ပည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခြင်းခံရသူ ဦးအောင်ကျော်ဇံနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ်ချကြောင်း ၎င်းတို့ ထုတ်ပြန်သည့် ကြေညာချက်အား မင်းမဲ့စရိုက်လုပ်ရပ် ဖြစ်ကြောင်း အစိုးရထုတ်သတင်းစာများက ရေးသားခြင်းအပေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ လွှတ်တော်ကိုယ်စားလှယ်များ က ပြန်လည်ချေပသွားမည်ဟု သိရသည်။
၂၀၁၀ ရွေးကောက်ပွဲမတိုင်မီက ရခိုင်ပြည်နယ် စစ်တွေမြို့တွင် RNDP ပါတီဝင်များ စည်းရုံးဟောပြောစဉ် (ဓာတ်ပုံ - နိရဉ္စရာ)
ရခိုင်ပြည်နယ် ပေါက်တောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံအား ကိုယ်စားလှယ် အဖြစ်မှ ပယ်ဖျက်လိုက်ခြင်းအပေါ် ရခိုင်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့မှ ကိုယ်စားလှယ် ၁၅ ဦး လက်မှတ်ရေးထိုး၍ စက်တင်ဘာလ ၉ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ကြခြင်း ဖြစ်သည်။
အစိုးရသတင်းစာများ၏ ရေးသားချက်တွင် ကော်မရှင်၏ အသေးစိတ် ဆွေးနွေးချက်များကို ထည့်သွင်းရေးမထားဘဲ ၎င်းတို့ လိုလားသော အကြောင်းအရာများကိုသာ တဖက်သတ် စွပ်စွဲရေးသားထားသောကြောင့် လူပုဂ္ဂိုလ်၏ ဂုဏ်သိက္ခာနှင့် ပါတီ၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း၊ ထိုကိစ္စကို မီဒီယာများမှ တဆင့် ပြန်လည် ဖြေရှင်း ချေပသွားမည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ်နှင့် RNDP ပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေး၌ ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့၏ ထင်မြင်ချက်၊ ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ပြောဆိုခွင့်ရှိသည်ဟု ပါရှိကြောင်း၊ ထိုအရာများကို စာရေးသူ အနေဖြင့် နားလည်မှု ရှိ၊ မရှိ မသိနိုင်ကြောင်း ဒေါက်တာ အေးမောင်က ဆိုသည်။
ဆက်လက်၍ ၎င်းက “အစိုးရ သတင်းစာတွေမှာ ဒီလို တဖက်သတ် စွပ်စွဲချက်တွေ ရေးနေတာ ထည့်လို့ရလား ဆိုတဲ့ မေးခွန်း မေးရတော့မယ်။ ဒီတော့ ကော်မရှင်ရဲ့ နောက်ကွယ်မှာ အစိုးရ ရှိနေလား၊ ကျနော်တို့က ပြန်လည် ချေပမယ့် အကြောင့်အရာ ကိုကော သတင်းစာက ထည့်ခွင့်ပေးမှာလားပေါ့” ဟု ပြောသည်။
RNDP ပါတီမှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၅ ဦး၏ ကြေညာချက်၌ ဦးအောင်ကျော်ဇံအား ကိုယ်စားလှယ် အဖြစ်မှ ပယ်ဖျက်လိုက် ခြင်းကြောင့် ကာယကံရှင်ကိုယ်တိုင် နစ်နာဆုံးရှုံးမှု ရှိပြီး မဲဆန္ဒရှင် ပြည်သူများ၏ မျှော်လင့်ချက်များ ပျက်သုဉ်းကာ စိတ်ပျက်ဖွယ်ရာ ရလဒ်များ ထွက်ပေါ်လာရသည့်အတွက် ကန့်ကွက်ရှုတ်ချရခြင်း ဖြစ်သည်ဟု ရေးသား ထားသည်။
“ကျနော်တို့ရဲ့ ကြေညာချက်မှာ ဘယ်သူ့ကိုမှ စွပ်စွဲထားတာမပါဘူး။ ဒီလိုပုံစံမျိုး ဖြစ်လာအောင် ဖန်တီပေးတဲ့ အခင်းအကျင်းတွေ အားလုံးကို ရှုတ်ချတယ်လို့ပဲ ဖော်ပြထားတယ်။ နောက်တခုက သတင်းစာထဲက အချက်တွေက ဘယ်လောက်အထိ မှန်လဲဆိုတာတော့ သတင်းစာအပေါ်မှာ ပြည်သူတွေရဲ့ ယုံကြည်မှု ဘယ်လောက်ရှိလဲ ဆိုတဲ့ အချက်ပေါ်မှာ မူတည်ပါလိမ့်မယ်” ဟု ဒေါက်တာ အေးမောင်က ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာသောမတ်စ် ကင်တားနားက အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကုလသမဂ္ဂသို့ တင်သွင်းမည့် အစီရင်ခံစာ၌ ဦးအောင်ကျော်ဇံ၏ ကိစ္စပါရှိသည်ဟု ကြားသိရပြီး ကော်မရှင်၏ မျှတမှုကို ဖော်ပြလို၍ ယခုကဲ့သို့ အစိုးရ သတင်းစာများက ရေးသားခြင်းဟု ယူဆကြောင်း ဒေါက်တာအေးမောင်က ပြောသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရသူ ဦးအောင်ကျော်ဇံကလည်း အစိုးရသတင်းစာများ၏ ရေးသားချက် သည် တဖက်သတ် စွပ်စွဲ ရေးသားခြင်းဖြစ်သည့်အတွက် ပြန်လည်ရှင်းလင်း သွားမည်ဟု ဆိုသည်။
“ဒီလိုတဖက်သတ် ရေးတဲ့အတွက် ကျနော့်ရဲ့ ဂုဏ်သိက္ခာကို အများကြီးထိခိုက်ပါတယ်။ ဒီအတွက် အိတ်ဖွင့်ပေးစာ ပေးပြီးတော့ အစိုးရ သတင်းစာကနေပဲ ပြန်ရေးမယ်။ သတင်းစာက ထည့်မပေးရင် ပုဂ္ဂလိက မီဒီယာတွေက တဆင့် ရှင်းလင်းသွားမှာပါ” ဟု ဦးအောင်ကျော်ဇံက ဧရာဝတီကိုပြောသည်။
လက်ရှိအစိုးရသည် ဒီမိုကရေစီစနစ် ကျင့်သုံးနေပြီဖြစ်သည့်အတွက် ဒီမိုကရေစီနည်းလမ်းအရ တဖက်မှ စွပ်စွဲချက်အား တခြား ဘက်မှပြန်လည် ချေပရေးသားခွင့် ပေးသင့်ကြောင်း ၎င်းက ဆိုသည်။
အောက်တိုဘာလ ၉ ရက် နေ့ထုတ် အစိုးရ သတင်းစာများတွင် ပါရှိသော ဆောင်းပါရှင် ကိုကိုအောင်၏ “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ဟူသည့် ဆောင်းပါး၌ ဦးအောင်ကျော်ဇံသည် ရွေးကောက်ပွဲတွင် လူမျိုးရေးကို အကြောင်းပြု၍ မဲပေးကြရန် စည်းရုံးဟောပြောမဲဆွယ်ခြင်း၊ ကြိုတင်မဲပေးခြင်းတို့ကို အဟန့်အတားဖြစ်စေရန် ဆောင်ရွက်ခြင်း စသည့်တို့ကို မတရား ပြုမူဆောင်ရွက်ခဲ့သည်ဟု ရေးသားထားသည်။
RNDP ပါတီမှ ဦးအောင်ကျော်ဇံနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) မှ ဦးထွန်းအောင်ခိုင် တို့သည် ပေါက်တော မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ကြရာ ဦးအောင်ကျော်ဇံက ထောက်ခံမဲ ၃၀၅၅၀ မဲရရှိပြီး ဦးထွန်းအောင်ခိုင်က ထောက်ခံမဲ ၁၁၅၅၁ မဲ ရရှိခဲ့ကြောင်း သိရသည်။
“မဲအရေအတွက်က ၁၈၉၉၉ မဲကွာနေပါတယ်။ ဒီတော့ လူမျိုးရေးဟောပြောတယ်၊ ကြိုတင်မဲပေးတာကို အဟန့်အတားဖြစ်စေ တယ် ဆိုတဲ့စွပ်စွဲ ချက် ၂ ခု နဲ့စွဲတယ်။ ကြိုတင်မဲတွေ ဓာတ်ပုံရိုက်တယ် ဆိုတာကလည်း မတရားမှုတွေကို မှတ်တမ်း တင်ထားလိုတဲ့ သဘောနဲ့ လုပ်ခဲ့တာပါ။ ဒီအတွက်လည်း ကြိုတင်မဲပေးတာကို ထိခိုက်မှု မရှိခဲ့ပါဘူး” ဟု ဦးအောင်ကျော်ဇံက ရှင်းပြသည်။
ဦးထွန်းအောင်ခိုင်ဘက်မှ သက်သေ ထွက်ဆိုသူများသည် ကြံ့ဖွံပါတီဝင်များ ဖြစ်သည်ဟု သိရသည်။
၂၀၁၀ ရွေးကောက်ပွဲ၌ RNDP ၏ ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ အနိုင်ရခြင်းကို မကျေနပ်သည့်အတွက် ကြံ့ဖွံ့ပါတီ၏ ကိုယ်စားလှယ် ဦးထွန်းအောင်ခိုင်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားခဲ့ပြီးနောက် ဦးအောင်ကျော်ဇံ ရှုံးနိမ့်သွားသည့် အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ပယ်ဖျက်ကြောင်း စက်တင်ဘာလ ၉ ရက်နေ့ထုတ် အစိုးရ သတင်းများ၌ ဖော်ပြခဲ့ပြီး ဖြစ်သည်။
...........................
ဧရာဝတီ
0 comments:
Post a Comment