၁၀၀ ဧက နှင့် ကျွန်းခင်း ပိုင်ဆိုင်မြေများလည်းရှိသည်။

၂။ ခလရ-၂၃၃ (၁၀၂ ဧက) ရော်ဘာခင်း ၁၀၀ဧက၊ ကြာက်ဆူ ၁၀၀ ဧကနှင်ကျွန်းစိုက်မြေများရှိ

၃။ ခလရ-၂၃၄ (၁၆၈ ဧက) ရော်ဘာ ၁၀၀ ဧက၊ ကြက်ဆူ ၁၀၀ ဧက နှင့် ကျွန်းစိုက်မြေများရှိ

၎။ ခလရ- ၂၆၃ (၁၆၅ ဧက) ရော်ဘာ ၁၀၀ ဧက၊ ကြက်ဆူ ၁၀၀ ဧကနှင့် ကျွန်းစိုက်မြေများရှိ

(နစက) နယ်စပ်ဒေသလူဝင်မှုကြီးကြပ်ရေးနှင့်ကွပ်ကဲမှုဌာန

နစက ကွပ်ကဲမှုဌာနချုပ် မောင်တောမြို့နယ် ကျီးကန်းပြင် ခမ PM-၃၆၄၄၈၅ ကွပ်ကဲမှုအောက်တွင် နယ်မှ(၁)မှ (၉)ထိရှိသည် စခန်းကြီး ၂၆-ခု လယ်မြေသိမ်းပိုက် ထားရှိသည့် လယ်ဧက ၇၂၀ ဧကဖြစ်ပြီး စားကျက်မြေ ဧက ၁၀၀၀ ကျော်ရှိသည်။ နစက ဌာန ချုပ် စုစုပေါင်း ၇၅ ဧကကျော်ရှိသည်။ နစက၏ ၂၀၀၈-ခုနှစ်မှစ၍ ၁၀ နှစ်စီမံကိန်းအတွက် မေယုတောင်တန်းတွင် မြေဧက ၁၀၀၀၀၀(တစ်သိန်း) သိမ်းပိုက်ပြီးဖြစ်သည်။

ဒါဟာ နယ်တနယ်ထဲက ကွက်ပြီးရရှိတဲ့ စစ်တပ်ပိုင် မြေဧကများဖြစ်ပါတယ်။ အနယ်နယ် အရပ်ရပ်က စစ်တပ်ကမြေသိမ်းယူ ထားတဲ့ မြေတွေကို ပေါင်းလိုက်လျှင် ဘယ်လောက်များလိမ့်မလဲဆိုတာ တွက်ကြည့်နိုင်ပါတယ်။ သူတို့ ဒီလိုသိမ်းယူတာတွေကို ကာကွယ်ဖို့ ဥပဒေတွေ ပြဌာန်းလာတာပါ။ ဒီရည်ရွယ်ချက်အတွက် နောက်နောင်မှာလဲ မတော်မတရား ဥပဒေတွေ တခုပြီး တခုပြဌာန်းလာပါလိမ့်ဦးမယ်။

မြေယာပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပုဒ်မ -၃ ခုပါရှိပါသည်။

ပုဒ်မ-၃၅၆။ ။ နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင် ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်။

ပုဒ်မ- ၃၅၇။ ။ ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်လျှင် နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ်ဥပစာ လုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေး စာယူနှင့် အခြားဆက်သွယ်ရေး ဆိုင်ရာ လုံခြုံမှုများအတွက် ဥပဒေအရ ကာကွယ်ပေးရမည်။

ပုဒ်မ-၃၇၂။ ။ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း၊ တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း မဆန့်ကျင်စေဘဲ စီးပွားရေး ကိစ္စများကို ဆောင်ရွက်ရာတွင် ပစ္စည်းပိုင်ဆိုင်ခွင့်၊ သုံးစွဲခွင့်နှင့် ကိုယ်ပိုင်တီထွင်ခွင့်။ မူပိုင်ခွင့်တို့ကို နိုင်ငံတော်က အာမခံသည်။ ဟူ၍ ဖော်ပြပါရှိပါသည်။ သို့သော် ၎င်းဥပဒေများကို ဖျက်ဆီးပစ်လိုက်သည့် ဥပဒေ ပုဒ်မ ၃၇ လည်းပါရှိသည် ကိုတွေ့ရပါသည်။

ပုဒ်မ -၃၇ ။ ။ နိုင်ငံတော်သည်-

(က) နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတ ပစ္စည်းအားလုံး၏ ပင်ရင်း ပိုင်ရှင် ဖြစ်သည်။

(ခ) နိုင်ငံပိုင် သယံဇာတ ပစ္စည်းများအား စီးပွားရေးအင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သည့် ဥပဒေ ပြဋ္ဌာန်းရမည်။ ဟု ဖော်ပြထားသည်။

စီးပွားရေးအင်အားစုများ ဆိုသည်မှာ စစ်အုပ်စုပင် နိုင်ငံတော်ဖြစ်နေသည်ကို ကွက်ကွက်ကွင်းကွင်းတွေ့ရှိရပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၏ ပုဒ်မ -၃ ခုပါအခွင့်အရေး အားလုံးကို ပုဒ်မ ၃၇(ခ) တခုတည်းဖြင့် ဖျက်ဆီးပစ်လိုက်ပါသည်။ အဘယ်မှာ ပိုင်ဆိုင်ခွင့် အခွင့်အရေးကို ရရှိနိုင်ပါတော့မည်နည်း။

နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်း ၁၇။ ။ လူတိုင်းတွင် မိမိတဦးချင်းသော် လည်းကောင်း၊ အခြားသူများနှင့် ဖက်စပ်၍ သော် လည်းကောင်း ပစ္စည်းဥစ္စာ တို့ကို ပိုင်ဆိုင်ရန် အခွင့်အရေးရှိရမည်။ ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏ ပစ္စည်းဥစ္စာ ပိုင်ဆိုင် ခွင့်ကို စွန့်လွတ်ခြင်း မခံစေရ။ ဟုအတိအလင်းဖော်ပြချက်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၇(ခ)က ချိုးဖောက် ထားခြင်းဖြစ်ကြောင်းတွေ့ရပါသည်။

သက်ဆိုင်ရာ တိုင်းရင်းသားများနေထိုင်ရာ တောင်တန်းဒေသများတွင်လည်း ရခိုင်ဒေသကဲ့သို့ပင် လယ်ယာမြေ အမြောက် အများကို စစ်အုပ်စုက သိမ်းပိုက်ထားသည်များ အမြောက်အများရှိနေပါသည်။ ဌာနတိုင်းရင်းသားတို့၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကြေညာစာတမ်း (U N D R I P) အပိုဒ်- ၂၅ တွင် – ဌာနတိုင်းရင်းသားတို့၏ မိရိုးဖလာအဆက်ဆက်မှ ပိုင်ဆိုင်ခဲ့ သည့် လယ်ယာမြေ၊ နယ်မြေပိုင်နက်၊ ရေပိုင်နက်နှင့် ကမ်းရိုးတန်းပင်လယ်ပြင်၊ တခြားသယံဇာ တရင်းမြစ်များနှင့် စပ်လျဉ်း၍ ဆက်လက် ထိန်းသိမ်းခွင့်နှင့် ပိုင်ဆိုင်ခွင့်ရှိသည်။ ဟု ဖော်ပြပါရှိပါသည်။

ကုလသမဂ္ဂ ဌာနေတိုင်းရင်းသားများဆိုင်ရာ အခွင့်အရေးကြေညာစာတမ်း အပိုဒ်- ၂၆ -တွင်-

၁။ ဌာနေတိုင်းရင်းသားတို့ မိရိုးဖလာ ထုံးတမ်းစဉ်လာအရ ပိုင်ဆိုင်ခဲ့သော၊ အသုံးပြုခဲ့သော မြေယာ၊ ပိုင်နက်နယ်မြေနှင့် သယံဇာတ အရင်းအမြစ်များကို ပိုင်ဆိုင်ခွင့်ရှိသည်။

၂။ ဌာနေတိုင်းရင်သားတို့သည် မြေယာ၊ပိုင်နက်နယ်မြေနှင့် သယံဇာတ အရင်းအမြစ်များကို ပိုင်ဆိုင်ခွင့်။ အသုံးပြုခွင့်။ ဖွံ့ဖြိုးစေခွင့် နှင့် ထိန်ချုပ်ထားပိုင်ခွင့်များ ရှိသည်။

၃။ အစိုးရက ၎င်းလယ်ယာမြေ၊ ပိုင်နက်နယ်မြေနှင့် သယံဇာတအရင်းအမြစ်များအား တရားဝင်အသိအမှတ်ပြုပြီး ကာကွယ် စောင့်ရှောက်မှု ပေးရမည်။ လေးစားလိုက်နာမှုပြုရမည်။

-ဟု အတိအလင်း ပြဋ္ဌာန်းထားသည်ကို တိတိကျကျ လိုက်နာရန်လိုအပ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် တိုင်းရင်းသား များ နေထိုင်ရာ ဒေသများနှင့် နိုင်ငံတ၀ှမ်းလုံးတွင် စစ်အုပ်စုသိမ်းဆည်းထားသည့် လယ်ယာမြေများအားလုံးကို မူလမူရင်း ပိုင်ရှင်များလက်သို့ အကုန်အစင် ပြန်လည်အပ်နှံရန် လိုအပ်ပါကြောင်း နိုးဆော်အပ်ပါသည်။

ဦးမျိုး (ဥပဒေ)

(၂၀ -၁ – ၂၀၁၂)



................................

arakanreview

ဆရာကြီး ဒေါက်တာအေးကျော် ကွယ်လွန်

မောင်ရမ္မာ
----------
အမေရိကန်နိုင်ငံတွင် နေထိုင်သော ဆရာကြီး ဒေါက်တာအေးကျော်သည် ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၁၉ ရက်နေ့ အမေရိကန် စံတော်ချိန် ညနေ ၆နာရီ ၃၀ မိနစ်တွင် ကွယ်လွန်သွားသည်ဟု သိရှိရသည်။

Dr-Aye-Kyaw
ဆရာကြီးသည် အသဲကင်ဆာ ရောဂါဖြင့် လွန်ခဲ့သည် လကပင် နယူးယော့ ပြည်နယ် ဘိုကလန်ရှိ MAIMONENITES ဆေးရုံတွင် ဆေးကုသမှု ခံယူနေခဲ့ရပြီး အဆိုပါရောဂါဖြင့်ပင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

ဆရာကြီး ယခုကဲ့သို့ ကွယ်လွန်သွားခြင်းသည် ရခိုင်ပြည်သူများအတွက် တန်ဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုကြီးတရပ်ဖြစ်သည်ဟု ရခိုင်အမျိုးသမီးများ အစည်းအရုံး RWU ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောသည်။

" စောစော အိပ်ရာကထပြီး ကွန်ပျူတာကို ဖွင့်လိုက်တာနဲ့ ဆရာကြီး ဆုံးရှုံးမှုသတင်းကို တွေ့လိုက်ရတာနဲ့ အများကြီး စိတ်မကောင်း ဖြစ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာကြီးလို ပုဂ္ဂိုလ်တယောက် သူရဲ့ ပညာအစွမ်းအစနဲ့ လုံးဝ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးဖက်က မားမားကြီး ရပ်တည်ပြီးတော့ အသက်ဆုံးသည်ထိ တိုက်ပွဲဝင်သွားတဲ့အပေါ်မှာ ကျွန်မတို့အနေနဲ့ ဂုဏ်ယူမဆုံးဖြစ်ခဲ့ရပါတယ်။ အဲဒီဂုဏ်ယူမှုနဲ့အတူ ဆရာကြီးရဲ့ နာရေးသတင်ကို ကြားရတဲ့ အချိန်မှာ ယူကျုံးမရ ခံစားရပြီးတော့ အများကြီး ရခိုင်ပြည်သူလူထု တရပ်လုံးအတွက် ဆုံးရှုံးမှုကြီးတရပ် ဆုံးရှုံးတယ်လို့ ခံစားရပါတယ်။ နောက်ဆုံးမှာတော့ခါ လူသားတွေဟာ တမလွန်ဘ၀ကို လားကြရမှာ ဖြစ်တဲ့အတွက်ကြောင့် ဆရာကြီး ကောင်းရာသုကတိ ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။"

ဆရာကြီး ကွယ်လွန်သွားခြင်းသည် ရခိုင်ပြည်သူများအတွက် ဆုံးရှုံးမှုကြီးတရပ် ဖြစ်သလို ဆရာကြီးကို လုပ်ဆောင် ချက်များကိုလည်း စံနမူနာယူပြီး ကြိုးစားကြပါလို့ ၀ါရင့်နိုင်ငံရေးသမားတဦးဖြစ်သူ ဦကျော်မြသာက တိုက်တွန်းထားသည်။

" ဆရာကြီး ဒေါက်တာအေးကျော်ဟာ ရခိုင်အမျိုးသားထဲက အလွန်တရာ ရှားပါးတဲ့ ပညာရှင်ကြီးတဦး၊ ရခိုင်အမျိုးသား ရေးရာ၊ ရခိုင် အချုပ်အခြာ အာဏာရရှိရေး၊ ရခိုင်သမိုင်းများ တည်တန့်ခိုင်မြဲရေးတွေကို ကြိုးစား အားထုတ်ခဲ့တဲ့ ဆရာကြီး တယောက်ဖြစ်တယ်။ အဲဒီလို ဆရာကြီးတယောက် ကွယ်လွန် အနိစ္စ ရောက်သွားတာဟာ ကျွန်တော်တို့ ရခိုင်ပြည်သူ တရပ်လုံးအတွက် အလွန်တရာ ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်" ဟု ပြောသည်။

၎င်းအပြင် သူက " ရှေးအခါကလည်း ဒီလို သမိုင်းဆရာကြီးတွေ၊ ရခိုင်ခေါင်းဆောင်ကြီးတွေ ကွယ်လွန် အနိစ္စ ရောက်တာ များခဲ့ပါပြီ။ အဲဒါက သဘာဝပါ။ ဒါပေမယ့် ကျန်လိုက်ခဲ့တဲ့ လူတွေအနေနဲ့ ဆက်လက်ပြီးတော့ ရခိုင်အမျိုးသားကောင်း၊ အမျိုးသမီးကောင်း ဖြစ်လာဖို့၊ ရခိုင်ခေါင်းဆောင်တွေ ဖြစ်လာဖို့၊ ရခိုင်အရေးကို တက်ညီလက်ညီ ချီတက်နိုင်တဲ့ ခေါင်းဆောင်တွေ ဖြစ်လာဖို့ကြိုးစားကြဖို့ အရေးကိုလည်း တိုက်တွန်းလိုပါတယ်" ဟု ဆက်ပြောသည်။

ဆရာကြီးကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တန်းလွဲချောင်းကျေးရွာတွင် မွေးဖွားခဲ့သည်။ ဆရာကြီး ကွန်လွန်ချိန်တွင် အသက် ၇၈ နှစ်ရှိပြီဖြစ်ပြီး ဆရာကြီးမှာ ဇနီးနှင့် သား ၃ ယောက်၊ သမီး ၃ ယောက် ကျန်ရှိခဲ့သည်။

ဆရာကြီး၏ ရုပ်အလောင်းကို သဂြိင်္ုလ်မည့်နေ့ရက်ကို မိသားစုဝင်များ မစုံလင်သေးသဖြင့် မသိရသေးကြောင်း သတင်း ရရှိသည်။

............................
နိရဉ္စရာ

ရခိုင်ရဲအရာရှိတွေလည်း လူမျိုးရေး ခွဲခြား ဆက်ဆံခံနေရ (ပေးစာ)

ရခိုင်ပြည်နယ်မှ ရာထူးမတက်သော ဒုတိယ ရဲအုပ် ရဲအရာရှိငယ်များအကြောင်းကို ပြည်ထဲရေးဝန်ကြီးနှင့် နိုင်ငံတော်သမ္မတကြီးတို့ သိရှိနိုင်ရန် တင်ပြခြင်း။

ကျွန်တော်တို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့တွင် ဒုတိယ ရဲအုပ်များသည် ရာထူးတိုး စာမေးပွဲကို အကြိမ်ကြိမ် ဖြေဆို သူများဖြစ်သော်လည်း အောင်မြင်သူ အနည်းငယ်သာ ရှိခဲ့ဖူးပါသည်။

ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ်မောင်ဦး လက်ထက်တွင် အဆိုးဆုံး ဖြစ်ပါသည်။ သူ့လက်ထက်တွင် ရာထူတိုး စာမေးပွဲ ဖြေဆိုတိုင်း မေးခွန်း ပေါက်တယ်ဆိုပြီး ရခိုင်က စာစစ်ဋ္ဌာန တစ်ခုလုံးကို ပယ်ခဲသည့် အတွက် (စီနီယာ) ရဲအရာရှိငယ်များမှာ တစုံတစ်ဦးမှ ရာထူး တိုးခြင်း မရှိခဲ့ပါ။ သို့အတွက် စီနီယာ ရဲအရာရှိများ စိတ်ဓါတ်ကျလျှက်ရှိပါသည်။ မေးခွန်း ပေါက်တယ်။ ကူးချတယ် ဆိုသည့် ကိစ္စသည် တစ်နိုင်ငံလုံးတွင် အနည်းနှင့် အများ ရှိကြပါသည်။ မင်းနေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဋ္ဌာနချုပ်တွင် မေးခွန်းမပေါက်ရင် ရခိုင်ပြည်နယ်တွင် မေးခွန်းပေါက်စရာအကြောင်းမရှိပါ။ သို့သော်လည်း ပြည်ထဲ ရေး ၀န်ကြီး(ဟောင်း) မောင်ဦးသည် ရခိုင် စာစစ်ဌာနများကို ထိုသို့ အကြောင်းပြကာ ဖယ်ရှား ပစ်ခဲ့ပါသည်။ ရခိုင်သား ရဲအရာရှိများ မရှိ ရလေအောင် လူမျိုးရေးအရ နိပ်ကွက်သော နိပ်ကွက်သည့် နည်း တစ်ခုဖြစ်ပါသည်။ အခြားအခြားသော နိပ်ကွက်မှုများမှာည်း မရေတွက်နိုင်အောင်ရှိခဲ့ပါသည်။

ကျွန်တော်တို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့တွင်လုပ်သက် နစ်(၂၀)ခန့် ရှိသူနှင့် လုပ်သက်(၃)နစ် ရှိသူ အရာရှိများ စာမေးပွဲ အတူဖြေနေရခြင်းသည် သားနှင့် အဖ စာမေးပွဲ ဖြေနေရသလိုဖြစ်ပါသည်။တပ်မတော်တွင် ယခုလိုမျိုး စာမေးပွဲဖြေပြီး ရာထူးယူသောအရာရှိ မရှိသလို နိုင်ငံတကာမှာလည်း ရှိမည်လို့ မထင်ပါ။

သို့ ဖြစ်ပါ၍ ရခိုင်အမျိုးသား ရဲအရာရှိများအား တက်လမ်းအား နည်းအမျိုးမျိုးဖြင့် တားဆီး ပိတ်ပင် ခံနေရသည်ကို ပြည်ထဲရေး ၀န်ကြီးနှင့် နိုင်ငံတော်သမ္မတကြီးတို့ သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

ရဲအရာရှိတစ်ဦး


....................
နိရဉ္စရာ

Wednesday, 18 January 2012

(ရခိုင်စာပေနှင့် သမိုင်းသုတေသီ ရမ္မာဝတီ အရှင် ပညာစာရနှင့် တွေ့ဆုံမေးမြန်းခန်း)

ထောင် ၈ နှစ်နဲ့ ၃လ ချမှတ်ခံထားရတဲ့ ရခိုင် စာပေ သမိုင်းသုတေသီ အရှင်ပညာစာရဟာ ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၁၃ ရက်နေ့က သရက်ထောင်ကနေ ပြန်လည် လွှတ်မြောက်လာပါတယ်။ ဆရာတော် အရှင် ပညာစာရဟာ သရက်ထောင်က လွှတ်လာပြီးတဲ့ နောက် ရန်ကုန်မြို့ သီရိဂန္ဒာရုံ ကျောင်းတိုက်မှာ သီတင်းသုံးနေပါတယ်။ ဆရာတော် ရန်ကုန်ကို ရောက်ရှိနေစဉ် နိရဉ္စရာ သတင်းဌာနက ဆရာတော်နဲ့ ဆက်သွယ်မေးမြန်းခွင့်ရရှိခဲ့ပါတယ်။ ဆရာတော်ကို လျှောက်ထား မေးမြန်းချက်တွေကို အောက်မှာ ဖေါ်ပြပေးလိုက်ပါတယ်။

Panyarsara
(အရှင်ဘုရား ထောင်ထဲက ထွက်လာပြီး လူထုကို ပထမဆုံး လက်ဆောင်ပါးချင်တဲ့ စကားက ဘာပါလဲ)

တနိုင်ငံလုံး အတွက်ဖြစ်စေ၊ ကိုယ့်အတွက်ဖြစ်စေ အားလုံး အတွက် ၀မ်းသာရပါတယ်။ ငါကတော့ ငှက်ကို ခြိုင့်ထဲမှာ လှောင်ထားသလို ခံစားရပါတယ်။ ဒီလို လွတ်လာတဲ့အတွက် အများကြီး ၀မ်းသာတယ်။ လွှတ်ပေးတဲ့ သူတွေကိုလည်း ကျေးဇူးတင်တယ်။ တောင်းဆိုတဲ့သူတွေနဲ့ အဖွဲ့အစည်းတွေကိုလည်း အများကြီး ကျေးဇူးတင်တယ်။

(အခု အရှင်ဘုရားက ဖမ်းဆီးစဉ်က လူဝတ် လဲခံထားရတယ်ဆိုတော့ အခု ရဟန်းပြန်ဖြစ်နေပီလား အရှင်ဘုရား။ သိရပါရစေ)

- ငါ့ကို ရဟန်းအ၀တ်က အတင်း အဓမ္မ ဆွဲချွတ်လိုက်တယ်။ ဒါပေမယ့် ရဟန်းကို အဲဒီလို ဆွဲချွတ်လို့မရဘူး။ ရဟန်းကို သိက္ခာချမှ ရတယ်။ သိက္ခာချတဲ့အခါမှ သိက္ခာကျတဲ့ အင်္ဂါရပ်တွေ ရှိတယ်။ သိက္ခိပ်ကာလ ပယောဂပုဂ္ဂလ ၀ိဇာတန ဆိုတဲ့ သိက္ခာချတဲ့ အင်္ဂါရပ်တွေရှိတယ်။ အဲဒီ အင်္ဂါရပ်တွေနဲ့ ညီမှသာ သိက္ခာကျတယ်။ အဲဒီအတွက်ကြောင့် ငါ့တို့ ပြင်ကိုထွက်လာတဲ့အခါမှာ သင်္ကန်းပြန်လို့ဝတ်ပြီးရင် သာသနာထဲကို ပြန်ရောက်တယ်။

( ရှေ့အနာဂတ် ရည်မှန်းချက်ကို သိပါရစေ)

- ရှေ့ကို ဆက်လုပ်မယ်ဆိုတာကတော့ ပထမ လုပ်ခဲ့တဲ့ မိဘမဲ့ကလေးတွေ၊ အားကိုးရာမဲ့ ခလေးတွေ မွေးစားတဲ့ လုပ်ငန်းကို ပြန်လို့လုပ်မယ်။ ကလေးတွေကို ပြန်ရအောင် တောင်းဆိုမယ်။ နောက်ပြီးတော့ ဒုက္ခရောက်နေတဲ့၊ အားကိုးရာမဲ့ ဖြစ်နေတဲ့ ကလေးတွေကို ဆက်တိုက်ဆက်တိုက် မွေးစားနိုင်အောင် ကြိုးစားမယ်။ ဟိုး-- အယင်ကထက် စိတ်ရှည်ထားမယ်။ မေတ္တာတရားထားပြီးတော့ ကြိုးစားမယ်လို့ မှတ်ထားတယ်။ စိတ်ကူးထားတယ်။

( အခု မဂ္ဂင်ကျောင်းကို ချိတ်ပိတ်ထားရာကနေ ပြန်လို့ ဖွင့်ရတဲ့ အနေအထားတွေရှိပါတယ်။ အရှင်ဘုရား သီတင်းသုံးခဲ့တဲ့ ဗုဒ္ဓ၀ိဟာရ မဟာမုနိကျောင်းကိုကော ပြန်ဖွင့်လို့ရနိုင်တဲ့ အနေအထား ရှိနိုင်ပါသလား။ အမြင်လေးကို နည်းနည်းရှင်းပြပေးပါ)

- ရမယ်လို့တော့ ထင်ပါတယ်။ ရပါလိမ့်မယ်။ အဲဒီကျောင်းကို ပထမတော့ သူတို့ သိမ်းလိုက်တယ်။ နောက်တော့ သံဃာ့နာယက ကိုအပ်လိုက်တယ်။ ဆရာတော်ကြီးတွေက ထိန်းသိမ်းထားတယ်။ ဆရာတော်ကို ပြန်လာလို့ ရတယ်လို့ ပြောထားတွေ ရှိတယ်။ အလုပ်လုပ်ရမယ်လို့တော့ ပြောသွားတယ်။ ဒါကြောင့် အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။

(အရှင်ဘုရားကို ဖမ်းတုန်းက ရခိုင်နဲ့ ပတ်သက်တဲ့ ရှေးဟောင်း အမွေအနှစ် ပစ္စည်းတွေကို ယူဆောင် သွားတယ်လို့ ကြားရပါတယ်။ အဲဒါတွေကို ပြန်ရနိုင်တဲ့ အနေအထား ရှိပါသလား။ အရှင်ဘုရားကကော တောင်းဆိုဖို့ အနေအထား ရှိပါသလား)

- တောင်းဆိုမယ်။ ရအောင်လုပ်မယ်။ ဒါပေမယ့် ဘယ်လောက်ပြန်ပေးမယ်။ ဘယ်လောက် ဖျက်ဆီးသွားတယ်။ ဘယ်လောက် ယူသွားတယ်ဆိုတာကိုတော့ စာရင်းမရသေးဘူး။ ပြန်သွားတဲ့အခါမှ ကျောင်းမှာ ပြန်ကြည့်ရမယ်။ ကျောင်းမှာ ဘယ်လောက်ကျန်သေးတယ်။ ဘယ်လောက် ပျက်စီးသွားတယ်။ ဘယ်လောက်ယူသွားတယ်။ အဲဒါကို သိအောင်လုပ်ရမယ်။ ပြီးမှ သူတို့ဆီမှ ရှိတဲ့ဟာတွေကို ပြန်လို့ ရအောင် တောင်းဆိုရမယ်။ အကြမ်းအားဖြင့် သိတာက ရခိုင်ငွေသားဒင်္ဂါးတွေ၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ်က ဒင်္ဂါးတွေ ၁၃ ပြား ပါသွားတယ်။ နောက် အင်္ဂလိပ်ခေတ်က ဗြိတိသျှခေတ်က သွန်းလုပ်ခဲ့တဲ့ ဒင်္ဂါး နှစ်ပြား ပါသွားတယ်။ ယဉ်ကျေးမှုနဲ့ မဆက်စပ်တဲ့ ဒီခေတ်က ပိုက်ဆံတွေလည်း ပါသွားတယ်။ နောက် ဘာတွေဘာတွေ ပါသွားတယ်ဆိုတာ မသိရသေးဘူး။ ကျောင်းကို ရောက်တဲ့အခါမှ ဘာရှိတယ်။ ဘာမရှိဘူး ဆိုတာကို သိရမယ်။

(အရှင်ဘုရားအပေါ် ဖမ်းဆီးပြီး လူဝတ်လဲလိုက်တဲ့အပေါ် တရားဥပဒေနဲ့ ညီတယ်လို့ အရှင်ဘုရား မြင်ပါသလား။ ပြည်သူတွေ သိအောင် ရှင်းပြပေးပါဘုရား။ )

- မတရားလို့ မြင်တဲ့အတွက်ကြောင့် တရားဆုံးဖြတ်တဲ့အခါမှာ သဘောတူလား၊ သဘောမကျဘူးလားလို့ မေးတဲ့အခါမှာ လုံးဝသဘောမတူဘူး။ လုပ်ကြံဖန်တီးမှုတွေ များတဲ့အတွက်ကြောင့် လုံးဝသဘောမတူတဲ့ အတွက် လက်မှတ်လည်း မထိုးခဲ့ဘူး။

- ( မတရား ထောင်ချခံလိုက်ရတဲ့ ပုဂ္ဂိုလ် တဦးအနေနဲ့ မြန်မာ နိုင်ငံ တရားရေး မဏ္ဍိုင်နဲ့ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ)

- မြန်မာနိုင်ငံရဲ့ ရဲလုပ်ငန်းကို ပထမဆုံး ပြောချင်တယ်။ မြန်မာနိုင်ငံရဲ့ ရဲလုပ်ငန်းကို စနစ်တကျ ပုံစံပြောင်းပြီး လူထုအတွက် အကျိုးရှိတဲ့ ရဲတပ်ဖွဲ့ ဖြစ်အောင် ပြုပြင်ပြောင်းလဲသင့်တယ်။ ရဲလုပ်ငန်းတွေဟာ တခါတလေ အမှုမရှိရင် ရှိအောင် လုပ်တာ၊ အမှု မဖြစ်ရင် အမူဖြစ်အောင် တည်ဆောက်တဲ့ ပုံစံမျိုးတွေ ရှိနေတဲ့ အတွက်ကြောင့် အမှုတွေဟာ မတရားတာတွေ ရှိနေသလို ဖေါင်းပွနေတာတွေလည်း ရှိတယ်။ ခုလို လုပ်တဲ့ အတွက် တရားဥပဒေ မစိုးမိုးဘူး။ တချို့လူတွေက တရား ဥပဒေ စိုးမိုး တယ်ဆိုတာ ပြည်သူတွေ လိုက်နာမှုကိုဘဲ ထင်နေကြတယ်။ ဒါဟာ မဟုတ်ဘူး။ တရား ဥပဒေဘက်တော်သားတွေကိုယ်တိုင်က တရားဥပဒေကို လိုက်နာဖို့လိုတယ်။ အခု မြန်မာနိုင်ငံမှာ တာဝန်ရှိတဲ့ လူတွေက တရားဥပဒေ အတိုင်း မလိုက်နာဘဲ လုပ်ချင်သလို လုပ်ပြီး ဖြစ်ချင်သလိုဖြစ်နေကြတယ်။ လုပ်ချင်သလိုလုပ်နေတာဟာ ဘာကို ပြသလဲဆိုရင် တရားဥပဒေ စိုးမိုးမှုမရှိတာကို ပြနေတဲ့ အချက် ဖြစ်တယ်။ ဒါကြောင့် ဥပဒေစိုးမိုးအောင် ပြည်သူတွေကဘဲ ဥပဒေကို လိုက်နာဖို့ မဟုတ်ဘဲ ဥပဒေ ဘက်တော်သားတွေကလည်း ဥပဒေကို လိုက်နာဖို့လိုတယ်။ အဲဒီအထဲမှာ ရဲလုပ်ငန်းတွေကိုလည်း ပြန်လို့ ပြုပြင် သင့်တယ်။ ကမ္ဘာ့အကောင်းဆုံး ရဲတွေရဲ့ ပုံစံကို ယူပြီးတော့ မြန်မာနိုင်ငံမှာ ရဲအဖွဲ့ကို အသစ်ပုံစံနဲ့ ပြုစု ပျိုးထောင် ရမယ်လို့ မြင်ပါတယ်။

(တရားရေး လုပ်ငန်းခွင်ကော အရှင်ဘုရား…….)

အမှုတွေကို ဆုံးဖြတ်တဲ့ တရားရေးလုပ်ငန်းတွေလည်း အခြေအနေ မကောင်းတာတွေ ရာခိုင်နှုန်း အပြည့်လို့ မပြောရဲပေမယ့် ၇၅ ရာခိုင်နှုန်းလောက်တော့ မကောင်းဘူး။ အဲဒါတွေကို ပြန်လည် ပြုပြင်ဖို့လိုတယ်။ ပြီးမှ တရား ဥပဒေစိုးမိုးပြီးတော့ အကောင်းဖြစ်မယ်။ အဲဒီလို မကောင်းတဲ့ အတွက်ကြောင့် ဦးဇင်းကို ဆုံးဖြတ်တဲ့အခါမှာလည်း မမှန်တာတွေ အများကြီး ပါသွားတယ်။

( ဤအင်တာဗျူးသည် နိရဉ္စရာ၏ မူပိုင် ဖြစ်ပါသဖြင့် အဆိုပါ အင်တာဗျူးအား ထပ်ဆင့် ဖေါ်ပြလိုသူများ အနေဖြင့် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ အမည်အား ရေးသားဖေါ်ပြကြစေလိုပါသည်။)


.............................
နိရဉ္စရာ

နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွှတ်ပေးရန် လွှတ်မြောက် ရခိုင်နိုင်ငံရေး အကျဉ်းသားများက သမ္မတ ဦးသိန်းစိန်ကို မေတ္တာရပ်ခံ

များမကြာမှီက လွှတ်မြောက်လာသော ရခိုင်နိုင်ငံရေး အကျဉ်းသား (၈) ဦးက ထောင်ထဲတွင်ကျန်ရှိနေသေးသော ရခိုင်နိုင်ငံရေး အကျဉ်းသမား (၄) ဦးနှင့် တခြား မြန်မာနိုင်ငံမှ နိုင်ငံရေး အကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ထံသို့ စာရေး တောင်းဆိုလိုက်ကြောင်း သတင်း ရရှိသည်။

အဆိုပါ စာအား လွတ်မြောက်လာသူ ရခိုင်နိုင်ငံရေးသမား (၈) ဦးက လက်မှတ်ရေးထိုးပြီး ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၁၈ ရက်နေ့က သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

တောင်းဆိုသူများထဲတွင် ဘားအံထောင်မှ လွတ်မြောက်လာသူ ဂွမြို့နယ် ၁၉၉၀ ရွှေးကောက်ပွဲနိုင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးညီပု၊ မြစ်ကြီးနား အကျဉ်းထောင်မှ လွှတ်မြောက်လာသူ ရခိုင်ကျောင်းသား ကိုကျော်ဝင်း၊ ကသာ အကျဉ်းထောင်မှ လွှတ်မြောက်လာသူ ရခိုင် ကျောင်းသား ထွန်းလင်းကျော်(ခေါ်) ထွန်းလင်း၊ အင်းစိန် ဗဟို အကျဉ်းထောင်မှ လွှတ်မြောက်လာသူ ရခိုင်ကျောင်းသားများ ဖြစ်ကြသည့် ကျော်ဇံသိန်း၊ ခိုင်ကျော်မိုးနှင့် အောင်စံသိန်း၊ ဗန်းမော် အကျဉ်းထောင်မှ လွှတ်လာသည့် ရခိုင်ကျောင်းသား နိုင်စိုးတို့ ဖြစ်ကြသည်။

ထောင်ထဲတွင် ကျန်ရှိနေခဲ့သော ရခိုင်နိုင်ငံရေး အကျဉ်းသမား (၄) ဦးမှာ အင်းစိန်း ဗဟို အကျဉ်းထောင်တွင် ရှိနေကြသော ရခိုင်ကျောင်းသားများ ဖြစ်ကြသည့် အောင်မိုးဇော် (ခေါ်) မိုးသီး၊ ရဲထက်စိုး၊ အောင်နိုင်နှင့် ပခုက္ကူထောင်တွင် ရှိနေသော နိုင်စိုး(ခေါ်) မဲလုံးတို့ ဖြစ်ကြသည်။

သူတို့၏ သမ္မတထံ ရေးသားပေးပို့သည့် စာထဲတွင် တိုင်းရင်းသား ပြန်လည် စည်းလုံး ညီညွှတ်ရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ထာဝရ ငြိမ်းချမ်းမူ ဖေါ်ဆောင်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖေါ်ရာ၌ အတားအဆီးမရှိ အဆင်ပြေချောမွေ့စေရန် အတွက် ထောင်တွင်း ကျန်ရှိနေသေးသော ရခိုင်တိုင်းရင်းသားများ အပါအ၀င် ကျန်နိုင်ငံရေး အကျဉ်းသား အားလုံးတို့အား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည် လွှတ်ပေးသင့်ကြောင်း ကျွန်တော်တို့ လေးစားစွာ စာရေး တောင်းဆို အပ်ပါသည်ဟု ပါရှိသည်။

inside-letter-scaned

inside-letter-scaned

................................

နိရဉ္စရာ

ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ မှတ်ပုံတင်တော့မည်

ဦးအေးသာအောင်

CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင် ဦးအေးသာအောင်နဲ့ ကြေးမုံ ဦးသာဘန်းတို့ ဦးဆောင်တဲ့ ရခိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို နောက်လထဲမှာ ပါတီ မှတ်ပုံပြန်တင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်လို့ သတင်းရရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးအေးသာအောင်က RFA ကို အခုလို ပြောပါတယ်။ “နောက်လလောက်ကို ကျွန်တော်တို့ တင်မလို့ပါ။ အရင်တုန်းကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြန်လည် မှတ်ပုံတင်ပေမယ့် ခွန်ထွန်းဦး တို့လို၊ စိုင်းညွန့်လွင်တို့လို၊ မင်းကိုနိုင်၊ ကိုကိုကြီးနဲ့ တကွ ရဟန်း သံဃာတော်တွေ၊ နိုင်ငံရေး အကျဉ်းသားတွေ မလွတ်မချင်း မှတ်ပုံ မတင်သေးဘူး ဆိုပြီး ကျွန်တော်တို့က ဆုံးဖြတ်ပြီး နေခဲ့တယ်။ အခုတော့ နိုင်ငံရေး အကျဉ်းသားတွေလည်း လွတ်လာပြီ ဆိုတော့ ကျွန်တော်တို့ပါတီ အနေနဲ့ မှတ်ပုံတင်ဖို့ ဆုံးဖြတ်ပါတယ်” ရခိုင် အမျိုး​သား​ ဒီမိုက​ရေစီ အဖွဲ့ချုပ်ဟာ ၁၉၉၀ ​ရွေး​ကောက်ပွဲမှာ တတိယ မဲအများ​ဆုံး​ ရခဲ့​ပေမယ့်​ စစ်အစိုး​ရက ပါတီကို ဖျက်သိမ်း​ခဲ့​ပါတယ်။ နောက်လထဲမှာ ပါတီ မှတ်ပုံပြန်တင်မှာ ဖြစ်ပေမယ့် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင်ချိန် လုံလုံလောက်လောက် ရနိုင်မှာ မဟုတ်ဘူးလို့ တွက်ဆထားပါတယ်။ ရခိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေထဲက ကွယ်လွန်သွားသူတွေနဲ့ ပြည်ပ ရောက်သွားသူတွေ နေရာမှာ အစားထိုးဖို့ ဆုံးဖြတ်ထားပြီးကြောင်း ကိုလည်း ဦးအေးသာအောင်က ပြောပါတယ်။

...............................

RFA သတင်း

လယ်သမား​များ​ထံမှ အာဏာပိုင်များ​ အဓမ္မစပါး​ ကောက်ခံမှုကို မ​ပေး​ရန် ရခိုင်အမတ် ​ဆော်ဩ


လယ်သမား ​တွေအ​နေနဲ့​ စစ်ဘက် အရပ်အာဏာပိုင်​တွေက စပါး​ ​ကောက်ခံလာတဲ့​အခါ မ​ပေး​ကြ​တော့​ဖို့​ ရခိုင်ပြည်နယ် ပြည်သူ့​လွှတ်​တော် ​မြောက်ဦး​မြို့​နယ်အမတ် ဦး​အောင်ထွန်း​သာက လိုက်လံ​ဆော်ဩ​နေပါတယ်။
စစ်အစိုး​ရ လက်ထက်တ​လျှောက်လုံး​ ​ဒေသခံ လယ်သမား​တွေထံက အာဏာပိုင်​တွေက စပါး​ကို မ​ပေး​မ​နေရ ​ကောက်ခံခဲ့​တာကို လက်မခံကြဖို့​နဲ့​ မ​ပေး​ကြ​တော့​ဖို့​ လယ်သမား​ထုအကြား​ လိုက်လံ သတိ​ပေး​နေတာပါ။
ဦး​အောင်ထွန်း ​သာက “အဲဒါ​တောင်း​တာက တပ်က ​တောင်း​တယ်၊​ ​နောက်ပြီး​တော့​ ဌာနဆိုင်ရာ​တွေ ​တောင်း​တယ်။ ဌာနဆိုင်ရာ​တွေက​တော့​ မြို့​နယ် အုပ်ချုပ်​ရေး​မှူး​ပေါ့​။ တခြား​ဌာန အကုန်လုံး​ ၁၅ ခု​လောက်ရှိတယ် ​တောင်း​တာ။ ​ကျောက်​တော်မြို့​နယ်က တပ်​တွေရှိတယ်။ အဲဒါ​တွေက ​တောင်း​တယ်။ တချို့​က​တော့​ ကျ​နော်တို့​ မ​ရောက်တဲ့​ ရွာ​တွေက​တော့​ ​ကြောက်လန့်​ပြီး​တော့​ ​ပေး​လိုက်ရပြီ။ အခု ကျ​နော်တို့​ ​ရောက်တဲ့​ ​နေရာက​တော့​ မ​ပေး​ပါဘူး​။ ကျ​နော်တို့​လည်း​ ထိန်း​ထား​တယ်။”
လယ်သမား​ တွေဆီက လယ်ယာ​မြေ​တွေကို စစ်တပ်နဲ့​ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​တွေက သိမ်း​ဆည်း​ခဲ့​ပြီး​ လယ်​ပေါ်မှာ လယ်လုပ်တဲ့​ ရွာ​ပေါ်မှာ မူတည်ပြီး​တော့​ လယ်သမား​တွေဆီက တဧကကို စပါး​တင်း​ ၂၀ ဝန်း​ကျင်​လောက် ​ကောက်ခံတယ်လို့​ ​ပြောပါတယ်။
မြောက်ဦး​ မြို့​နယ်အတွင်း​ စစ်တပ်က သိမ်း​ယူထား​တဲ့​ လယ်ဧက ၆၀၀ ခန့်​ရှိပြီး​တော့​ မြို့​နယ် အုပ်ချုပ်​ရေး​မှူး​ သိမ်း​ယူထား​တဲ့​ ဧက ၁၃၀၀ ​ကျော်ခန့်​ ရှိပြီး​ အဲဒီလယ်​တွေမှာ စိုက်တဲ့​ လယ်သမား​တွေဆီက​နေ ​တောင်း​တာ ဖြစ်ပါတယ်။
ဒီ​တောင်း​ ခံမှုက ၁၉၉၇ ကတည်း​က စတင် ​တောင်း​ခံတာဖြစ်လို့​ ၁၅ နှစ် ​လောက် ရှိပြီ ဖြစ်ပါတယ်။ ဒီလို အဓမ္မ ​တောင်း​ခံမှု​ကြောင့်​ လယ်သမား​တချို့​ ပိုင်ရှင်ဘဝက​နေ သူရင်း​ငှား​ဘဝကို ​ရောက်ခဲ့​တယ်လို့​ ဆိုပါတယ်။
သက်ဆိုင်ရာက ​နောက်ထပ် ​တောင်း​ခံလာမယ်ဆိုရင် ပြည်နယ်ဝန်ကြီး​ချုပ်ဆီက အ​ကြောင်း​ကြား​ စာရမှသာ ​ပေး​သင့်​ မ​ပေး​သင့်​ စဉ်း​စား​မယ်လို့​လည်း​ ရွာသား​တွေကို ​ပြောဆိုခဲ့​တယ်လို့​ ​ပြောပါတယ်။
လွှတ်​တော်မှာ ​ငွေ​ကောက်တဲ့​ ကိစ္စကို တင်ပြရာမှာ ​ဒေသရှိ အစိုး​ရနဲ့​ ညှိနှိုင်း​ ​ဆွေး​နွေး​ ​ဆောင်ရွက်ဖို့​ နိုင်ငံ​တော်က ပြန်လည် ရှင်း​လင်း​ခဲ့​တယ်လို့​ ဦး​အောင်ထွန်း​သာက ​ပြောပါတယ်။
“ကျ​နော်က လွှတ်​တော်​ရောက်တယ်။ လွှတ်​တော်ကို ဒါ​တွေ ယူသွား​တယ်၊​ ယူသွား​ပြီး​တော့​ တင်တယ်၊​ လယ်ယာ စိုက်ပျိုး​ရေး​နဲ့​ ဝန်ကြီး​က ​ဖြေတာ​တွေကို ကျ​နော်တို့​က ရှင်း​လင်း​ ​ပေး​နေပါတယ်၊​ အဲဒါ​ကြောင့်​ အခု တချို့​ ​ကျေး​ရွာသား​တွေက ​ကြောက်လန့်​ ​နေတာက ​နေပြီး​တော့​ နည်း​နည်း​တော့​ သ​ဘော​ပေါက်လာကြတယ်။”
မြောက်ဦး​ မြို့​နယ်အတွင်း​က ရွာ​ပေါင်း​ ၇ ရွာ​လောက်ကို အဲဒီအ​ကြောင်း​နဲ့​ ပတ်သက်ပြီး​ လိုက်လံ ​ပြောပြခဲ့​တယ်လို့​လည်း​ သူက ဆိုပါတယ်။
မြောက်ဦး​ မြို့​နယ်၊​ ခွဆုံ​ကျေး​ရွာရှိ တိုး​ချဲ့​မြေကို အား​ထား​ မှီခို လုပ်ကိုင်​နေကြ​သော လယ်သမား​များ​ထံက​နေပြီး​ တနင်္ဂ​နွေ​နေ့​က တိမ်ညို ​ကျေး​ရွာရဲစခန်း​က စခန်း​မှူး​နဲ့​ မြို့​နယ်မှူး​များ​က စပါး​ ​ကောက်ခံတာ​တွေ လုပ်ခဲ့​တယ်လို့​လည်း​ ရွာသား​တွေက ဒီဗွီဘီကို စာ​ရေး​သား​ပေး​ပို့​ခဲ့​ပါတယ်။

...............................
Burmese.dvb News

ရခိုင်မှ ထောင်သားများ ကျေးကျွန် သဖွယ် စေခိုင်း ရောင်းစား ခံနေရ

ခိုင်သိန်း
---------
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် သဲတော် ရဲဘက်အကျဉ်းစခန်းမှ ထောင်သားများအား ထောင်အာဏာပိုင်များက ပုဂ္ဂလိက ပြင်ပ လုပ်ငန်းများတွင် နေ့စား အလုပ်သမားများ အဖြစ် ဌားရမ်းနေကြောင်း သိရသည်။
Burma-Prisoners-Walking
ရဲဘက်စခန်းတွင် ထောင်သားများကို ယခုလို အလုပ်ကြမ်းစေခိုင်းသည်။
" ကျွန်တော်တို့ဆီမှာ လယ်ယာအလုပ်တွေကို လုပ်ဖို့ အလုပ်သမားတွေ ရှားပါးနေတော့ ထောင်သားတွေကိုဘဲ နေ့တွက် ပေးပြီး ဌားနေကြရပါတယ်။ နံနက် ၇ နာရီကနေ ညနေ ၄ နာရီထိ ထောင်သား တစ်ဦးကို ၂၀၀၀ ကျပ် ပေးရပါတယ်။ ထမင်းတော့ ကျွန်တော်တို့ ကျွေးပါတယ်။ အခု လောလောဆယ်တော့ စပါးရိတ်တာနဲ့ စပါးသယ်တဲ့ နေရာမှာဘဲ သူတို့ကို ဌားပြီး ခိုင်းရတာ ဖြစ်ပါတယ် " ဟု သဲတော်ကျေးရွာမှ လယ်ပိုင်ရှင် တစ်ဦးက ပြောသည်။

ပုဏ္ဍားကျွန်းမြို့နယ် သဲတော်တွင် ရဲဘက်စခန်းဖွင့်ထားပြီး စစ်တွေနှင့် ဘူးသီးတောင် အကျဉ်းထောင်များမှ လွတ်ရက်စေ့ခါနီး အကျဉ်းသားများကို ခေါ်ယူပြီး အလုပ်များ ခိုင်းစေနေခြင်း ဖြစ်သည်။

" ခိုင်းနေတဲ့ ထောင်အရာရှိကတော့ ဦးဝင်းမောင် ဖြစ်ပါတယ်။ ထောင်သား ၅၀ ကျော်လောက် ရှိမယ်ထင်ပါတယ်။ သူတို့ကို အပြင်က လယ်ယာ လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ ဌားရမ်းသလို အပြင် အလုပ်မရှိတဲ့ အခါ ထောင်သားတွေက ထင်းခုတ်ကြတာကို တွေ့ပါတယ်။ ထင်းတွေကို ဒေသ အနီးတ၀ိုက်က မြို့တွေကို တင်ပို့တယ်။ ထောင်ရံပုံငွေအတွက် လာလုပ်တယ်လို့ သူတို့က ပြောပါတယ် " ဟု သူက ဆက်ပြောသည်။

အကျဉ်းသားများကို စစ်တွေနှင့် ဘူးသီးတောင်ထောင်များမှ သုံးလ တကြိမ် အရွှေ့အပြောင်း လုပ်ပြီး ထောင်သားများကို ထောင်အာဏာပိုင်များက မိမိကိုယ်ကျိုးအတွက် အပြင်သို့ နေ့စား လုပ်သားများ အဖြစ် ဌားရမ်းနေခြင်း ဖြစ်သည်။

...............................
နိရဉ္စရာ