မေး။ ။ ကြံ့ခိုင်ရေး ပါတီက ၀န်ကြီးနှစ်ဦးက ခေါ်ယူတွေ့ဆုံတယ်ဆိုတော့ တွေ့ဆုံတဲ့ အပေါ် ဘယ်လို အမြင် ရှိပါသလဲ။
ဖြေ။ ။ တွေ့ဆုံးဆွေးနွေး ညှီနိုင်းဖြေရှင်းကြတယ်ဆိုတာ၊ နားလည်မှု တည်ဆောက် ကြတယ်ဆိုတာက အင်မတန်ကောင်းတဲ့ ဒီမိုကရေစီရဲ့ သင်္ကေတပါ။ ရွေးကောက်ပွဲ အလွန် နိုင်ငံရေးပါတီတခုက အနိုင်ရတဲ့ လွှတ်တော် အမတ်တွေ၊ ပါတီက ခေါင်းဆောင်တွေကို အခုလက်ရှိ အစိုးရအဖွဲ့ ဝန်ကြီးတွေက တွေ့ဆုံခြင်းဟာ ကျွန်တော်တို့ ရွေးကောက်ပွဲလွန်တဲ့ ကာလပေါ်မှာ ကျနော်တို့ အနိုင်ရတဲ့ အပေါ်မှာ အသိမှတ်ပြုတဲ့ သဘောလည်း ဖြစ်ပါတယ်။

မေး။ ။ တွေ့ဆုံပွဲက စဖြစ်သွားရတဲ့ အခြေအနေကို ပြောပြပေးပါ။
ဖြေ။ ။ ကျနော်တို့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ အောက်မှာရှိတဲ့ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဖိတ်မန္တက ပြုချက် အရ အလွတ် သဘော တွေ့ဆုံကြတာပါ။ အဲဒီတော့ အဲဒီဆွေးနွေးပွဲမှာ ကျနော်တို့ ဘက်ကဆိုရင် ကျနော်ပါ ပါတယ်၊ နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အရွေးခံရတဲ့ ဦးမောင်ညို ပါပါတယ်။ ပြည်နယ်လွှတ်တော် စစ်တွေ အမှတ် ၂ က ဦးအောင်မြကျော် ပါပါတယ်။ ဟိုဘက်က ပြည်ထောင်စု ဝန်ကြီးထဲက အမှတ် တစ် စက်မှုဝန်ကြီး ဦးအောင်သောင်း ပါပါတယ်။ နောက် ပို့ဆက်ဝန်ကြီး ဦးသိန်းဆွေ ပါပါတယ်။ ကျနော်တို့ အလွတ်သဘော တွေ့ကြတာပါ။ ရွေးကောက်ပွဲကော်မရှင် ပြည်နယ်ရဲ့ ဖိတ်မန္တက ပြုချက်အရပါ။
မေး။ ။ အဓိက ဘာတွေကို ဆွေးနွေးကြတာပါလဲ။
ဖြေ။ ။ အဓိကတော့ ကျနော်တို့ ပါတီ မှတ်ပုံတင်ကတည်းက ပါတီရဲ့ မူဝါဒတွေ ပါပါတယ်။ နံပတ် ၁ က ဖွံ့ဖြိုး တိုးတက်ရေးပါ။ ရခိုင်ပြည်နယ်နဲ့ ပြည်ထောင်စု ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ ဦးတည်ချက် ပါပါတယ်။ အဲဒီပြီးမှ ကျနော်တို့ရဲ့ Equality နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တန်းတူညီမျှမှု ရရှိရေး။ လစ်ဘရယ် ဒီမိုကရေစီ ရရှိအောင် ဆောင်ရွက်မယ် ဆိုတဲ့ ဦးတည်ချက် သုံးရပ်ပါ။ အဲဒီ ဦးတည်ချက် ၃ ရပ်မှာ ပထမ ဦးတည်ချက်က ဖွံ့ဖြိုးတိုးတက်ရေး ဆိုတာ ပါပါတယ်။ အဲဒါကို မူတည်ပြီးခါမှ ဝန်ကြီး ဦးအောင်သောင်းက ဆွေးနွေးပါတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးကို သူတို့က အင်မတန်မှ လိုလားပါတယ်။ စိတ်ဝင်စားပါတယ်။ ကျနော်တို့ထက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပိုပြီး လိုလားမယ်လို့ ယုံကြည်ပါတယ် ဆိုတဲ့ အခါမှာ ကျနော်တို့ကလည်း ယုံကြည်ပါတယ်။ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီဟာ ကြွေးကြော် လာကတည်းကိုက ရခိုင်ပြည်ဒေသ ဖွံ့ဖြိုး တိုးတက်ရမယ်။ နည်းတူ ပြည်ထောင်စု တဝန်းလုံး ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်ဆိုရင် တကယ် ဖွံ့ဖြိုးတိုးတက်အောင်လုပ်တဲ့ အဖွဲ့စည်းတွေကို ပံ့ပိုးကူညီ ထောက်ကူသွားဖို့ ကျနော်တို့မှာ ရည်ရွယ်ချက် ရှိပါတယ်ဆိုတဲ့ ဟာလည်း ဆွေးနွေးကြပါတယ်။ တကယ်လို့များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဦးမတည်ဘူးဆိုရင် ပြည်သူတွေရဲ့ ရှေ့က ပြည်သူတွေ နစ်နာနိုင်မဲ့ လုပ်ငန်းမျိုး လုပ်ရပ်မျိုး စီမံချက်မျိုး ဆိုရင်တော့ဖြင့် ကျနော်တို့က စိစစ်ညှိနိုင်း သုံးသပ်ပြီး ကျနော်တို့ က အဆင့်ဆင့် တင်ပြပြီးခါမှ နောက်ဆုံး ကန့်ကွက်သွားမယ် ဆိုတဲ့ သဘောမျိုး ကျနော်တို့ ဆွေးနွေးကြပါတယ်။
မေး။ ။ နိုင်ငံရေး အရ ဆွေးနွေးခဲ့တာများ ရှိပါသလာ။ အထူးသဖြင့် ပြည်နယ် လွှတ်တော် ဖွဲ့စည်းရေး အပိုင်းမှာ ဘယ်လို ဆွေးနွေးမူမျိုးတွေ ရှိခဲ့ပါသလဲ။
ဖြေ။ ။ ကျနော်တို့ နားလည်မှုရှိစွာနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပါတယ်။ ကျနော်တို့က ယုံကြည်စွာနဲ့ ဆွေးနွေးကြတဲ့ အခါမှာ ကျနော်တို့က ဘာပြောကြလဲဆိုရင် ဥပမာ အခု လက်ရှိ ကျနော်တို့ အနိုင်ရတဲ့ နေရာ ၉ မြို့နယ် ရှိပါတယ်။ အဲဒီ ၉ မြို့နယ်က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဆိုရင် ၁၈ ဦးရှိပါတယ်။ ပြည်ခိုင်ဖြိုးပါတီက ၁၄ ဦး ရှိတယ်ပေါ့လေ။ ကျနော်တို့က များပေမဲ့လည်း တပ်မတော် အင်အားကို ပေါင်းရင်တော့ ဘယ်လိုဘဲဖြစ်ဖြစ် ကျနော်တို့ အင်အားက နည်းသွားပါလိမ့်မယ်။ ဒါပေမဲ့လည်း ဒေသဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပတ်သက်လို့ အဲဒီ ဝန်ကြီးတွေ ဘက်က ပူးပေါင်းဆောင်ရွက် ချင်တဲ့ လုပ်ငန်းမျိုးတွေ အစီစဉ်တွေရှိပါတယ်။ စီမံခန့်ခွဲတဲ့ လုပ်ငန်း အပေါ်မှာလည်း ပူးပေါင်း ညှိနိုင်းဆောင်ရွက်ချင်တဲ့ အချက်တွေ သူတို့ဘက်က အဆိုပြုပါတယ်။ ကျနော်တို့ဘက်က ပွင့်ပွင့်လင်းလင်းဘဲ ဝန်ကြီး နှစ် ဦးကို တင်ပြတာကတော့ ကျနော်တို့မှာ ဒီဥစ္စာက အပြု သဘော သတ်မှတ်ပါတယ်။ ကျနော်တို့က မှတ်သားထားပါမယ်။ ကျနော်တို့က မကြာခင် ဒီဇင်ဘာလ ၁ ရက် ၂ ရက်မှာ ဆွေးနွေးကြမဲ့ ကျနော်တို့ရဲ့ ဗဟို အလုပ်မှုဆောင် ကော်မတီရဲ့ ညှိနိုင်း အစည်းဝေးမှာ ဝန်ကြီးတွေရဲ့ အဆိုပြုချက်တွေကို တင်ပြပါမယ်။ ပြီးရင် သဘောထား မှတ်ချက်တခု ရတဲ့ အခါမှာ ဥပမာ ကျနော်တို့ ဒီဝန်ကြီး နှစ် ဦးရဲ့ တဦးဖွင့်ပေးထားတဲ့ ဦးသိန်းဆွေ နဲ့ ပြန်ပြီးခါမှ အလုပ်သဘော ဆွေးနွေးပါမယ်လို့ ကျနော်တို့ ကြိုတင်ပြီးတော့ အလွတ်သဘော ဆွေးနွေး ကြပါတယ်။
မေး။ ။ ခုဆွေးနွေးပွဲဟာ အားလုံး မျှော်လင့်နေတဲ့ တွေ့ဆုံ ဆွေးနွေးရေး လမ်းစလို့ကော ပြောနိုင်ပါ့မလား။
ဖြေ။ ။ တွေ့ဆုံဆွေးနွေး ညှိနိုင်း အဖြေရှာကြတယ်ဆိုတာ အင်မတန်ကောင်းတဲ့ အစဉ်လာလေးပါ။ ကျနော်တို့မှာ တွေ့ဆုံးဆွေးနွေးချင်ကြတဲ့ ဒိုင်ယာလော့ ဆိုတဲ့ ဟာလေး ပေါ်လာတယ်။ ဥပမာ လက်ရှိ အာဏာရ အစိုးရ နဲ့ အခုမှ ရွေးကောက်ခံရတဲ့ ဒေသတခုရဲ့ တိုင်းရင်းသား ပါတီတခု ဆွေးနွေး ကြတယ်ဆိုတာ အင်မတန် အစဉ်လာကောင်းတဲ့ ဒီမိုကရေစီရဲ့ အဆင့်တဆင့်ကို ရောက်လာပြီး ပွင့်လင်း ညင်သာ လွတ်လပ်တဲ့ ဆွေးနွေးပွဲလေးတခု နောက်မကြာမိပေါ်လာတော့မဲ့ အတိတ် နိမိတ်လို့ဘဲ ကျနော်တို့ သုံးသပ်ပါတယ်။ အင်မတန်လည်း ကြိုဆိုပါတယ်။
(ပြီး)

.......................
နိရဉ္စရာ
0 comments:
Post a Comment