Pages

Friday, 30 March 2012

" အစိမ်းရောင် ယူနီဖေါင်း ဒီမိုကရေစီမှ အ၀ါရောင် စကတ် ဒီမိုကရေစီသို့" ဆောင်းပါး စာပေ စိစစ်ရေးမှ ခေါ်ယူသတိပေး

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အပတ်စဉ် ပုံမှန် ထုတ်ဝေနေသော တိုးတက်ရေး ဂျာနယ်ပါ "အစိမ်းရောင် ယူနီဖေါင်း ဒီမိုကရေစီမှ အ၀ါရောင် စကတ် ဒီမိုကရေစီသို့" ဆောင်းပါးနှင့် ပတ်သက်ပြီး စာပေ စိစစ်ရေးမှ ထုတ်ဝေသူ အား ခေါ်ယူသတိပေးမူ ပြုလုပ်ခဲ့သည်။


newspapers
တိုးတက်ရေး သတင်းလွှာအား ပြည်သူများ နှစ်ခြိုက် အားပေးလျှက်ရှိသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
တိုးတက်ရေး သတင်းလွှာ ဂျာနယ်အား ပါတီမှ တာဝန်ယူ ထုတ်ဝေနေသူ ဦးမြင့်နိုင်ကို စာပေ စိစစ်ရေးအဖွဲ့ ဒုညွှန်ကြားရေးမှူးက ခေါ်ယူ သတိပေးခဲ့ခြင်း ဖြစ်သည်။

" ဖေဖေါ်ဝါရီ ၂၉ ရက်နေ့က ကျွန်တော်တို့ ထုတ်ခဲ့တဲ့ တိုးတက်ရေး သတင်းလွှာ အတွဲ ၂၊ အမှတ် ၄ မှာ ဆောင်းပါးရှင် တိုးတက်ခိုင် ရေးတဲ့ "အစိမ်းရောင် ယူနီဖေါင်း ဒီမိုကရေစီမှ အ၀ါရောင် စကတ် ဒီမိုကရေစီသို့" ဆောင်းပါးကို စာပေစိစစ်ရေးက ခေါ်ယူ သတိပေးတာ ဖြစ်ပါတယ်။ ဒီလ ၁၇ ရက်နေ့ က ကျွန်တော်တို့ကို ခေါ်ယူပြီး နောက်နောင် ဒီလို ဆောင်းပါးတွေကို မဖေါ်ပြဖို့ သတိပေးပြီး ခံဝန်ချက် လက်မှတ်လည်း ရေးထိုးခိုင်းပါတယ်" ဟု ထုတ်ဝေသူ ဦးမြင့်နိုင် နိရဉ္စရာသို့ ပြောသည်။

ဆောင်းပါးတစ်ခုလုံး အတွက် ခေါ်ယူသတိပေးခြင်း ဖြစ်ပြီး နအဖ စစ်အစိုးရ လက်ထက်က ထုတ်ပြန်ခဲ့သော ဥပဒေ တစ်ခုနှင့် ငြိစွန်းနေသည်ဟု ဆိုကာသတိပေး ကန့်ကွက်ခြင်း ဖြစ်ကြောင်း ဦးမြင့်နိုင်က ပြောသည်။

" ဆောင်းပါးမှာတော့ ဝေေ၀ဆာဆာ ရေးထားပါတယ်။ သူတို့ ကန့်ကွက်တယ်ဆိုတာက ညွန်ကြားချက် အမှတ် ၄၄ လို့ ပြောပါတယ်။ စစ်အစိုးရလက်ထက်က ထုတ်ခဲ့တဲ့ ညွန်ကြားချက်ပါ။ အဲဒီညွန် ကြားချက်အပေါ်မှာ မူတည်ပြီး သတိပေး ကန့်ကွက်တယ်လို့ ပြောပါတယ်။ ဆောင်းပါး ထဲမှာ ကတော့ အရင်တုန်းက အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရ ဥပဒေအကြောင်းအရာ လေးတွေကို ဝေဖန် သုံးသပ်ထားတွေ ပါဝင်ပါတယ်။ ဆောင်းပါးကတော့ သုံးမျက်နှာခန့် ရှိပါတယ်။ ဘယ်အကြောင်း အရာ ပေါ်မှာ သတိပေးတယ်ဆိုတာကိုတော့ အတိအကျ သူတို့ မပြောပါဘူး။ ဆောင်းပါးတခုလုံး အပေါ်မှာဘဲ သတိပေးတာပါ။ ဆောင်းပါး မှာတော့ ရေးထားတဲ့ အချက်တွေကလည်း အများကြီးပါ။"

တိုးတက်ရေး ဂျာနယ်ကို ပုံနှိပ်ထုတ်ဝေပြီှးမှ စာပေ စိစစ်ရေးသို့ ပုံမှန် (၁၀) စောင်ကျစီ တင်ပေးရပြီး ယခု အကြိမ် ခေါ်ယူ သတိပေးမူမှာ ဒုတိယ အကြိမ် ဖြစ်ကြောင်း သိရသည်။

" ခု ခေါ်ယူသတိပေးတာကတော့ ဒုတိယ အကြိမ် ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ဘာမှ ပြောစရာ မရှိပါဘူး။ ကျွန်တော်တို့က သူတို့ထုတ်ထားတဲ့ ညွန်ကြားချက်အရဘဲ ရေးရမယ် ဆိုတဲ့ အတွက် စာပေစိစစ်ရေးက ထုတ်ထားတဲ့ ဥပဒေတွေနဲ့ မငြိစွန်းရအောင် ရေးကြရမှာပေါ့။ ကျွန်တော်တို့က ဥပဒေဘောင်ထဲက ထုတ်ဝေနေတဲ့ စာစောင်ဆိုတော့ ဥပဒေနဲ့ မငြိစွန်းအောင်တော့ လုပ်ရမှာ ဖြစ်ပါတယ်" ဟု ဦးမြင့်နိုင်က ပြောသည်။

တိုးတက်ရေး သတင်းလွှာကို စာပေစိစစ်ရေးက ခေါ်ပြီး သတိပေးခံရခြင်းနှင့် ပတ်သက်ပြီး ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ သဘောထား အမြင်ကို မေးမြန်းရာ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ယခုလို ပြောသည်။

" ကျွန်တော်တို့ ရခိုင်တိုင်းရင်းသာများ တိုးတက်ရေးပါတီ စာစောင်ကို ခေါ်ပြီးတော့ သတိပေးတဲ့ အချိန်မှာ ရန်ကုန်မှာ ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်းနဲ့ တခြား ယူနက်စကို၊ နိုင်ငံတကာ သတင်းထောက်တွေနဲ့ ဗမာပြည်ရဲ့ မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေတဲ့ အချိန် ဖြစ်ပါတယ်။ အဲဒီလို ဗမာပြည်ရဲ့ မီဒီယာ ဥပဒေ၊ မီဒီယာ မြှင့်တင်ရေးအတွက် လုပ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ တိုင်းရင်းသား ပါတီငယ် တခုရဲ့ စာစောင်လေး တစ်ခုအပေါ်မှာ အဲဒီလို တင်းတင်းမာမာ သတိပေးတာဟာ တဖက်သတ် ဆန်နေတယ်။ တိုင်းရင်းသား ပါတီ တစ်ခု အပေါ်မှာ ဖိအား ပေးတယ် လို့ဘဲ ကျွန်တော်တို့ ခံစားမိတယ်။ ဘာမှ ကြီးကျယ်တဲ့ဟာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့က စနစ်ဟောင်းတုန်းက အဖြစ်အပျက်လေးတွေကို တင်ပြတာပါ။ အဲဒီမှာ တိုင်းရင်းသားတွေဆိုတော့ ပွင့်ပွင့်လင်းလင်း ဝေါဟာရအသုံးနှုန်းတွေ နည်းနည်း တင်းတင်းမာမာလေးတွေ ပါသွားတယ်။ မီဒီယာ လွတ်လပ်ခွင့်ကို လုပ်နေတဲ့ အချိန်မှာ ဒါမျိုးဖြစ်တာကတော့ ကျွန်တော်တို့ ဘက်က တော်တော်လေး စိတ်မကောင်း ဖြစ်သွားပါတယ်" ဟု ပြောသည်။

သို့သော် မီဒီယာ ဥပဒေ အသစ်များ မထွက်ပေါ်လာမှီ ဥပဒေ အဟောင်း အတိုင်း ဆောင်ရွက် နေရသဖြင့် တစ်စုံတစ်ရာ အတိုင်းအတာထိ နားလည်မူ ပေးနိုင်ကြောင်းဖြင့်လည်း ဦးဦးလှစောက ပြောသည်။

" သူတို့တွေကလည်း အယင်တုန်းက မူဝါဒဟောင်းတွေနဲ့ လုပ်နေကြတယ်။ နောက် သိပ် မကြာခင်မှာဘဲ မူဝါဒသစ်တွေ ပြောင်းလာမယ်ဆိုတော့ ပိုပြီး လွတ်လပ်လာမယ်။ နည်းနည်းပါးပါး ချင့်ချိန်ပြီး ရေးပေးပါလို့ ပျော့ပျော့ပျောင်းပျောင်း ပြောတာလဲ ရှိတဲ့ အတွက် ကျွန်တော်တို့ ဘက်ကလည်း တစ်စုံတစ်ရာ အတိုင်းအတာထိ နားလည်ပေးလို့ ရပါတယ်" ဟု ဆက်ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ထုတ်ဝေသော တိုးတက်ရေး သတင်းလွှာကို ၂၀၁၁ ခုနှစ်မှ စတင်ပြီး တစ်လ သုံးကြိမ်နုန်းဖြင့် ထုတ်ဝေပြီး တစ်ကြိမ်ကို စောင်ရေ လေး-ငါးထောင်ခန့် ရိုက်နှိပ် ထုတ်ဝေသည်ဟု သိရသည်။ အတွဲ ၂၊ အမှတ် ၄ ဂျာနယ်မှာ ၁၆ အုပ်မြှောက် စာစောင်ဖြစ်သည်။ ရောင်းဈေးမှာ တစ်လ သုံးစောင်ကို ကျပ် ၁၀၀၀ နုန်း ဖြစ်ကြောင်း သိရသည်။

တိုးတက်ရေး သတင်းလွှာမှာ လက်ရှိ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပျက်နေသော အကြောင်း အရာများကို မကွယ်မ၀ှက် မထိန်မချန် အဖြစ်မှန်အတိုင်း ရေးသား ဖေါ်ပြသဖြင့် ရခိုင်ပြည်သူများက နှစ်သက် သဘောကျ လက်ခံကြသည်ဟု သိရသည်။

မဟာမုနိပြတိုက်မှ ရှေးဟောင်း အမြောက် (၂) လက် နေပြည်တော်ကို ယူဆောင်ပြီ

ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ် မဟာမုနိ ပြတိုက်တွင် များမကြာမှီက ပြသထားသော ရှေးခေတ် ရခိုင် အမြှောက် ၂ လက်ကို နေပြည်တော်သို့ ပို့ဆောင်ရန် စစ်တွေမြို့ကို ယူဆောင်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
Mahamuni-temple-Arakan
ပြတိုက်ရာ ရှိရာ ကျောက်တော် မဟာမုနိ ကုန်းတော်
" အမြောက်နှစ်လက်မှာ တစ်လက် ကြေးအမြှောက် ဖြစ်ပါတယ်။ နောက်တစ်လက်က သံ အမြှောက်ဖြစ်ပါတယ်။ အခု ပြည်နယ် ယဉ်ကျေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်း အမိန့်နဲ့ စစ်တွေကို ယူဆောင်သွားပြီ ဖြစ်ပါတယ်။ နေပြည်တော်ကို ဆက်လက် ယူဆောင်မယ်လို့ ကြားပါတယ်" ဟု မြောက်ဦးမြို့မှ ရှေးဟောင်း လက်ထောက် ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ထွန်းအောင်က ပြောသည်။

အဆိုပါ အမြှောက်နှစ်လက်ကို ယခုလ (မတ်လ) ၇ ရက်နေ့က ကျောက်တော်မြို့နယ် ၀ဲကြီးချောင်းကျေးရွာ အနီး လယ်ကွင်းပြင်တွင် လယ်ကမ်းသင်းရိုး တူးဖေါ်စဉ် ဦးအောင်စိန်ဝင်းမှ ရရှိခဲ့သည်။

မတ်လ ၉ ရက်နေ့တွင် ဦးအောင်စိန်ဝင်းမှ ၎င်း အမြောက် ၂ လက်ကို ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးထံအပ်နှံခဲ့သည်။ အဆိုပါ နေ့တွင်ပင် မြို့နယ် အုပ်ချုပ်ရေးမှူးက ကျောက်တော် မဟာမုနိ ပြတိုက်သို့ လွဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

" ကြေး အမြှောက်က နဂါးရုပ် သဏ္ဍန် ပြုလုပ်ထားပြီး အလျား ၃ ပေ ၉ လက်မ၊ အချင်း ၄ လက်မ ရှိပါတယ်။ နောက်တလက်က သံအမြောက် ဖြစ်ပြီး ကြံဆစ် ပုံဖြစ်ပါတယ်။ အရှည်က ၄ ပေ အချင်း ၃ လက်မ ရှိပါတယ်။ ကျောက်တော် မဟာမုနိ ပြတိုက်မှာ ပြသထားတာကို ဒီလ ၂၄ ရက်နေ့က ဦးဇော်ဇော်ထွန်းရဲ့ အမိန့်နဲ့ မြောက်ဦးပြတိုက်မှူး ဦးကြည်ရှိန်က စစ်တွေကို ယူသွားပါတယ်" ဟု ဆရာက ဆက်ပြောသည်။

အဆိုပါ အမြှောက် (၂) လက်မှာ မြောက်ဦးခေတ်တွင် အသုံးပြုခဲ့သော အမြှောက်များ ဖြစ်ကြပြီး ၁၇ ၇ာစု ၁၈ ၇ာစုတွင် ပြုလုပ်ခဲ့ကြောင်း၊ ပေါ်တူဂီ၊ ဒတ်ခ်ျတို့ အပြိုင် စစ်တိုက်ရာတွင် အသုံးပြုခဲ့သော အမြှောက်များ ဖြစ်ကြောင်း ဆရာက ပြောသည်။

ကျောက်တော်မြို့မှ ရခိုင် သမိုင်းသုတေသီ သူမြတ်မဟာ အောင်မြေကလည်း ယခုကဲ့သို့ ရှေးဟောင်း ရခိုင် အမြှောက် ၂ လက်ကို နေပြည်တော်သို့ ယူဆောင်သွားခြင်းမှာ ရခိုင်လူမျိုးများ အတွက် နစ်နာ ဆုံးရှုံး မူ တစ်ရပ် ဖြစ်ကြောင်း ပြောဆိုသည်။

" ကျောက်တော် မဟာမုနိ ပြတိုက်ကို ကျွန်တော်တို့ ဖွင့်လှစ်ထားတာက ဒီဒေသက ရရှိတဲ့ ရခိုင်ရှေးဟောင်း အမွေအနှစ်တွေကို ဒီဒေသမှာ ပြသနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အခုလို ရခိုင်အမွေအနှစ်တွေကို ယူဆောင် သွားကတော့ လုံးဝ စိတ်မကောင်းစရာပါဘဲ။ ရခိုင်လူမျိုးတွေအတွက် အမျိုးဂုဏ် ဇာတိဂုဏ်ကို ဖေါ်ပြနေတဲ့ ရှေးဟောင်း အမွေအနှစ်တွေ ဆုံးရှုံးသွားမူလို့ဘဲ ခံယူမိပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ရခိုင်လူမျိုးများ အတွက် တန်ဖိုး မဖြတ်နိုင်သော အမွေအနှစ်များကို နေပြည်တော်သို့ ယူဆောင်သွားကြောင်း ကြားသိရသဖြင့် ကျောက်တော်မြို့နယ် သံဃာ ၀န်ဆောင် ဥက္ကဌ သိန်းတန် ဆရာတော်ကြီးနှင့် ဒေသခံ ပြည်သူများမှာ အထူး စိတ်မကောင်း ဖြစ်နေကြကြောင်း သတင်း ရရှိသည်။
နိရဉ္စရာ

မဟာမုနိ ရွှေထီးတော် အသစ်နှင့် အရှုပ်အထွေးများ

မောင်အေး
-----------
ကျောက်တော်မြို့နယ်ရှိ မဟာမုနိ ရုပ်ရှင်တော် မြတ်ကြီး ကိန်းဝပ်ရာ ကျောင်းဆောင်တော်တွင် အလိုတော်ပြည့် ဆရာတော်ကြီးမှ ဦးဆောင်ပြီး တင်ဆောင်မည့် ရွှေထီးတော် အသစ်နှင့် ပတ်သက်ပြီး အရှုပ်အထွေးများ ပေါ်ပေါက်နေကြောင်း သတင်း ရရှိသည်။

images
"နံပတ် (၁) အချက်က သိမ်တော်ကြီးမှာ ရှိတဲ့ ကျွန်းသား အစစ်နဲ့ ပြုလုပ်ထားတဲ့ ပန်းလည်တိုင်ကို မဖျက်ပါနဲ့လို့ ပြောတာကို ဖျက်ချပစ်တယ်။ နံပတ် (၂) အချက်က ဒီထီးတော် တင်မယ့် ကိစ္စကို ဒေသအတွင်းမှာ ရှိတဲ့ ဆရာတော်ကြီးတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ မတိုင်ပင်ဘဲ အာဏာပိုင်တွေနဲ့သာ ပြုလုပ်နေတယ်။ နံပတ် (၃) က မြေကြီးကနေ ထီးတော်အထိ အမြင့် ၆၄ တောင်ရှိရမယ်။ ဒါကို နှိမ့်ချပစ်ဖို့ လုပ်နေတယ်။ နံပတ် (၄)က ထီးတော်ကို အရှေ့တောင်ထောင့်က တင်မှာကို အနောက်တောင်ထောင့်က တင်ဖို့ လုပ်နေတယ်။ နောက်တစ်ခါ အခု အသစ်တင်မယ့် ထီးတော်ဟာ အရင် နဂို ထီးတော်ထက် ငယ်လို့ မရဘူး။ ခြေလေးချောင်း သတ္တ၀ါတွေရဲ့ အရုပ်တွေကို မထည့်ရဘူးလို့ ပြောထားပါတယ်" ဟု လုံခြုံရေးကြောင့် အမည် ဖေါ်မပြောလိုသူ ရခိုင်သမိုင်းသုတေသီ တစ်ဦးက ပြောသည်။

၎င်းပြင် သူက " ကျွန်တော်တို့ ရခိုင်ဓလေ့ထုံးတန်းစဉ်လာအရ ဘုရား၊ စေတီတွေက ထီးတော်တွေကို မုန်တိုင်းကြောင့် ဖြစ်စေ၊ သဘာဝ ဘေးအန္တရာယ်ကြောင့် ဖြစ်စေ မြေခပြီးမှ ထီးတော်ကို အသစ် ပြန်တင်ရတယ်။ အခု ထီးတော်က အကောင်းပကတိရှိရဲ့သားနဲ့ ထီးတော်ကို ချပြီး အသစ် ထီးတော်ကို ပြန်တင်ဖို့ လုပ်နေတာဟာ မရိုးသားဘူးလို့ ကျွန်တော်တို့က လုံးဝ ယူဆထားပါတယ်" ဟု သူက ဆက်ပြောသည်။

အဆိုပါ ပြည်သူများအကြား အမြင်အမျိုးမျိုး ပေါ်ပေါက်နေပြီး ထီးတော်အသစ်နှင့် ပတ်သက်ပြီး လူထု အကြားတွင်လည်း အမြင်ကွဲပြားနေကြောင်း သိရသည်။ သို့အတွက် ကျောက်တော်မြို့နယ် သံဃာဝန်ဆောင် ဥက္ကဌ သိန်းတန် ဆရာတော်ကြီးအား နိရဉ္စရာမှ လျှောက်ထားမေးမြန်းရာ ဆရာတော်ကြီးက ယခုလို မိန့်ကြားသည်။

မေး- " ဆရာတော်ကြီးဘုရား- အခု အလိုတော်ပြည့် ဆရာတော်ကြီး တင်ဆောင်ဖို့ စီစဉ်နေတဲ့ ရွှေထီးတော်ဟာ ဒေသအတွင်းက ဆရာတော်တွေရဲ့ ခွင့်ပြုချက်နဲ့ တင်ဆောင်ဖို့ လုပ်နေတာလား၊ ဒါမှ မဟုတ် ဘယ်သူ့ အစီအစဉ်နဲ့ လုပ်နေပါလဲ အရှင်ဘုရား- ဖြေကြားပေးပါ"

ဆရာတော်ကြီး-" မဟုတ်ပါ။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ တင်ဆောင်ဖို့ လုပ်နေတဲ့ အစီအစဉ် ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ၀န်ကြီးတွေလည်း ပါတယ်လို့ ကြားတာဘဲ။"

မေး- " ဒါဆိုရင် အခု သိမ်တော်ကြီး အလယ်မှာရှိတဲ့ ကျွန်းသားစစ်နဲ့ ပြုလုပ်ထားတဲ့ ကျွန်းတိုင်ကြီးကို ဖြိုချဖျက်ဆီးပစ်လိုက်ပြီလို့ သိရပါတယ်။ အဲဒီလို လုပ်တဲ့ အပေါ် ဆရာတော်ကြီး အမြင်ကို သိပါရစေ။"

ဆရာတော်ကြီး- " အခု ဆရာတော်ကြီး သိရသလောက် ကျွန်းတိုင်ကို ဖြိုချ ဖျက်ဆီးလိုက်တာ မဟုတ်ပါဘူး။ ကျွန်းတိုင်ကို စတီးလ်ကွပ်ပြီး ပိုပြီး ခိုင်ခန့်အောင် လုပ်တဲ့ သဘော ဖြစ်ပါတယ်" ဟု ဆရာတော်ကြီးက မိန့်ကြားသည်။

စကား ပြောနေစဉ် ဖုံးပြတ်သွားသဖြင့် ဆရာတော်ကြီးအား ဆက်သွယ်၍ မရရှိခဲ့တော့ပါ။

၎င်းနောက်ပိုင်းတွင် မဟာ မုနိ ကုန်းတော်အနီးတွင် တည်ရှိသော သရက်တပင် ဆရာတော်အား ဆက်သွယ် မေးမြန်းရာ ဆရာတော်က ယခုလို ပြောသည်။

" ဦးဇင်းက မဟာမုနိ သိမ်တော်ကို နေ့တိုင်း ရောက်ပါတယ်။ ကိုယ်နဲ့ မဆိုင်တဲ့ အတွက် ကျွန်းသစ် ပန်းလယ်တိုင်ကို လဲချလိုက်ပြီလား။ အသစ် ပြန်လုပ်ပီလား ဆိုတာကို တိတိကျကျ မသိဘူး တကာကြီး" ဟု ပြောသည်။

ယခုကိစ္စမှာ အမျိုးဘာသာ သာနာကိစ္စ ဖြစ်ပါသဖြင့် မဟာမုနိ ရွှေထီးတော် ကိစ္စနှင့် ပတ်သက်ပြီး သိရသလောက် ပြည်သူများ သိရှိရန် ပြောကြားပေးပါဟု လျှောက်ထားရာ ဆရာတော်က ယခုလို မိန့်ကြားသည်။

" အခုက လူတွေကြားထဲမှာတော့ အမျိုးမျိုး ကိုယ်ထင်ရာကို ကိုယ်ပြောနေကြပါတယ်။ အခု အလိုတော်ပြည့် ဆရာတော်ကြီး လုပ်နေတာတွေကလည်း တစ်ဘက်က ကြည့်ရင် စနစ်တကျနဲ့ ကောင်းကောင်းမွန်မွန်လုပ်တာကို တွေ့နေရပါတယ်။ အင်ဂျင်နီယာတွေနဲ့ ဘုံအဆင့်ဆင့် လုပ်နေတာကို တွေ့ရတယ်။ အဲသလို လုပ်တာကို တစ်ဘက်ကလည်း အမျိုးမျိုး ပြောဆို နေကြတာတွေ ရှိပါတယ်" ဟု ပြောသည်။

images
မေး- " အလိုတော်ပြည့်ဆရာတော်ကြီးက ရခိုင်ပြည်သူတွေရဲ့ အထွတ်အမြတ်ထားရာ မဟာမုနိ ထီးတော်ကြီးကို ဒေသအတွင်းက ဆရာတော်ကြီးတွေ အပါအ၀င် ရခိုင်ပြည်သူတွေနဲ့ မတိုင်ပင်ဘဲ လုပ်နေတယ်ဆိုပြီး စွပ်စွဲချက်တွေ ပေါ်ပေါက်နေပါတယ် အရှင်ဘုရား။"

သရက်တပင် ဆရာတော် " ဒါကတော့ ဟုတ်ပါတယ်။ ဒေသအတွင်းက ဆရာတော်ကြီးတွေ၊ ဒေသခံ လူကြီးတွေနဲ့ တိုင်ပင်ပြီး ပြုလုပ်တာ မရှိဘူး။ အစိုးရပိုင်းက လူကြီးတွေနဲ့သာ လုပ်နေတာကို တွေ့ရ ပါတယ်" ဟု ပြောသည်။

မေး“ ဒါဆိုရင် အလိုတော်ပြည့် ဆရာတော်ကြီးက တင်ဖို့ လုပ်နေတဲ့ ရွှေထီးတော်နဲ့ ပတ်သက်ပြီး ဘယ်လို မြင်ပါသလဲ အရှင်ဘုရား”

သရက်တပင်ဆရာတော်" သူလည်း အမျိုးဘာသာ သာသနာကို အကျိုးယုတ်အောင်တော့ လုပ်လိမ့်မယ်လို့ မထင်ဘူး။ လူတွေကတော့ ကိုယ်ထင်တာကို ကိုယ်ကောက်ပြောနေကြတာပါဘဲ။ ရွှေထီးတော်မှာ ဘာတွေ ပါတယ်။ မပါဘူးဆိုတာလည်း ဒီကိုရောက်မှ သိရပါလိမ့်မယ်။ အခုတော့ ဘာမှ မပြောနိုင်သေးဘူး။ ပွဲကတော့ စည်ကားမယ်ထင်ပါတယ်" ဟု ပြောသည်။

ယနေ့ နောက်ဆုံး ရရှိသော သတင်းများ အရ ပြည်သူများ တောင်းဆိုချက်အရ ရွှေထီးတော် အမြင့်အား မြေကြီးမှ စိန်ဖူးတော်ထိ ၆၄ တောင် ထားရှိမည် ဖြစ်ပြီး ရွှေထီးတော်ကိုလည်း ယခင် ထုံးတန်း စဉ်လာအတိုင်း အရှေ့တောင် အရပ်မှ တင်ဆောင်သွားဆောင်ရန် စီစဉ်ထားကြောာင်း သိရသည်။

အလေးချိန် ၁၁ ပိသာ ၅၀ ကျပ်သားရှိ ရွှေထီးတော်ကို ရန်ကုန်မြို့မှ စစ်တွေမြို့ သို့ မတ်လ ၂၃ ရက်နေ့က ယူဆောင်လာပြီး စစ်တွေ အလိုတော်ပြည့် ကျောင်းတိုက်တွင် အပူဇော်ခံနေရာ ရွှေထီးတော်အား ပြုလုပ်ရာတွင် ကြီးကြပ်ကွပ်ကဲသူ ဦးဇင်း ဘီလူးခေါ် အရှင်ကုမာရအား ရွှေထီးတော်တွင် မည်သည့် အရုပ်များကို ရေးထိုးထားပါသလဲဟု လျှောက်ထား မေးမြန်းရာ ဦးဇင်းက ယခုလို ဖြေကြားသည်။

"မဟုတ်ပါဘူး တကာ့။ ဒါတွေက ကောလဟလတွေပါ။ ဒီမှာက သဇင်ပန်းပါတယ်။ ရခိုင်ဗျာလ်လ ရုပ်ပါတယ်။ သီရိဝစ္စ ရခိုင်တံဆိပ်ပါတယ်။ ငှက်မြတ်နားမှာလည်း ငှက်မြတ်နားနဲ့ ပတ်သတ်တာတွေ ပါတယ်။ ခြင်္သေ့အရုပ်၊ ကျားအရုပ် ပါ တယ် ဆိုတာ မဟုတ်ပါဘူး။ မှားနေတယ်" ဟုပြောသည်။

ယခု ရွှေထီးတော်မှာ အချင်း (၄)ပေ (၆)လက်မ၊ အမြင့် (၉)ပေ ကျော်ခန့်ရှိ ရွှေသား ရွှေစင်များဖြင့် အကျော်အမော် ဗိသုကာပညာရှင်တို့ အကောင်း ဆုံး ဖြစ်အောင် စီမံပြုလုပ်ထားသော ရွှေထီးတော် ဖြစ်ပြီး ဧပြီလ ၆ ရက် တန်ခူး လပြည့်နေ့တွင် တင်ဆောင်မည် ဖြစ်ကြောင်း ဦးဇင်းမှ ပြောသည်။

ရွှေထီးတော်အား ယခင် ထောက်လှမ်းရေး ညွှန်မှူးချုပ် ၀န်ကြီးဟောင်း ဦးခင်ညွှန့် လက်ထက်ကတည်းက တင်ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း ဦးခင်ညွှန့် အလုပ်မှ ပြုတ်သွားသဖြင့် ရပ်တန့်သွားခဲ့ရာမှ ယခုမှ ပြန်လည် တင်ဆောင်ရန် စီစဉ်ခြင်း ဖြစ်သည်။

မဟာမုနိ ထီးတော် အဟောင်းအား ဇန်န၀ါရီလ ၂၄ ရက်နေ့ကတည်းက မြေအောက်ကို ချထားပြီး အဆိုပါ ထီးတော်ရှိ စိန်ဖူးတော်မှ ရှေးဟောင်း တန်ဖိုးရှိ စိန်တစ်လုံးမှာလည်း ပျောက်ဆုံးနေကြောင်းနှင့် ဘုရားဂေါပက အနေဖြင့်လည်း အဆိုပါ စိန် မည်သည့် နေရာသို့ ရောက်ရှိနေကြောင်း မသိရှိဘဲ ဖြစ်နေကြောင်း ရခိုင်သမိုင်း သုတေသီက ပြောကြားသွား သည်။
နိရဉ္စရာ

ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ALP နှင့် အစိုးရ ဧပြီလ ၄ ရက်နေ့တွင် စတင်မည်

မောင်ရမ္မာ
----------
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နှင့် မြန်မာစစ်အစိုးရတို့ အကြား ပြည်နယ် အဆင့် ငြိမ်ချမ်းရေး ဆွေးနွေး ပွဲကို ဧပြီလ ၄ ရက်နေ့တွင် စစ်တွေမြို့၌ ပြုလုပ်မည် ဖြစ်သည်။


U-Khing-Soe-Naing-Aung
ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ALP ပါတီဘက်မှ ပါတီ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် ဦးဆောင်ပြီး တက်ရောက်မည် ဖြစ်သလို မြန်မာ အစိုးရဖက်မှ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦး အောင်သောင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်တို့ ဦးဆောင် တက်ရောက်ကြမည် ဖြစ်သည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ALP ပါတီ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးခိုင်စိုးနိုင်အောင်က နိရဉ္စရာသို့ ယခုလို စပြောသည်။

" ဆွေးနွေးပွဲက အဆင့် နှစ်ဆင့် ရှိပါတယ်။ တဆင့်က ပြည်နယ်အဆင့်ပါ။ တဆင့်က ပြည်ထောင်စုအဆင့် ဆို ပြီး နှစ်ဆင့်ရှိပါတယ်။ ကျွန်တော်တို့က လောလောဆယ်မှာ ပြည်နယ်အဆင့်မှာ ဆွေးနွေးဖို့ ဖြစ်ပါတယ်။"

ဆွေးနွေးပွဲတွင် ALP ပါတီအနေဖြင့် အဓိကထား ဆွေးနွေးမည့် အကြောင်းအရာနှင့် ပတ်သက်၍ ဦးခိုင်စိုးနိုင် အောင်က ယခုကဲ့သို့ ရှင်းပြ ပြောဆိုသည်။

" ပြည်နယ် အဆင့်မှာ ဆွေးနွေးတဲ့အခါမှာ အဓိက ဆွေးနွေးဖို့ အကြောင်းအရာကတော့ နံပါတ် (၁) မှာ အပစ် အခတ် ရပ်စဲရေး ဖြစ်ပါတယ်။ နံပါတ် (၂) မှာကတော့ အပစ်အခတ် ရပ်စဲရေးကာလ အတွင်းမှာ နှစ်ဖက်တပ်တွေ သတ်မှတ်နယ်မြေမှအပ ကျူးကျော်သွားလာခြင်း မပြုရ၊ နံပါတ် (၃) က အပစ်အခတ် ရပ်စဲထားစဉ်ကာလအတွင်း မှာ သတ်မှတ်ထားတဲ့ နယ်မြေက နေပြီးတော့ မြန်မာစစ်တပ် အားလုံး ဆုတ်ခွါပေးရမယ်။ နံပါတ် (၄) ကတော့ ဆက်သွယ် ရေးရုံးတွေ ဖွင့်ဖို့အတွက် တင်ပြမယ်။ နံပါတ် (၅) အနေနဲ့ ALP တပ်မတော်သားတွေ အနေနဲ့ လက်နက် မပါဘဲ မြန်မာ တနိုင်ငံလုံးကို သွားခွင့်လာခွင့် ပေးရမယ်။ နံပါတ် (၆) ကတော့ တပြည်လုံး အတိုင်းအတာ ဆောင်တဲ့ အပစ်အ ခတ် ရပ်စဲကြောင်း ဦးသိန်းစိန်အစိုးရက ကြေညာရမယ်။ အဲဒီအချက်တွေအပေါ်မှာ အခြေခံပြီး ဆွေးနွေးသွား မှာ ဖြစ်ပါတယ်" ဟု ပြောသည်။

ဦးသိန်းစိန်အစိုးရ ယခု ကြိုးပမ်း လုပ်ဆောင်နေသည့် အပစ်အခတ် ရပ်စဲရေးသည် ရေရှည် တည်တံ့မည့် အပစ်အခတ် ရပ်စဲရေး မဟုတ်ဘဲ ယာယီ အပစ်အခတ် ရပ်စဲရေး တရပ်သာ ဖြစ်သည်ဟု မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်သော ALP ပါတီ၏ နှစ်ပတ်လည် ဒုတိယ အ ကြိမ် ဗဟိုကော်မီတီ အစည်းအဝေး ကြေညာချက်တွင် ဖေါ်ပြထားသည်။

ယခုကဲ့သို့ ဦးသိန်းစိန် အစိုးရ၏ အပစ်အခတ် ရပ်စဲရေးကို ယုံကြည်မှု မရှိဘဲ မည်သည့် အတွက်ကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးပါသလဲဟု မေးမြန်းရာ ဦးစိုးနိုင်အောင်က ယခုကဲ့သို့ ပြောသည်။

" နိုင်ငံတကာ ကိုလေ့လာကြည့်တဲ့အခါမှာ နည်းဗျူဟာတွေ ကောင်းလို့ ရှိရင် အဲဒီ နည်းဗျူဟာ တွေက မဟာဗျူဟာကို အထောက်အကူ ပြုတဲ့သဘော ဖြစ်လာနိုင်ပါတယ်။ အဲဒီ အပေါ်မှာ ကျွန်တော်တို့ အခြေခံပြီးတော့ တွေ့ဆုံဆွေးနွေးရေးကို လက်ခံတာဖြစ်ပါတယ်။ နောက်တခုက တွေ့ဆုံဆွေး နွေးရေးကို လက်မခံလို့ရှိရင် ALP က ငြိမ်းချမ်းရေးကို မလိုလားဘူး။ အဲဒီလို အမြင်တွေလည်း မြင်သွားနိုင်ပါ တယ်။ အဲဒါကိုလည်း တစုံတရာ Cover ဖြစ်အောင်ဆိုတဲ့ ပုံစံမျိုးနဲ့ ငြိမ်းချမ်းရေးကို ဆွေးနွေးဖို့ လက်ခံတာ ဖြစ်ပါတယ်။"

ဆွေးနွေးပွဲသို့ ALP ဘက်မှ ငြိမ်းချမ်းရေးကိုယ်စားလှယ် (၁၀)ဦးနှင့် ရုံးအဖွဲ့ဝင် (၁၁)ဦး လိုက်ပါမည် ဖြစ်သည်။

ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ထိုင်း-မြန်မာနယ်စပ်မှ ALP ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးခိုင်စိုးနိုင်အောင်အဖွဲ့၊ အိန္ဒိယ-မြန်မာနယ်စပ်မှ ဒု အဖွဲ့ခေါင်းဆောင် ခိုင်သုခ (တွဲဘက် အထွေထွေ အတွင်းရေးမှူး ၂) ဦးဆောင်သော အဖွဲ့နှင့် ဘင်္ဂလာ-မြန်မာနယ်စပ်မှ အထွေထွေ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်း ဦးဆောင်သော အဖွဲ့ သုံးဖွဲ့ခွဲကာ သွားရောက်မည်ဟု သိရသည်။


နိရဉ္စရာ

ရခိုင်ပြည်နယ် အလံနှင့် ရခိုင်ဝတ်စုံ ပြင်ဆင်ရန် ကြံ့ဖွံ့က ရခိုင်လွှတ်တော်တွင် အဆိုတင်

မတ်လ ၂၉ ရက်နေ့က ပြုလုပ်သော ရခိုင်ပြည်နယ် လွှတ်တော် အထူး အစည်းအဝေးတွင် ရခိုင်ပြည်နယ် အလံနှင့် ရခိုင်အမျိုးသားဝတ်စုံကို ပြန်လည် ပြင်ဆင်ရန် ကြံ့ဖွံ့ ပါတီမှ အဆိုတင်သွင်းခဲ့ကြောင်း သတင်း ရရှိသည်။
Flag-of-Rakhine
"ကြံ့ခိုင်ရေးပါတီက မာန်အောင်မြို့နယ် အမတ်လည်းဖြစ်၊ ပြည်နယ် လွှတ်တော် ဒုဥက္ကဌလည်းဖြစ်တဲ့ ဦီးသာညွန့်က ခေတ်စနစ်နဲ့ မလျော်ညီတဲ့ အတွက် ရခိုင်ပြည်နယ် အလံနဲ့ ရခိုင်အမျိုးသား ၀တ်စုံ ပြင်ဆင်ရေး အတွက် အဆို တင်ပါတယ်။ ဒါကို ပြည်နယ် လွှတ်တော် ဥက္ကဌကနေပြီး ဒီအဆိုနဲ့ ပတ်သက်ပြီး ကန့်ကွက် စရာရှိသလားလို့ မေးတဲ့အခါ ကျွန်တော်က အခုအချိန်မှာ အလံတွေ၊ အမျိုးသား ၀တ်စုံ ကိစ္စတွေကို ဆွေးနွေးဖို့ အချိန်မဟုတ်သေးတဲ့ အတွက် ကန့်ကွက်ကြောင်း တင်တဲ့ အခါ မဲခွဲဆုံးဖြတ်ပါတယ်။ ကြံ့ဖွံ့က ၂၈ မဲ၊ ကျွန်တော်တို့ ရတပပါတီက ၁၄ မဲ၊ ကြားနေမဲ တစ်မဲနဲ့ ကြံ့ဖွံ့က အနိုင်ရသွားပါတယ်" ဟု ဦးအောင်မြကျော်က ပြောသည်။

ကြံ့ဖွံ့ က ပြည်နယ် လွှတ်တော်တွင် ၁၃ မဲသာ ရှိသော်လည်း တပ်မတော်သား ၁၅ မဲက ကြံ့ဖွံ့ အဆိုကို ထောက်ခံသဖြင့် ကြံ့ဖွံ့ အဆိုမှာ ၂၈ မဲဖြင့် အနိုင်ရရှိသွားခဲ့သည်။

" လာမယ့် တနင်္လာနေ့မှာတော့ ပြည်နယ်အလံနဲ့ ရခိုင်အမျိုးသား ၀တ်စုံ ပြင်ဆင် အတည်ပြုရေး ကော်မီတီိကို ဖွဲ့စည်းရေး အတွက် သူတို့ဘက်က အဆို တင်ပါလိမ့်မယ်။ အဲဒီမှာ တစ်ခါ ပြင်ဆင်၊ အတည်ပြုရေး ကော်မီတီ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး မဲခွဲရပါအုံးမယ်" ဦးအောင်မြကျော်က ဆက်ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ သဘောထားကို မေးမြန်းရာ တာဝန်ရှိသူ တစ်ဦး ဖြစ်သူ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက ယခုလို ပြောသည်။

" သူတို့က ဒီကိစ္စကို လွှတ်တော်မှာတင်တာကတော့ ရခိုင်ပြည်နယ် အလံ၊ ရခိုင်အမျိုးသား ၀တ်စုံတွေကို ခေတ်စနစ်နဲ့ မလျော်ညီတဲ့ အတွက် ပြန်လည် ဆန်းစစ်ပြီး ပြုပြင်ဖို့ မတ်လ ၂၉ ရက်နေ့က အဆိုတင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောလိုတာက ရခိုင်ပြည်နယ် အလံဆိုတာ မဆလ ခေတ်က ပြုလုပ်ခဲ့တာ မှန်ပေမယ့် ရခိုင်ပညာရှင်တွေနဲ့ အနှစ်နှစ်အလလ တိုင်ပင်ညှိနိုင်းပြီး အချိန်ယူပြီး ပြုလုပ်ထားတဲ့ ပြည်နယ် အလံ ဖြစ်ပါတယ်။ ရခိုင်အ၀တ်အစားဆိုတာကလည်း ရှေးပဝေသဏီကတည်း ၀တ်စား ဆင်ယင် လာတဲ့ ရခိုင် အမွေအနှစ်တွေ ဖြစ်ပါတယ်။ အလံပေါ်မှာလည်း ရခိုင်အမျိုးသား သင်္ကေတ သီရိဝိစ္ဆတံဆိပ်ကို ထည့်ထားပါတယ်။ ယနေ့ မြန်မာနိုင်ငံ အစိုးရကလည်း အမျိုးသား လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းရေး ဆိုတာကို ပြောကြားထားပါတယ်။ အမျိုးသား လက္ခဏာ မပျောက် ပျက်ရေး ဆိုတာမှာလည်း ကိုယ်လူမျိုးနဲ့ ကိုယ်၊ ကိုယ်လူအုပ်စုနဲ့ကိုယ် ရှိနေတဲ့ အမျိုးသား လက္ခဏာတွေကို အစိုး တစ်ခု အနေနဲ့၊ အဖွဲ့အစည်း တစ်ခုအနေနဲ့၊ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ရဲ့ အမြင်နဲ့ ပြင်ဆင်လို့၊ လုပ်လို့ မရဘူးလို့ ကျွန်တော်တို့မြင်တယ်။ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ ကိစ္စကို လွှတ်တော်မှာလည်း မဲခွဲဆုံးဖြတ်လို့လည်း မရဘူးလို့ မြင်တယ်။ ဒီကိစ္စဟာ သာမန်ကာ လျှံကာ ဆုံးဖြတ်လို့ မရဘူး။ မဲခွဲဆုံးဖြတ်မယ့် သူတွေရဲ့ အမျိုးသား အပေါ် ခံစားချက်၊ ယဉ်ကျေးမူ အမွေအနှစ်နဲ့ ပတ်သက်ပြီး နားလည်မူ သိကျွမ်းမူတွေ လိုအပ်ပါလိမ့်မယ်။ အဲသလို နားလည်မူ တစ်စုံတရာ မရှိဘဲ၊ တစ်စုံတရာ လက်လှမ်းမမှီဘဲနဲ့ မိမိသဘောနဲ့ မိမိ လုပ်သွားမယ်ဆိုရင် တစ်နေ့ နေ့ တချိန်ချိန်မှာ သမိုင်းမှာ ဆိုးကျိုးတွေ ပေါ်ပေါက်လာနိုင်တယ်လို့ မြင်ပါတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာတွင် ကြံ့ဖွံ့မှ အနိုင်ရရှိသွားသဖြင့် ရခိုင်ပြည်နယ် အလံနှင့် အမျိုးသား ၀တ်စုံများကို ပြင်ဆင် ပြောင်းလဲ လာပါက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီအနေဖြင့် မည်သို့ တုန့်ပြန် ဆောင်ရွက်သွားမလဲဟု မေးမြန်းရာ ဦးခိုင်ပြည်စိုးက ယခုလို ဆက်ပြောသည်။

" ကျွန်တော်တို့ ပါတီအနေနဲ့ လာမယ့် မတ်လ ၃၁ ရက်နေ့မှာ မြို့ပေါ်က ပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဒီကိစ္စ အပေါ် ဘယ်လို မြင်သလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ပြုပြင်သင့်သလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နဂိုအတိုင်း ထားသင့်သလား။ ဘာတွေကို ဖြည့်စွက် ပြုပြင်သ့င်သလဲ။ ပညာရှင်တွေရဲ့ သဘောတရား၊ အမြင်၊ အကြံ အဥာဏ်ပေးမူတွေကို ရယူသွားမယ်။ ဒီအပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ အလုပ် လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ပြည်နယ်အလံ၊ အမျိုးသား ၀တ်စုံ ကိစ္စမှာ ရခိုင် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော ကိစ္စဖြစ်သဖြင့် အထူး သတိထားရန် လိုအပ်ပြီး ပြင်ဆင် ပြောင်းလဲမူ လုပ်မည် ဆိုပါကလည်း အသိပညာရှင် အတတ် ပညာရှင်များနှင့် တိုင်ပင်ညှိနိုင်း ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ကြောင်း စစ်တွေတွင် လူကြီးများက ပြောဆိုနေကြသည်ဟု သတင်း ရရှိသည်။
နိရဉ္စရာ

(RNDP)ပါတီနန့် ရခိုင်ပြည်သူတိဘားကို တိုင်ကြားစာ

သို့....
အေဒီတာ
လေးဝတီသတင်းဌါန
အေဒီတာ
(DVB)ရခိုင်အစီအစိုင် အသံလွှင့်ဌါန
ဥက္ကဌ
(RNDP)ရခိုင်တိုင်းရင်းသားတိုးရက်ရေးပါတီ(ရခိုင်ပြည်)နန့်
ဥက္ကဌ
ရခိုင်ပြည်လူ့အခွင့်ရီးစောင့်ရှောက်ရီးအသင်းတိအားလုံးလေးစားစွာနန့် စာရီးလိုက်ပါရေ။ နိုင်ငံတော်ကို အုပ်ချုပ်သူတိနန့် ရခိုင်ပြည်သူတိ အားလုံးကိုလေးဝတီသတင်းဌါနက တဆင့်တင်ပြဖြန့်ချီ ပီးဘာလို့ တောင်းပန်လိုက်ပါသည်ရခိုင်ပြည် ကျောက်ဖြူမြို့ နယ် ဇင်ကျွန်းကျေးရွာမှာ ဒေဂုလက်ဟိ ကျေးရွာအုပ်ချုပ်ရေးမှူးဦးထွီးချေဆိုသူရေ နိုင်ငံတော်သမတ ဦးသိန်းစိန် ကျမ်းသစ္စာမကျိမ်ဆိုခင် တရက်လောက်(၂၉-၃-၂၀၁၁)အလိုမှာ ကိုယ်အိမ်ရှိက မိုးထစောစော (၇)နာရီတိတိ နိုင်ငံတော်အလံကိုလွှင့်လို့ ကျေးရွာသားတိရှေ့ က ငါရေ ဒေအချိန်ကစလို့ ဒေရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် မြို့ နယ်အထက်အရာရှိတိပါးမှာ ငွေ(၁၅)သိန်းပီးလို့ ငါ့ကိုခန့်အပ်လိုက်ဗျာယ်ဇာသူတယောက်လည်း ဖြူတ်ချလို့မရဗျာယ်လို့  ရွာသားတိကိုခြိမ်းခြောက် အတင်းအားဓမ္မကျေးရွာအုပ်ချုပ်ရေးမှူး လုပ်နိန်ရေလူတယောက်ဖြစ်ပါရေ၊
ဇင်ကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွီးချေရေ အုပ်ချုပ်ရေးမှူးမဖြစ်ခင်ကပင် မြို့နယ်တရားးရုံးမှာ ရာဇ၀တ်ပြစ်မှုနန့် တရားရင်ဆိုင်နိန်ရလူဖြစ်တင်မက ကျေးရွာလူထုရို့ကြည်ညိုလေးစားလူမဟုတ်ခြင်း၊ ကျေးရွာလူထုက တင်မြှောက်ထားလူမဟုတ်ခြင်း၊ ဒေဂုလက်ဟိမှာလည်း အမှုတိနန့်  တရားရင်ဆိုင်နိန်ပြီးကေ အုပ်စုအားကိုး အာဏာအားကိုးနန့် လူမိုက်ဆန်ဆန် ပြစ်မှုတိကိုကျူးလွန်နိန်ခြင်း၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ဆွေမျိုးတိမှာ ကျေးရွာအတွင်း အရက်သောက် မူးယမ်းလို့ ကျေးရွာဟိ ကျောင်းထိုင်ဆရာတော်၊ ဂေါပကလူကြီးတိနန့် ရွာသူရွာသားတိကို သတ်ပစ်ဖို့ ဓားနန့် ခွတ်ဖို့ ထိုးပစ်ဖို့ လောက်လေးဂွနန့်ပစ်ဖို့လို့ ဆူပူ ခြိမ်းခြောက်ခြင်း၊ထောင်ချပစ်ဖို့ အမြဲတန်း ခြိမ်းခြောက်ပြောဆိုလိှု့ဟိပါသည်။ ယင်းနောက် ကျေးရွာတွင်းမှာ နည်းအမျိုးမျိုးနန့်ငွေရှာနိန်
ဘာရေ၊ ငွေရှာနိန်စွာမှာ အမှုအမျိုးမျိုးတပ်ဆင်ပြီး ငွေတောင်ယူခြင်း၊ (၃-၆-၂၀၁၁) နိန့်က မြန်မာ့စိုက်ပျိုးရေးဘဏ်က တောင်သူတိကို ကောက်စိုက်ချေးငွေထုတ်ချေးစွာမှာ စိုက်ပျိုးရေးဘဏ်က ချေးငွေထုတ်လာသူ တောင်သူ တယောက်ကို ငွေ-(၆၀၀၀)စီကို မပီးမနိန်ရ အတင်းအားဓမ္မ တောင်းခံပါသည်၊ ယင်းပိုင် ငွေတောင်းရာမှာ ကျေးရွာစာရေး ဦးစံရွှေလည်းပါဝင်ပါသည်။
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အဖြစ်နန့် အတင်းအားဓမ္မ ငွေတောင်းခြင်းကို( ၇-၆-၂၀၁၁)
နိန့်က ငွေပီးရလူ တောင်သူတိနန့် ကျေးရွာဂေါပကလူကြီးတိက ပြည်နယ်ဝန်ကြီးချုပ်နန့် မြို့နယ် တာဝန်ဟိလူကြီးတိကို တိုင်ကြားဂတ်တေခါ မြို့နယ်စိုက်ပျိုးရေး မန်နေဂျာ ဦးစံညွန့် ဂေါင်းဆောင်ရေ စစ်ဆီးရေး အဖွဲ့က နှစ်ဦးနှစ်ဖက် စစ်ဆီးရေအခါ တိုင်ကြားစာပါ အကြောင်းအရာတိကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးထွီးချေက ခိုင်လုံစွာ မဖြေရှင်းနိုင်ခပါ၊ ယင်းကိစ္စကို မြို့နယ်က တာဝန်ဟိ လူကြီးမင်းတိက တစ်စုံတရာ အရေးယူဆောင်ရွက်ခြင်းမဟိခပါ။
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွီေးချမှာ ပြစ်မှုကျူးလွန်ခကေလည်း အရေးယူမခံရရေအတွက် ပိုလို့ဆိုးသွန်းလာပါရေ၊ နောက်ထပ် (၂၃-၇-၂၀၁၁) နိန့် ညအချိန်မှာ ဇင်ကျွန်းကျေးရွာနိန် ဦးအောင်ေ၇ွှသန်းဆိုသူကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွီးချေက သားဖြစ်သူ အောင်သန်းဦး၊ အောင်သန်းရင်၊ ယောက်ဖဖြစ်သူ သန်းမောင်ရို့ က ဓားနန့်ဝိုင်းလို့ ထိုးဂတ်ပါရေ အထိုးခံရလူ ဦးအောင်ရွှေသန်းမှာ နောက်ကုန်းမှာ ဓားထိုးဒါဏ်ရာ(၃/၄) ချက်နန့် ကျောက်ဖြူ ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာ အဖြစ်ကုသခံနိန်စိုင် အမှုအမျိုးမျိုးဆင်လို့ ထောင်ချပစ်ဖို့လို့ ခြိမ်းခြောက်တေ အတွက် ရဲစခန်းမှာ အမှုမဖွင့်ဝန့်ခဂတ်ပါ။ထပ်လို့
(၃-၁၁-၂၀၁၁) နိန့်က ဇင်ကျွန်းကျေးရွာနိန် ဦးမောင်ဝေဒေါင်းဆိုသူကိုလည်း သူ့အိမ်မှာ သူအိပ်နိန်ခါ ဒေါ်အေးစိန် အသက်(၈၀)ကျော် ဝါကြီးမတယောက်နန့် ကာယကံမြောက် ပြစ်မှုကျူးလွန်ရေလို့ မတရားစွပ်စွဲပါရေ၊ယေပြီးကေ ဦးမောင်ဝေဒေါင်းဘားက ခြောက်လို့ ငွေ(၂၅၀၀၀၀) တောင်းယူလိုက်ပါရေ၊ယင်းနောက်ငွေယူလို့မကျီ လူရှိမှာ အမှုစစ်ဆီးရေအခါ ဒေါ်အေးစိန်က ဦးမောင်ဝေဒေါင်းရေ အကျွန့်ကို တစ်စုံတစ်ရာ ပြစ်မှု မကျူးလွန်ခလို့ စစ်ဆီးထွက်ဆိုလို့ ဦးမောင်ဝေဒေါင်းကို မကျေနပ်နန့် လွှတ်ပီးခပါရေ(၆-၂-၂၀၁၂) နိန့်က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွီးချေ၊ ဦးကျော်သန်းမောင်၊ ဦးသာအေးကျော်၊ ဦးလှထွန်းနုရို့ အဖွဲ့က ဦးကျော်သန်းမောင်ရေ လမ်းထက်မှာ ဒေါ်မသိန်းဦးဆိုရေ အမျိုးသမီးတယောက်ကို
လက်နန့် ဆွဲသတ်ခါ ညီမဖြစ်သူ ဒေါ်မသိန်းနုက ဟန့်ခီရေ အတွက် ဒေါ်မသိန်းနုကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွီးချေက လက်ဆွဲလို့ ပါးကိုသတ်ခပါရေ။ ယင်းပိုင်သတ်စွာမှာ ဦးသာအေးကျော်၊ ဦးလှထွန်းနုတို့လည်းပါဝင်ပါသည်။
အစိုင်ကြီးကျွန်းစိုင် ဇင်ကျွန်းကျေးအုပ်စုဝင် မျှိုင်ချောင်းကျေးရွာနိန် ဦးချီးလူးခိုင်၏ ခွဲသစ်တိကို အကြောင်းအမျိုးမျိုးပြလို့ (၂၅-၁-၂၀၁၂)ရက်နိန့််က လားလို့ ဖမ်းဆီးခပါရေ၊ ယင်းပိုင် ဖမ်းဆီးဗျာယ် ငွေ(၅၀၀၀၀) တောင်းယူပြီး ပြန်လွှတ်ပီးခပါသည်။ ကျေးရွာမှာလည်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးပါးက ထောက်ခံစာတောင်းကေ တစောင်ကို ငွေ (၅၀၀၀) ယူခြင်း။ ကျေးရွာတွင်း အရက်ဆိုင် တဆိုင်ကို (၁)လ ငွေ(၅၀၀၀)စီ တောင်းယူကောက်ခံ လို့ တရားမ၀င် အရက်တိကို ရောင်ချခွင့်ပြုထားခြင်း။ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖွဲ့က ဆယ်အိမ်မှူးတိကို အရက်ဆိုင်ဖွင့်ရောင်းချစီခြင်း၊ ကျးရွာအုပ်စု အုပ်ချုပ်ရေးမှူးကိုယ်တိုင် နိန့်တိုင်း အရက်သောက်စား မူးယစ်ခြင်း၊မိမိထင်ရာ လုပ်ချင်ပိုင်လုပ်နိန်ခြင်း၊
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွီးချေနန့် အပေါင်းပါ(၅)ယောက်ရို့ မှာ ကျေးရွာအုပ်စု အုပ်ချုပ်ရေး၏ လုပ်ပိုင်ခွင့်ကို အခွင့်အရေးယူလို့ ကျေးရွာတွင်းမှာ ဆားကွင်းမဟိဘဲ ဆားကွင်း ဟိရေ ဆိုဗျာယ် မြို့ နယ်မြီစာရင်းရုံးကလူနန့်ပေါင်းလို့ နိုင်ငံပိုင်ဘဏ္ဍာငွေတိကို လိမ်လည်ထုတ်ယူပြီး အခြားလုပ်ငန်းတိကို လုပ်ကိုင်နိန်ပါရေ၊ ဇင်ကျွန်းကျေးရွာအုပ်စုမှာ(၂၀၁၂ )ခုနှစ်အထိ ဇာသူတယောက်လေး ဆားလုပ်ငန်း လုပ်ကိုင်သူလုံးဝ(လုံးဝ) မဟိပါ။
ဇင်ကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွီးချေမှာ ဇင်ကျွန်းကျေးရွာသူ/သားတိ ရွေးချယ် တင်မြှောက်ထားသူမဟုတ်ခြင်း၊ ကြည့်ညိုလေးစားသူ မဟုတ်ခြင်း၊ စာပီပညာအရာ၌ လူနာမည်တောင်မှ အမှန်ရီးနိုင်သူ မဟုတ်ခြင်း၊ ကျေးရွာ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စရေ ကိစ္စတိကို စိတ်ဝင်စားသူ မဟုတ်ခြင်း၊ စရေအကြောင်းတိကြောင်း အိမ်ခြေ(၂၀၀၀)ကျော်နိန်ထိုင်ရေ ဇင်ကျွန်းကျေးရွာမှာဖွံ့ဖြိုးတိုးတက်မှု အလွန်တရာမှ နောက်ကျလို့ဟိ နိန်ပါသည်။ ယင်းကြောင်း နိုင်ငံတော်ကို အုပ်ချုပ်နိန်ရေ ရခိုင်တိုင်းရင်းသားတိုးတက်ရီးပါတီက လူကြီးမင်းတိ ဇင်ကျွန်းကျေးရွာနိန် ပြည်သူတိကို သနားငဲ့ညှာရေ အနိန်နန့် မတရားအားဓမ္မ နိုင်ထက်စီးနင်း အုပ်ချုပ်နိန်ရေ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အဖွဲ့ကို ချက်ချင်း အရေးယူဆောင်ရွက်ပီးပါရန် လေးဝတီသတင်းဌါနကတဆင့် အသနားခံတိုင်ကြားအပ်ပါသည်။


by Yoe Thar on Tuesday, March 27, 2012

Friday, 2 March 2012

တရုတ်ပြည်ကို ဓာတ်ငွေ့ပိုက်လိုင်း သွယ်မယ့်ကိစ္စ ကန့်ကွက်

2012-03-01
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ ရပ်ဆိုင်းရေး ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုလှုပ်ရှားမှုအနေနဲ့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က တရုတ် ကောင်စစ်ဝန်ရုံးရှေ့မှာ မနက် ၁၀ နာရီကစပြီး မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့ သွားရောက် ပူးပေါင်းဆန္ဒပြခဲ့ပြီး သမ္မတ ဦးသိန်းစိန်ထံကိုလည်း အိတ်ဖွင့်ပေးစာတစ်စောင် ပို့လိုက်တယ်လို့ သိရပါတယ်။

Photo: Shwe Gas Movement
ရခိုင်ပြည်နယ်မှ သဘာဝ ဓာတ်ငွေ့များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ပို့ဆောင်မည့် ရွှေ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအတွက် ကျောက်ဖြူမြို့အနီးတွင် စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်နေပုံ ဖြစ်ပါသည်။ (Photo: Shwe Gas Movement)
၂၀၁၃ မှာ စတင်လည်ပတ်တော့မယ့် မြန်မာနိုင်ငံ အနောက်ဘက် ကမ်းခြေကနေပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်တန်းမယ့် ရွှေဂက်စ် စီမံကိန်းနဲ့အတူ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွေ ရပ်တန့်ပေးဖို့ တောင်းဆို ဆန္ဒပြနေကြတာဖြစ်ပြီး ဒီလိုပြုလုပ်ရတာနဲ့ ပတ်သက်လို့ ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့က ဦးဆောင်ပါဝင်သူ ကိုဝင်းအောင်က အာအက်ဖ်အေကို အခုလို ပြောပါတယ်။ "အဓိက ရည်ရွယ်ချက်ကတော့ ဒီ ရခိုင်ကနေ တရုတ်ကို သွယ်တန်းဖောက်လုပ်နေတဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်း စီမံကိန်းတွေဟာဆိုရင်ဖြင့် လောလောဆယ် ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ကျွန်တော်တို့အနေနဲ့ ဒေသခံတွေအပေါ်မှာ တိုင်းသူပြည်သားတွေအပေါ်မှာ ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်တဲ့ အထောက်အထားကို ကျွန်တော်တို့ မတွေ့ရသေးဘူး။ အဲ့ဒါကြောင့် ဒေသခံတွေကို ပိုပြီးတော့ အကျိုးအမြတ် ရှိနိုင်အောင် ဒီစီမံကိန်းကြောင့်ဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပါအ၀င် သဘာဝပတ်ဝန်ကျင် ပျက်စီးမှုတွေကို အတတ်နိုင်ဆုံး သူတို့အနေနဲ့ ထိန်းသိမ်းပေးနိုင်တဲ့ ဥပဒေတစ်ရပ် ပေါ်ပေါက်လာတဲ့အထိ ရပ်ဆိုင်း ထားချင်တဲ့အနေနဲ့ ကျွန်တော်တို့ တောင်းဆိုရခြင်း ဖြစ်ပါတယ်" ဒီစီမံကိန်းကြောင့် ပိုက်လိုင်း သွယ်တန်းရာတစ်လျှောက်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အများအပြား ဖြစ်ပေါ်နေတဲ့အပြင် လယ်ယာမြေ သိမ်းဆည်းခံရမှု၊ လူမှုရေး၊ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုး သက်ရောက်မှုတွေ ထိထိရောက်ရောက် ဖြေရှင်းပေးမှုမရှိသေးဘဲ စီမံကိန်းကနေ ရလာမယ့် အကျိုးအမြတ်တွေကို လက်ရှိအစိုးရက အများပြည်သူ သိရှိအောင် ထုတ်ဖော်ပြောဆိုခြင်း မရှိတာဟာ စိုးရိမ်စရာ ဖြစ်နေတယ်လို့လည်း ကိုဝင်းအောင်က ဆက်ပြောပါတယ်။ "ဖွံ့ဖြိုးတိုးတက်မှုဆိုတာက ဒီစီမံကိန်းက ရလာမယ့် အခွန်ပိုက်ဆံတွေ အများကြီးရှိတယ်။ အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၂၉ သန်း ရမယ်။ အဲ့ဒီပိုက်ဆံတွေကလည်း ဘယ်ကိုရောက်သွားမှန်း ကျွန်တော်တို့က မသိသေးဘူး။ လက်ရှိလွတ်တော်မှာလည်း ဒီဟာတွေကို ထဲထဲဝင်ဝင် စနစ်တကျ ဆွေးနွေးပိုင်ခွင့်တွေ မရှိဘူး။ ကျွန်တော်တို့ ရခိုင် နိုင်ငံရေးပါတီတွေ အပါအ၀င်ပေါ့နော်၊ တခြား တိုင်းရင်းသားပါတီတွေအနေနဲ့ ကလည်း ဒီဟာနဲ့ပတ်သက်ပြီးတော့ ဘာအချက်အလက်မှ သိခွင့်မရတဲ့ဟာတွေ အများကြီးရှိတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ ဒီလူထုအပေါ်မှာ ဘယ်လောက်အထိ ထိခိုက်နိုင် ဘယ်လောက်ထိ အကျိုးအမြတ် ရှိနိုင်တယ်၊ လောလောဆယ် မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်တွေ ဘယ်လောက်ရှိတယ်၊ ဒီစီမံကိန်းကနေ ဘယ်လောက်ထိ ဖြည့်စွမ်းနိုင်တယ်ဆိုတာက တော်တော်လေးကို မေးခွန်းထုတ်စရာ ဖြစ်တယ်။ စိုးရိမ်စရာတွေ အများကြီးရှိတာပေါ့" ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းရပ်ဆိုင်းရေး ဒီကနေ့ လှုပ်ရှားမှုတွေကို မြန်မာနိုင်ငံ ကျောက်ဖြူနဲ့ ရန်ကုန်၊ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ တခြားနိုင်ငံ တခြားမြို့တွေမှာလည်း လုပ်ခဲ့ကြပြီး ချင်းမိုင်မြို့မှာတော့ တရုတ် ကောင်စစ်ဝန်ရုံးက တာဝန်ရှိသူဆီမှာ တောင်းဆိုစာတွေ ပေးအပ်ခဲ့ပါတယ်။


....................
RFA

ဘင်္ဂလာဒေခ်ျ့ ရောက် ရခိုင်မိသားစုများကလည်း ကမ္ဘာလုံးဆိုင်ရာ ရွှေဂက်(စ်) စီမံကိန်း လှုပ်ရှားမှုနေ့တွင် ဆန္ဒပြတောင်းဆို

ထွန်းထွန်း
---------
မတ်လ (၁) ရက်နေ့တွင် ပြုလုပ်သော ကမ္ဘာလုံးဆိုင်ရာ ရွှေဂက်(စ်)စီမံကိန်း ရပ်တန့်ရေး အတွက် လူပ်ရှားမူ ပြုလုပ်သည့်နေ့တွင် ဘင်္ဂလာဒေခ်ျ့ရောက် ရခိုင်မိသားစုများကလည်း ပူးပေါင်း ပါဝင် ဆန္ဒပြခဲ့ကြသည်။
Global-Action-Arakan-Shwe-Gas
ဆန္ဒပြပွဲအား မြန်မာနယ်စပ် အနီးရှိ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့ Press club ရှေ့တွင် ပြုလုပ်ခဲ့ကြသည်။

လှုပ်ရှားမှုကို ဦးဆောင်သူ တဦးဖြစ်သည့် AASYC အတွင်းရေးမှူး (၂) ကိုကံမြင့်က ရည်ရွယ်ချက်ကို နိဉ္စရာသို့ ယခုလိုပြောသည်။

"ဒီနေ့လှုပ်ရှားရတဲ့ ရည်ရွယ်ချက်က နံပါတ်(၁) မြန်မာ-တရုတ်ဂက်(စ်)ပိုက်လိုင်း စီမံကိန်းကို ရပ်တန့်ပေး ရန်၊ (၂) မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီတခု ပေါ်ပေါက်လာအောင် အတွက် ဒီစီမံကိန်းကို ရပ်ဆိုင်းပေးဖို့၊ (၃) ရွှေဂက် (စ်)မှ ထွက်ရှိတဲ့ အကျိုးအမြတ်တွေကို ဒေသခံပြည်သူတွေ အနေနဲ့တစုံတရာ အကျိုးခံစားခွင့်မရဘဲ ဆုံးရှုံးမူတွေနဲ့ ကြုံတွေ့နေရတဲ့ အတွက် Global Action နေ့ကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်" ဟုပြောသည်။

၎င်းအပြင်သူက “ဒီဂက်(စ်)စီမံကိန်း စတင်ကတည်းက မြန်မာအစိုးရ အနေနဲ့ ဒေသခံတွေနဲ့ ဆွေးနွေးတာမရှိ ဘဲ တရုတ်ပြည်ကို ရောင်းစားထားတယ်။ အဲဒီကရလာတဲ့ အကျိုးအမြတ်တွေနဲ့ စစ်အသုံး စရိတ်တွေမှာ အသုံး ပြုတာတွေ့ရတယ်။ ပြီးရင် အဲဒီဒေသ ရေပြင် တ၀ိုက်မှာ ရေလုပ်သားတွေကို ကန့်သတ်တာတွေ ရှိနေတဲ့ အတွက် တော်တော် ဒုက္ခရောက်ကြ တယ်။ သူတို့ သတ်မှတ်ထားတဲ့ ရေပြင်တွေတလျှောက် ငါးဖမ်းခွင့်၊ သွားလာခွင့်တွေ ပိတ်ပင်ထားတယ်။ နောက် တခုက ပိုက်လိုင်းလမ်း လမ်းကြောင်းတလျှောက် လယ်မြေတွေအသိမ်းခံရတယ်။ ကျေးရွာတွေ ပြောင်းရွှေ့ခံရတာ တွေဖြစ်လာတဲ့ အတွက် ဒီစီမံကိန်းအပေါ်မှာ ဆိုးကျိုးနဲ့ ကောင်းကျိုးကို နိုင်ငံတကာက ချင့်ချိန်စဉ်းလာနိုင် အောင်၊ ပြည်တွင်းက ရခိုင်ပြည်သူတွေ ဂက်(စ်)စီမံကိန်း ကိစ္စကို ပိုမိုသိလာအောင်အတွက် ဆိုပြီးဒီလှုပ်ရှားမှုကို နိုင်ငံတကာမှာရှိကြတဲ့ ဂက်(စ်)စီမံကိန်း ဆန့်ကျင်ရေး အတိုက်အခံအင်အားစုနဲ့ ပူးပေါင်းပြီး ပြုလုပ်ကြတာဖြစ်ပါ တယ်” ဟုပြောသည်။

ဆန္ဒပြလှုပ်ရှားမှုအတွင်း ဘင်္ဂလာပြည်သူများ သိရှိစေရန် SHWE GAS PROJECT …Stop stop- Arakan and China gasp peline..stop stop Human rights abuse...stop stop- Daewoo and CNPC ..get out စသည့် ကြွေးကြော်သံများ ကြွေးကြော်ကာ စာတန်းများကိုင်ဆောင်ကာ အော်ဟစ် ဆန္ဒပြခဲ့ကြသည်။

လှုပ်ရှားမှုကို နံနက် ၁၀ နာရီခွဲမှ စတင်ကာ ၁၂ရီကျော်ခန့်တွင် အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။ အဆိုပါလှုပ် ရှားမှုသို့ လူပေါင်း ၃၀ ကျော် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ခဲ့ ကြသည်။

ဆန္ဒပြ လှုပ်ရှားမှုကို ဘင်္ဂလားဒေ့ခ်ျနိုင်ငံရောက် ရခိုင်အမျိုးသား အတိုက်အခံအင်အားစု အဖွဲ့မှဦးဆောင်ခဲ့သည်။ အဆို ပါလှုပ်ရှားမှုအတွင်း ဒေသခံအာဏာပိုင်များမှ တစုတရာ အနှောက် အချက်ပေးခြင်းမရှိကြောင်း ဟုသိရ သည်။


....................
နိရဉ္စရာ

ရွှေဂတ်(စ်) စီမံကိန်း ရပ်တန့်ရန် နိုင်ငံပေါင်း ၂၀ မှ အဖွဲ့အစည်း ၁၃၀ မှ တောင်းဆို

မင်းဆက်ခိုင်
------------
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ မြန်မာနိုင်ငံ အလယ်ပိုင်းကိုဖြတ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် အထိ သွယ်တန်းမည့် ဂတ်စ် ပိုက်လိုင်း စီမံကိန်းကို ရပ်ဆိုင်းပေးရန် ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့အပါအဝင် နိုင်ငံ ၂၀ မှ အဖွဲ့အစည်ပေါင်း ၁၃၀ က တောင်းဆိုလိုက်သည်။
Protest-in-Thai-Stop-shwe-gas-pipelines
အဆိုပါ တောင်းဆိုမှုကို မတ်လ ၁ရက်နေ့က ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့မှ စီစဉ်ပြုလုပ်သော ရွှေဂတ်စ် စီမံကိန်း ရပ်ဆိုင်းရေး ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုလှုပ်ရှားမှုနေ့တွင် သမ္မတ ဦးသိန်းစိန်ထံသို့ စာရေးသား ပေးပို့ ပြီး တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အင်္ဂလိပ်-မြန်မာ ၂ဘာသာဖြင့် ရေးသားထားသော ၎င်းအိပ်ဖွင့်ပေးစာကို ရွှေဂတ်စ် လှုပ်ရှားမှု အဖွဲ့ အပါအဝင် နိုင်ငံပေါင်း ၂၀မှ မြန်မာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်း စုစုပေါင်း ၁၃၀မှ တောင်းဆို ရေးသား ပေးပို့ခြင်းဖြစ်သည်။

၎င်းအပြင် တရုတ်၊ ကိုးရီယား၊ အိန္ဒိစသည့် နိုင်ငံများမှ ကုမဏီများသို့လည်း မိတ္တူပေးပို့သွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ အိတ်ဖွင့်ပေးစာတွင် "ဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက်မှုတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အပါအဝင် လူမှုရေး၊ စီးပွါးရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကြီးမားသော သက်ရောက်မှုများ ရှိနေပါသည်။ ထိုကြောင့် မိမိတို့သည် အစိုးရအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲနိုင်မည့် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဘောင်အတွင်းက ဆိုးကျိုးများကို ကာကွယ် တားဆီးနိုင်ပြီး အခွင့်အရေးများကို အကာအကွယ် ပေးနိုင်သည် အထိ အဆိုပါ စီမံကိန်းများကို ရွှေ့ဆိုင်းထားရန် တောင်းဆိုအပ် ပါသည်" ဟု ရေးသား ပါရှိသည်။

ထို့အပြင် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးရှိ ဧကထောင်ချီသော စိုက်ပျိုးမြေများကို ပိုက်လိုင်းလမ်းကြောင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် သိမ်းပိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

Protest-in-Thai-Stop-shwe-gas-pipelines
အလားတူ ပြည်သူများ၏ တောင်းဆိုမှုကြောင့် ဧရာဝတီ မြစ်ဆုံစီမံကိန်း၊ ထားဝယ် ကျောက်မီးသွေး သုံး ဓာတ်အားပေး စက်ရုံစီမံချက်ကို ရပ်ဆိုင်းပေးခဲ့သည့်အတွက် ရွှေဂတ်စ်စီမံကိန်းကိုလည်း ရပ်ဆိုင်း ပေးသင့်ကြောင့် တောင်းဆိုထားသည်။

အဆိုပါ မတ်လ ၁ရက်နေ့တွင် ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့မှ ဦးဆောင်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ တရုတ် သံရုံးရှေ့တွင် ရွှေဂတ်စ် စီမံကိန်း ရပ်တန့်ရေး တောင်းဆိုဆန္ဒပြခဲ့ကြသည်။

တောင်းဆိုဆန္ဒပြနေစဉ် တရုတ်သံရုံးမှတဆင့် တရုတ်အစိုးရထံသို့ ရွှေဂတ်စ်စီမံကိန်း ရပ်တန့်ရေး တောင်းဆို စာတစောင်ကိုလည်း ပေးပို့ခဲ့သည်။

" ဒီစီမံကိန်းက တိုင်းပြည်တစုံတခုထိ တည်တည် တံ့တံ့ ဥပဒေ စိုးမိုးတဲ့ အချိန်မှပဲ ဆက်လုပ်သင့် ပါတယ်။ သမ္မတ အနေနဲ့လည်း စီမံကိန်းတွေ ရင်းနှီးမြုပ်နှံမှုတွေ လုပ်တဲ့နေရာမှာ ပိုပြီးတော့ တာဝန်သိသိနဲ့ ဒေသခံတွေအပေါ် မှာ သဘာဝပတ်ဝန်းကျင်တွေကို ထိန်းသိမ်းပြီးတော့ ရေရှည်ဆက်လုပ်ဖို့ အလေးပေးသင့်တယ်။ အဲဒါတွေကို လိုက်နာမှပဲ ကျင့်သုံးမှပဲ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ်။ စီမံကိန်းက ဒေသခံပြည်သူတွေအတွက် အကျိုးအမြတ် တွေ မတွေ့ရသေးဘူး။ အဲဒါကြောင့် အကျိုးအမြတ်ရှိလာနိုင်တဲ့၊ တရားဥပဒေရှိလာတဲ့ အနေအထားကျမှ ဒီစီမံကိန်းကို ဆက်လုပ်သင့်တယ်။ လောလောဆယ် ရပ်တန့်ပေးပါလို့ သမ္မတကြီးကို ကျနော်တို့ တောင်းဆို တာဖြစ်ပါတယ်" ဟု ရွှေဂတ်စ် လူပ်ရှားမူ အဖွဲ့တာဝန်ခံ ကိုဝင်းအောင်က ပြောသည်။

၎င်းအပြင် တရုတ် အစိုးရထံသို့ ပေးပို့သော စာနှင့် ပတ်သက်၍လည်း ကိုဝင်းအောင်က ဆက်ပြောသည်။

" သူတို့ဆီက သံရုံး ဝန်ထမ်းတယောက် လာယူပါတယ်။ အထက်ပိုင်း သံအမတ်ဆီကို တင်ပြ ပေးမယ်လို့ ပြော သွားပါတယ်။ ကျနော်တို့ တောင်းဆိုတာကတော့ တိုင်းပြည်မှာ ဖြစ်နေတဲ့ အခြေအနေတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေ၊ လယ်မြေသိမ်းပိုက်မှုတွေ အပါအဝင် ဒီစီမံကိန်းကြောင့် ဒေသခံတွေ အလုပ်အကိုင်တွေ ပျက်သွားတဲ့ဟာတွေကို ကျနော်တို့ ထောက်ပြ ပြောဆိုထားပါတယ်။ ဒါကြောင့် ဒီဟာကို သတ်သတ်မှတ်မှတ် ကိုင်တွယ်ပြီးတော့ လုပ်ပေးပါ။ ကျနော်တို့ တိုင်းပြည်အနေအထားကလည်း ဒီလိုမျိုး ဥပဒေစိုးမိုးတဲ့ အနေအထား တခုကို မရောက်သေးဘူး။ အဲဒါကြောင့် ပြည်သူလူထု တရပ်လုံး ပါဝင်နိုင်မယ့် အနေအထားမှပဲ ဆက်လုပ်ပါလို့ တောင်းဆိုထားပါတယ်။"

ဆန္ဒပြတောင်းဆိုပွဲသို့ ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့ဝင်များအပါဝင်၊ ချင်းမိုင်ရောက် တခြားမြန်မာများ၊ ထိုင်းကျောင်း သားများနှင့် နိုင်ငံခြားသားများ စုစုပေါင်း ၂၀ ကျော်တက်ရောက်ခဲ့သည်။

.................
နိရဉ္စရာ

မင်းပြား ပြည်သူ့ လွတ်တော် အမတ် နေပြည်တော်တွင် ကွယ်လွန်

မောင်ရမ္မာ
----------
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ မင်းပြားမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိန်သာသည် နေပြည်တော်တွင် လွှတ်တော် အစည်းအဝေး အတွက် ရောက်ရှိနေစဉ် လူကြီးရောဂါဖြင့် မတ်လ ၁ ရက် ညနေ ၇ နာရီအချိန်တွင် ကွယ်လွန် သွားခဲ့သည်။

Condolence
ကြေးမုံ၏ နာရေးကြော်ငြာ အမှား။ (ခ) နေရာတွင် (ဘ) ဟု ဖတ်ပါ။
ဦးအောင်စိန်သာသည် နေပြည်တော် ဆေးရုံတွင် ၁၀ ရက်နီးပါး ဆေးကုသမှု ခံယူနေချိန် ၂၀၁၂ ခု မတ်လ ၁ ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း ရတပ ပါတီတာဝန်ရှိသူ တစ်ဦးက ပြောသည်။

သူ၏ ရုပ်အလောင်းကို ယနေ့ နေပြည်တော်မှ ယူဆောင်လာရာ ယခုအခါတွင် ရေဝေးသုဿန်တွင် ရောက်ရှိနေပြီး မနက်ဖန် စနေနေ့တွင် သဂြိုလ်မည်ဟု သိရသည်။

ဦးအောင်စိန်သာကို မင်းပြားမြို့နယ် စာရေးကြီးရွာ၌ ၁၉၃၇ ခု ဧပြီလ ၂၆ ရက်နေ့တွင် အဖ ဦးမောင်သာ၊ အမိ ဒေါ်လှမဖြူတို့မှ မွေးဖွားခဲ့သည်။

ဦးအောင်စိန်သာသည် ရန်ကုန် တက္ကသိုလ်မှ ဘီအေဘွဲ့ရရှိသူ တဦးလည်း ဖြစ်သည်။ ဦးအောင်စိန်သာသည် ၁၉၆၂-၆၃ ခု ရန်ကုန်တက္ကသိုလ် ကျောင်းသားများ ပညာရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သ ဖြင့် ရာသက်ပန် ကျောင်းထုတ်ခံခဲ့ရသူ ဖြစ်သည်။ ၎င်းအပြင် ၁၉၇၅ ခုနှစ် ရခိုင် သီးခြားပြည်နယ် ထူထောင်ရန် ကြံစည်မှုဖြင့် ထောင် တသက်တကျွန်း ချမှတ်ခံခဲ့ရပြီး ၁၉၈၀ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။

ဦးအောင်စိန်သာသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အမတ်အဖြစ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရာ မင်းပြားမြို့နယ်တွင် ဦးအောင်စိန်သာမှ မဲအရေအတွက် ၃၀၇၇၂ မဲဖြင့် အနိုင်ရရှိခဲ့သည်။

အောင်စိန်သာသည် စာကြည့်တိုက်အသင်း မိဇံရပ်ကွက် စစ်တွေမြို့၊ တက္ကသိုလ် ကျောင်းသားများ ပညာသင် ထောက်ပံ့ရေးအဖွဲ့ (ရန်ကုန်)၊ ရန်ကုန်တက္ကသိုလ် ရခိုင် ကျောင်းသား/သူများ အသင်း အတွင်းရေးမှူး၊ ဒုဥက္ကဌ၊ ရန်ကုန်တက္ကသိုလ် လူမျိုးစု ကျောင်းသားများအသင်း အတွင်းရေးမှူး အဖွဲ့ဝင်နှင့် သဘာပတိ အဖွဲ့ဝင် တာဝန်များကို တာဝန်ယူ လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ ဦးအောင်စိန်သာသည် စစ်တွေမြို့ရှိ တိုးတက်ရေးလူငယ်များ အစည်းအရုံး အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သည်။

၁၉၈၈ ခုနှစ် လူထုဒီမိုကရေစီလှုပ်ရှားမှု၌ ရန်ကုန်မြို့နှင့် စစ်တွေမြို့တို့တွင် ပါဝင်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် တပ် ပေါင်းစု ပါတီဥက္ကဌ အဖြစ် ပါဝင်ခဲ့သည်။


....................
နိရဉ္စရာ

Thursday, 1 March 2012

ကျောက်တော်တွင် မီတာထိန်းသိမ်းခ အပြင် လုပ်ငန်းသုံး ကုန်ကျ စရိတ် ၁၈၀၀ ကျပ် ပိုကောက်

ထွန်းထွန်း
----------
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် လစဉ် မီတာ ထိန်းသိမ်းခ ကျပ် ၁၀၀၀ အပြင် လုပ်ငန်းသုံး ကုန်ကျစရိတ် ခေါင်းစဉ်ဖြင့် ကျပ် ၁၈၀၀ စီ လစဉ် ပိုကောက်နေသဖြင့် လျှပ်စစ်မီး သုံးစွဲသူများ ပြည်သူများ အခက်ကြုံတွေ့နေကြရသည်။
KT-Electric
ကျောက်တော်မှ လျှပ်စစ် မီတာခ ပြေစာ ( ဓါတ်ပုံ- နိရဉ္စရာ)
" မီတာ ထိန်းသိမ်းခဆိုပြီးတော့လည်း လစဉ် ၁၀၀၀ ကျပ်စီ ကောက်တယ်။ အခု တစ်ခါ လုပ်ငန်းသုံး ကုန်ကျစရိတ် ဆိုပြီး တစ်ခါ ၁၈၀၀ ကျပ်ကောက်ပါတယ်။ တစ်လကို ၂၈၀၀ ကျပ် အလိုလို ပေးသွင်းနေကြရပါတယ်။ ဒီလို မတရားသဖြင့် ကောက်ခံနေတဲ့ အတွက် လျှပ်စစ်မီး သုံးစွဲတဲ့ ကျောက်တော်မြို့သူ မြို့သားတွေ အခက်ကြုံနေကြရပါတယ်" ဟု ကျောက်တော် - မြို့သစ် ရပ်ကွက်မှ ဆိုင်ရှင်တဦးက နိရဉ္စရာသို့ ပြောသည်

ကျောက်တော်မြို့တွင် လျှပ်စစ်မီး ဖြန့်ဖြူးနေမူကို အစိုးရက တာဝန် မယူဘဲ ပုဂ္ဂလိက လက်သို့ လွဲပြောင်းထားသဖြင့် လုပ်ပိုင်ခွင့်ရသူ ပုဂ္ဂလိက ကုမ္ပဏီက သူတို့ အကျိုးစီးပွား တစ်ခုကို ကြည့်ပြီး လူထုအား ခေါင်းပုံ ဖြတ်နေခြင်း ဖြစ်သည်။

“ အစိုးရက ကျနော်တို့မြို့မှာ လျှပ်စစ်မီး မပေးတာ ကြာနေပါပြီ။ လျှပ်စစ်မီးကို အစိုးရက တာဝန် ယူရင် လူထုနဲ့ တိုက်ရိုက် ပြဿနာ ဖြစ်နိုင်သလို မီတာခကိုလည်း အစိုးရဈေးနုန်းနဲ့ ပေးရမယ်။ ဒီတော့ အစိုးရက ခေါင်းရှောင်ပြီး ပုဂ္ဂလိက လက်ကို လျှပ်စစ်မီး ကိစ္စကို လွဲပေးထားတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေကလည်း သူတို့ အကျိုးအမြတ် တစ်ခုတည်းကို ကြည့်ပြီး ခေါင်းစဉ် အမျိုးမျိုးနဲ့ ခုလို ကောက်ခံနေတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

လက်ရှိ ကျောက်တော်မြို့တွင် လျှပ်စစ်မီး ဖြန့်ဝေပေးနေသော ကုမ္ပဏီမှာ အမှတ် (၂) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနနှင့် လက်တွဲ လုပ်ဆောင်နေသော ဖိုးသီးချို လျှပ်စစ်ကုမ္ပဏီ လီမိတက် ဖြစ်ပြီး လွန်ခဲ့သော နှစ်ကုန်ပိုင်းမှ စပြီး လျှပ်စစ်မီး ပေးဝေနေခြင်း ဖြစ်သည်။

" ဖိုးသီးချိုက တရားဝင်က ၁၀ ယူနစ်အောက်ကို ၃၅ကျပ်နုန်းနဲ့ ယူပါတယ်။ ၁၀ ယူနစ် အထက်ကိုတော့ ၄၅၀ ကျပ် ဖြစ်ပါတယ်။ အခု မီး ပေးနေတာက ည ၆နာရီကနေ ၁၂ နာရီအထိပဲ ပေးနေပါတယ်။"

၎င်းပြင် ဖိုးသီးချို ကုမ္ပဏီသည် ကျောက်တော်မြို့ရှိ မီတာ အိုးများကို အပြင်ထုတ်ခိုင်းပြီး ပြန်လည် ပြင်ဆခ၊ တပ်ဆင်ခ၊ ကြိုးလဲခ ဆိုပြီး လျှပ်စစ်မီး သုံးစွဲသည့် အိမ်တစ်အိမ်ကို ကျပ်ငွေ ၂၀၀၀၀ ကျစီ ကောက်ခံသွားခဲ့ကြောင်း သူကပြောသည်။

ကျောက်တော်မြို့ မှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ခေါင်းဆောင် တစ်ဦးကလည်း ယခုကဲ့သို့ ခေါင်းစဉ် အမျိုးမျိုးဖြင့် လျှပ်စစ်မီး သုံးစွဲသူများထံမှ ငွေကောက်ခံနေသဖြင့် မြို့ပေါ်တွင် မကျေနပ်မူများ တိုးပွားနေပြီး သက်ဆိုင်ရာကို တိုင်ကြားမူများလည်း ရှိနေကြောင်း ပြောသည်။

" အခုကတော့ ဒီကိစ္စကို သက်ဆိုင်ရာကို တိုင်တန်းတာတွေလည်း ရှိနေတယ်။ လစဉ် လျှပ်စစ်မီး သုံးစွဲသူတွေ အနေနဲ့ မလိုအပ်ဘဲ ၀န်ဆောင်ခ ကျပ် ၂၈၀၀ စီ ပေးသွင်းနေကြရတယ်။ လျှပ်စစ်မီးက မရှိ မဖြစ် လိုအပ်တာ မှန်ပေမယ့် မလိုအပ်ဘဲ ၀န်ဆောင်ခ ပေးနေကြရတော့ လူတွေက လျှပ်စစ် မီးကြောင့် စိတ်ဒုက္ခတွေ ရောက်နေကြရတယ်။ တစ်ချို့ဆိုရင် မီတာအိုးတွေကို ပြန်အပ်တာတွေတောင် ရှိနေပါတယ်" ဟု ပြောသည်။

ကျောက်တော်မြို့တွင် လျှပ်စစ်ဖြန့်ဖြူးနေသော ဖိုးသီးချို့ ကုမ္ပဏီက အကြောင်း အမျိုးမျိုးပြကာ လျှပ်စစ်မီး သုံးစွဲသူများထံမှ ၀န်ဆောင်မူ စရိတ် ကောက်ခံနေသည့် အပြင် စည်းကမ်းများကိုလည်း တင်းကျပ်ထားကြောင်း သိရသည်။

" လျှပ်စစ်မီတာခကို လတိုင်း ၁၅ ရကနေ့ကို နောက်ဆုံးထားပြီး ပေးသွင်းရတယ်။ သတ်မှတ် ရက်ထက် ကျော်ရင် ဓါတ်အား သုံးစွဲတာကို ခေတ္တရပ်ဆိုင်းတယ်။ ရက်လွန်ကြေး ကျပ် ၂၀၀၀ ပေးသွင်းပြီးမှ ပြန်လည်ပြီး ဓါတ်အားကို ပြန် တပ်ဆင် ပေးပါတယ်။ အမျိုးမျိုး ဥပဒေတွေ ထုတ်ပြီး လုပ်နေပါတယ်။ အစိုးရဆီကလည်း လျှပ်စစ်မီး မပေးဆိုတော့ မြို့မှာ မီးမရမှာကို စိုးပြီး လူတွေက အောင့်သက်သက်နဲ့ ခံနေကြရပါတယ်" ဟု သူက ဆက်ပြောသည်။

ကျောက်တော်မြို့တွင် လျှပ်စစ်မီးကို စစ်အစိုးရ တက်လာပြီး နောက်ပိုင်း ဒီဇယ်သုံး မီးစက်ကြီးမှ တဆင့် တယူနစ် ၅၀၀ ကျပ်နုန်းဖြင့် မြို့ပေါ်မှ စီးပွားရေးသမား တစ်ဦး ဖြစ်သူ ကိုအေးထွန်းက ကန်ထရိုက်ယူကာ ဖြန့်ဝေပေးခဲ့သော်လည်း မီတာခ ကြီးမြှင့်မူကြောင့် ပြဿနာဖြစ်ပွားရာမှ ရပ်တန့်လိုက်ရပြီး ၎င်းနောက်ပိုင်းတွင် ဖိုးသီးချို ကုမ္ပဏီက တာဝန်ယူ ဖြန့်ဖြူးနေခြင်း ဖြစ်သည်။


.......................
နိရဉ္စရာ

ရခိုင်လူမျိုး တည်တံ့ရေး အတွက် သမိုင်းဝင်တိုင်များ စိုက်ထူထားရာ ရွှေတောင် ငွေတောင်ကို ဖြိုပြီး ကျောက်ထုတ် သဖြင့် ရွာသားများ ကန့်ကွက် ဆန္ဒပြ

မောင်ရမ္မာ
-----------
ရခိုင်လူမျိုးများ ရာသက်ပန် တည်တံ့ရေး အတွက် အေဒီ ၇၉၂ ခုနှစ်တွင် မြောက်ဦးနန်းတည် ဘုရင် မင်းစောမွန် စိုက်ထူခဲ့သော ရက္ခုံးတိုင်မျာ တည်ရှိရာ မြေပုံမြို့နယ်မှ ရွှေတောင် ငွေတောင်ကို ကျောက်ထုတ်လုပ်ရန် ဖြိုဖျက်သဖြင့် ကျေးရွာသားများက ၀ိုင်းဝန်းဆန့်ကျင် ဆန္ဒပြ ကန့်ကွက်ခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။
novice-monk
" ဒီကျောက်တောင်တွေကို ဒီဒေသမှာ ရွှေတောင် ငွေတောင်လို့ ခေါ်ပါတယ်။ ရခိုင်ဘုရင် မင်းစောမွန်က မြောက်ဦးနန်းကို တည်ဆောက်တော့ မြို့တည် နန်းတည် သင်္ကေတ အထိမ်းအအမှတ်တွေအနေနဲ့ ရက္ခုံးတိုင်တွေကို စိုက်ထူထားခဲ့ပါတယ်။ ဒီကျောက်တောင်တွေကို အခု လာပြီး ကျောက်ထုတ်ဖို့ ဖြိုချပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရွာက သက်ကြီးရွယ်အိုတွေ အပါအ၀င် လူပေါင်း ၁၅၀ ကျော်က သွားရောက် ဆန္ဒပြခဲ့ပါတယ်" ဟု ကံသာကျေးရွာမှ လူငယ် တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ကျောက်တော်မြို့နယ်မှ ကျောက်လုပ်ငန်း ကန်ထရိုက်တာ ဦးသန်းရွေမောင် ဦးဆောင်သော လူပေါင်း ၂၀ ခန့်က ပြည်နယ် ၀န်ကြီးချုပ် ခွင့်ပြုချက်ဖြင့် ကုလားတန် မြစ် ကြောင်း စီမံကိန်းတွင် ပါရှိသော ဆိပ်ခံ တံတားများ ဆောက်လုပ်ရန်ဟု ဆိုကာ ကျောက်တောင်ကို ဖြိုဖျက်ကာ ကျောက်ထုတ်လုပ်ခဲ့သည်။

" ဒီရွှေတောင် ငွေတောင်ဆိုတာက သမိုင်းဝင် နေရာတွေ ဖြစ်ပြီး စစ်တွေမြို့ကနေ ၇၃ မိုင်ခန့် ဝေးပါတယ်။ ကုလားတန် မြစ်ကြောင်း စီမံကိန်း ဆိပ်ခံတံတားတွေ အတွက် ကျောက်ထုတ်မယ်ဆိုရင် ကုလားတန်မြစ် ဘေးယာ တလျှောက်မှာ ကျောက်တောင်တွေ အများကြီး ရှိပါတယ်။ အဲဒီနေရာတွေ ရှိပါရဲ့နဲ့ ကျွန်တော်တို့ မြေပုံမြို့နယ်က သမိုင်းဝင် ရွှေတောင် ငွေတောင်ကို ကျောက်ထုတ်ဖို့ လာဖြိုတယ်ဆိုတာက ယုတ္တိ လုံးဝ မရှိဘူး။ ဒီလောက် နည်းပညာအရ တိုးတက်နေတဲ့ ခေတ်မှာ ဘယ်နေရာက မဆို ကျောက်ထုတ်လုပ်လို့ ရပါတယ်။ အခု သူတို့မှာ ဒီလို လာလုပ်တာ ရည်ရွယ်ချက် ရှိတယ်ဆိုတာ အထင်အရှား မြင်နိုင်ပါတယ်။ တိုင်းရင်းသား လူမျိုးတစ်မျိုးရဲ့ ယုံကြည်မူဆိုင်ရာ အရ တည်ဆောက်ထားတဲ့ အရေးကြီးတဲ့ နေရာကို လာဖျက်တာဟာ သက်သက် ကျွန်တော်တို့ရဲ့ သမိုင်း အမွေအနှစ်တွေကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်တာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

ကျေးရွာသားများ ကန့်ကွက် ဆန္ဒပြ တောင်းဆိုမှုကြောင့် ယခုအခါ ကျောက်ထုတ်လုပ်မူကို ယာယီ ရပ်တန့် ထားသော်လည်း မြေပုံ မြို့နယ် အုပ်ချုပ်ရေးမှူး မင်းခိုင်ဝင်းသည် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က ကံသာ ကျေးရွာသို့ လာရောက်ပြီး ကျောက်ထုတ်လုပ်မူကို ဆက်လက် လုပ်ဆောင်ရမည် ဖြစ်သဖြင့် ကျေးရွာ သားများကို ကန့်ကွက်မူ မလုပ်ကြရန် လာရောက် ခြိမ်းခြောက်သွားခဲ့သည်ဟု သိရသည်။

" မြို့နယ် အုပ်ချုပ်ရေးမှူး မင်းဝင်းခိုင် ရောက်လာပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်တစ်ဦးကို ခန့်တယ်။ တက်ရောက်လာတဲ့ သူတွေကို ဒီတောင်ကို ဖြိုတဲ့အတွက်နဲ့ ကန့်ကွက်သူ ရှိသလားလို့ မင်းဝင်းခိုင်က မေး ပါတယ်။ ရွာသားတွေက အကြောက်တရားတွေ ရှိနေသေးတော့ ဘယ်သူမှ ဘာမှ မပြောရဲကြဘူး။ အုပ်ချုပ် ရေးမှူးကတော့ ဒီ ကျောက်ထုတ်လုပ်တာကို ဆက်လုပ်သွားမယ်၊ တောင်ကို ဘတ်ဖို့ နှစ်စီးနဲ့ ဖြိုမယ်လို့ ခြိမ်းခြောက် ပြောသွား ပါတယ်" ဟု သူက ဆက်ပြောသည်။

သမိုင်းဝင် တောင်ကို ဖြိုပြီး ကျောက်ထုတ်လုပ်မူကို ရပ်တန့်ရန် ကံသာကျေးရွာသား ၁၂၃ ယောက်က လက်မှတ်ထိုးပြီး မြေပုံမြို့နယ်အုပ် ချုပ်ရေးမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူး၊ ပြည်နယ် ၀န်ကြီးချုပ်၊ ရှေးဟောင်း ယဉ်ကျေးမူ ဦးစီးဌာန၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ သို့ စာရေး တိုင်ကြားလိုက်သည်ဟု သိရသည်။

မြေပုံမြို့နယ် ဂုတ်ဖြူအုပ်စု ကံသာကျေးရွာရှိ ရွှေတောင် ငွေတောင်မှာ သမိုင်းအရ မည်မျှထိ အရေးကြီးပါသလဲဟု ရှေးဟောင်း ယဉ်ကျေးမူဌာန ဒု လက်ထောက် ညွှန်ကြားရေးမှူး(ငြိမ်း) ဦးကျော်ထွန်းအောင်ကို မေးကြည့်ရာ သူက ယခုလို ပြောသည်။

" အဲဒီ ရွှေတောင် ငွေတောင် ဆိုတာက မြောက်ဦးခေတ်မှာ မြောက်ဦး ထီးတည် နန်းတည် မင်း တစ်ပါး ဖြစ်တဲ့ မင်းစောမွန်က သက္ကရာဇ် ၇၉၂ မှာ ရက္ခုံးတိုင်တွေကို ရခိုင်လူမျိုးတွေ ထာဝရ တည်တံ့ရေး အတွက် ယတြာ ဗေဒင်တွေ အရ စိုက်ထူထားတဲ့ အရေးကြီး နေရာ ဖြစ်တယ်။ သမိုင်းအရ တန်ဖိုးရှိတယ် နေရာ တစ်ခု ဖြစ်ပါတယ်" ဟု ပြောသည်။

မင်းစောမွန် စိုက်ထူခဲ့သော ရက္ခုံးတိုင် (၆) တိုင်မှာ ပြိုပျက်သွားခဲ့သဖြင့် ရွာသားများက (၄) တိုင်ကို ပြန်လည် စိုက်ထူနိုင်ခဲ့ပြီး နောက်ထပ် တိုင် (၂) တိုင်ကို စိုက်ထူရန် စီစဉ်နေချိန်တွင် ယခုကဲ့သို့ ကုလားတန်မြစ်ကြောင်း စီမံကိန်းကို အကြောင်းပြကာ ကျောက်တောင်ကို ဖြိုဖျက်ခြင်း ဖြစ်ကြောင်း သိရသည်။

ကျောက်တောင်များမှာ သမိုင်းအရ အရေးကြီးသလို ဒေသအတွင်း လေမုန်တိုင်းဒဏ်ကိုလည်း ကာကွယ်ပေးသဖြင့် အဆိုပါ ကျောက်တောင်များ ပြိုပျက်သွားမည်ကို ဒေသခံ ပြည်သူများ အထူး စိုးရိမ်လျှက် ရှိကြောင်း သိရသည်။


.......................
နိရဉ္စရာ

(ပေးစာ) ရလျှင်ဝါး၊ ပျက်လျှင်ထား ပြည်ခိုင်ဖြိုး ပါတီဝင်များ

ကျွန်တော်တို့ မောင်တောမြို့နယ်တွင် မီးလင်းရေးကော်မီတီကို ယခင် တပ်မတော် အစိုးရ လက်ထက်တွင် အာဏာပိုင် အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ မြို့မိ- မြို့ဖများနှင့် ယခင်က အဖွဲ့အစည်း အဖြစ် တခုတည်းသာ ရှိသော ပြည်ခိုင်ဖြိုးအသင်း တာဝန် ရှိသူများဖြင့် ဖွဲ့စည်းပြီး မီးလင်းရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ခဲ့ကြပါသည်။

၎င်းကဲ့သို့ ဆောင်ရွက်ရာတွင် အလွှာပေါင်းစုံမှ လူပေါင်းစုံများ ပါဝင်ပြီး စေတနာထား လုပ်ကိုင်ကြသဖြင့် အဆင်ပြေ ချောမွေ့ ခဲ့ပါသည်။ ရရှိလာသည့် ရန်ပုံငွေများအားလည်း မြို့နယ် အတွက် လိုအပ်သည့် နေရာ များတွင် ထည့်ဝင် သုံးစွဲနိုင်ခဲ့ပါသည်။ သို့ရာတွင် မီးလင်းရေး ကော်မီတီတွင် တာဝန်ထမ်းဆောင်ခဲ့သော ဒေသ အာဏာပိုင်များ ပြောင်းရွေ့ သွားခြင်း မီးလင်းရေးကော်မီတီတွင် ပါဝင်သောဌာနဆိုင်ရာ အကြီးအကဲများ မပါဝင်တော့ခြင်း စသည့် အကြောင်းများကြောင့် အခြေအနေ တခုထိ အောင်မြင်ခဲ့သော မောင်တော မီးလင်းရေး လုပ်ငန်းမှာ ယခုအခါ ဦးဆောင်မှု ကင်းမဲ့သွားသည့် အတွက် မီးလင်းရေး လုပ်ငန်းမှာ ရပ်ဆိုင်း လုနီးပါးဖြစ်ကာ အခက်အခဲ ဖြစ်ပေါ်နေရပါသည်။

ယခု ဒီမိုကရေစီ အစိုးရ လက်ထက်တွင် ပြည်ခိုင်ဖြိုးအသင်းမှ ပြည်ခိုင်ဖြိုး ပါတီသို့ ပြောင်းလဲ ဖွဲ့စည်း လိုက်ပြီးနောက်ပိုင်း မောင်တော မီးလင်းရေးကို မောင်တော ခရိုင် ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ဦးထွန်းလှစိန် ခေါင်းဆောင်သော အဖွဲ့မှ မြို့မီးလင်းရေး အဖွဲ့ကို ဖွဲ့စည်းပြီး မီးစက်သစ် နှစ်လုံးနှင့် မီးလင်းရေး လုပ်ငန်းကို လုပ်ကိုင်လျှက်ရှိပါသည်။ မီတာခများအား ပထမ (၁၀) ယူနစ်လျှင် (၅၀) ကျပ်နူန်းနှင့် ကောက်ယူပြီး ၁၀ ယူနစ်ထက် ပိုလာသော ယူနစ်များ အတွက် (၁) ယူနစ်လျှင် (၅၀၀)ကျပ် ကောက်ခံပါသည်။ ၄င်းအပြင် မီတာ ထိန်းသိမ်းခဟု ဆိုပြီး(၁၀၀၀) ကျပ်၊ စက်ပြုပြင်ခ ဆို၍ (၁၀၀၀) ကျပ် - စုစုပေါင်း သုံးစွဲ မီတာခ အပြင် ငွေ (၂၀၀၀) ကျပ်ကို လစဉ် ကောက်ခံလျှက် ရှိနေပါသည်။ မောင်တောမြို့နယ်ရှိ မီတာအိုး အရေအတွက်နှင့် တွက်ချက်ပါက တစ်လလျှင် မီတာ ထိန်းသိမ်းခ သိန်း(၂၀)ခန့် နှင့် စက်ပြုပြင်ခ အတွက် ကောက်ခံငွေ သိန်း(၂၀)ကျပ်ခန့် စုစုပေါင်း သိန်း (၄၀) ကျပ် ရရှိ မည်ဖြစ်ပါသည်။ ၄င်းငွေများအား မည်ကဲ့သို့ သုံးစွဲသည်။ မည်သည့်ဌာန သို့ ပေးသွင်း ရသည်ကို ယနေ့အ ချိန်ထိ အများ ပြည်သူများသို့ ရှင်းလင်း တင်ပြခြင်း မရှိဘဲ ဦးထွန်းလှစိန် ခေါင်းဆောင်သော ပြည်ခိုင်ဖြိုး ပါတီဝင်များ ဖွဲ့စည်းထားသည့် ပြည်ခိုင်ဖြိုး မီးလင်းရေး ပါတီဝင် များကသာ ထောက်ပံ့ကြေးများ ရယူပြီး အကျိုးခံစားလျှက်ရှိနေကြပါသည်။

မောင်တော မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ တခုတည်း မဟုတ်ဘဲ တခြားသော တိုင်းရင်းသားပါတီ နှင့် တိုင်းရင်းသား မဟုတ်သောပါတီများလည်းရှိသည့်အတွက် မဖြစ်သင့်သည့် ကိစ္စတရပ် ဖြစ်ပါသည်။ ပါတီဆိုသည်မှာ အာဏာရပါတီ အတိုက်အခံပါတီ အားလုံးသည် ပါတီသာ ဖြစ်ပါသည်။ မြို့နယ်၏ စီမံခန့်ခွဲမှုကို ပါတီများ အနေဖြင့် လုပ်ပိုင်ခွင့် မရှိပါ။ သို့ရာတွင်ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ဦးထွန်းလှစိန်မှာ မြို့နယ် စီမံ ခန့်ခွဲမှူးများအား ချုပ်ကိုင်ပြီး ပြည်ခိုင်ဖြိုး မီးလင်းရေး အဖွဲ့ အားဖွဲ့စည်းလျှက် မီးလင်းရေး လုပ်ငန်းများအား ဆောင်ရွက်နေပါသည်။ ထိုသို့ ဆောင်ရွက်နေစဉ် လွန်ခဲ့သော (၁၅)ရက် ခန့်မှ စပြီး မြို့မီးလင်းရေး အဖွဲ့မှ မီးပေးနေသော စက်တလုံးမှာ မီးပေးနိုင်ခြင်း မရှိဘဲ စက်ပျက်ကာ ရပ်ဆိုင်း ထားခဲ့ရပါသည် တဆက်တည်း ကျန်မီးစက်တလုံးမှာလည်း ကုန်ခဲ့သော (၇)ရက်ခန့်မှ စပြီးမီး ပေးနိုင်ခြင်း မရှိတော့ပါ။ မီးသုံးစွဲခ ကောက်ခံရာတွင် လစဉ်လတိုင်း ကောက်ခံနေသော စက်ပြုပြင်ခငွေမှာ အနည်းဆုံး ကျပ်သိန်း(၂၅၀)ခန့် ရှိမည်ဟု ခန့်မှန်း မိပါသည်။ စက်ပြုပြင်ရန် ငွေရှိပြီး ယနေ့ အချိန်ထိ မီးမရရှိခြင်းကို မည်သို့မှ နားမလည် နိုင်အောင် ဖြစ်နေကြရပါသည်။

ခရိုင် ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ခေါင်းဆောင်သော မီးလင်းရေးအဖွဲ့ဝင်များမှာ ရလျှင်ဝါးပြီး ပျက်လျှင်ထားကာ ယခင် စက်အိုစက်ဟောင်း တလုံးနှင့် မြို့မီးလင်းရေး လုပ်ငန်းများကို မနိုင်ဝန် ထမ်းခိုင်းပြီး ဟန်မပျက် လုပ်ကိုင် နေခြင်း အပေါ်အလွန်တရာမှ စိတ်ပျက်မိပါသဖြင့် ပြည်ခိုင်ဖြိုး ဦးစီးသော မီးလင်းရေးကော်မီတီအား ဖျက်သိမ်း ပြီး ဒီမိုကရေစီ နည်းလမ်းနှင့် အညီ ပါတီစုံ အလွှာစုံပါဝင်သော မီးလင်းရေး ကော်မီတီ တရပ်ကို အမြန်ဆုံး ဖွဲ့ စည်းပြီး မီးလင်းရေး လုပ်ငန်းများအား လုပ်ကိုင် သင့်ပါကြောင်း အများပြည်သူများနှင့် တာဝန်ရှိလူကြီးများ သိရှိနှိင်ရန် တင်ပြအပ်ပါသည်။

(မောင်တောသား)

တပ်နှင့်ဆိုင်သော မေးခွန်း ရခိုင် ၀န်ကြီး မဖြေရဲ

ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က စတင်ခဲ့သော ရခိုင်ပြည်နယ် လွှတ်တော်တွင် အနောက်ပိုင်း စစ်ဌာနချုပ်နှင့် သက်ဆိုင်သော မေးခွန်းတစ်ခုအား ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးမှ မေးမြန်းရာ အဆိုပါ မေးခွန်းအား သက်ဆိုင်ရာ ၀န်ကြီးက တိုက်ရိုက် မဖြေကြားဘဲ ဝေ့လည် ကြောင်ပတ် ဖြေကြား သွားခဲ့ကြောင်းသတင်း ရရှိသည်။

Shrimp-project-arakan
" လွှတ်တော်မှာ မေးတာက စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က မေးတာပါ။ သူမေးတာက စစ်တွေမြို့နယ် အောင်ဒိုင်ကျေးရွာ အုပ်စုမှာ အောင်ဒိုင်ချောင်းက ချောင်းတက်ငယ်တွေကို ကျေးရွာသားတွေ ဆည်ဖို့ပြီး စပါးစိုက်ပျိုးရင်းနဲ့ တစ်ဘက်မှာလည်း တပိုင်တနိုင် ပုဇွန်မွေးမြူရေး လုပ်ပီး လုပ်ကိုင်စားသောက်နေတာကို ယခင်က ရှိခဲ့တဲ့ ထောက်လှမ်ရေး (၁၀) က ၁၉၉၃-၉၄ နှစ်က လူတွေကို ဖမ်းဆီး ထောင်ချပြီး ပုဇွန်ကန်တွေကို သိမ်းယူကာ နိုင်ငံသား မဟုတ်တဲ့ ခင်မောင်လှ(ခေါ်) ဆော်လိမ်နဲ့ မောင်ဂူလာမောက်ဆိုတဲ့ ဘင်္ဂလီ (၂) ဦးဆီက ငွေသိန်ပေါင်း မြောက်မြားစွာ ယူပြီး လုပ်ကိုင်ခိုင်းခဲ့တယ်။ ၁၉၉၆ ခုနှစ်ရောက်တော့ အနောက်ပိုင်းတိုင်းက အဲဒီလယ်တွေနဲ့ ပုဇွန်ကန်တွေကို မူလ ပိုင်ရှင်တွေကို ပြန်ပေးခဲ့တယ်။ ၁၉၉၉ ခုနှစ် ရောက်တော့ စစ်တွေမှာ ရှိနေတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က အရာရှိကြီးတွေကို အဲဒီပုဂ္ဂိုလ် နှစ်ဦးက ငွေသိန်းထောင်ချီ ပေးပြီး စစ်တပ်ပါဝါကို သုံးပြီးတော့ ပြန်သိမ်းခိုင်းတယ်။ အဲဒီကတည်းက ပြန်သိမ်းသွားပြီး အခုအချိန်ထိ ဒေသခံ တိုင်းရင်းသား လယ်သမားတွေ လုပ်ကိုင် စားသောက်ခွင့် မရဘဲ ဖြစ်နေတဲ့ အတွက် အဲဒီ လယ်မြေတွေ၊ ပုဇွန်ကန်တွေကို လယ်သမားတွေ လက်ထဲ ပြန်လည် ပေးအပ်ဖို့ ရှိပါသလားဆိုပြီး ဦးအောင်မြကျော်က ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့က အမေးအဖြေ ကဏ္ဍမှာ မေးပါတယ်" ဟု အမည် မဖေါ်လိုသူ အမတ် တစ်ဦးက ပြောသည်။

ဦးအောင်မြကျော် မေးသော မေးခွန်းအား ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ လယ်ယာနှင့် စိုက်ပျိုးရေး ၀န်ကြီး ဦးကျော်သိန်းက တာဝန်ယူ ဖြေကြားသော်လည်း မေးရာ တခြား ဖြေရာ တခြား ဖြစ်နေကြောင်း သူက ဆက် ပြောသည်။

" သူဖြေတာက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က သိမ်းယူပြီး ခုလို လုပ်နေတာကို တခွန်းမှ ပြန်လည် မဖြေကြားဘူး။ သူဖြေတာက အဲဒီ အောင်ဒိုင် ချောင်းတက်ကို ဆည်ပြီး စစ်တွေမြို့ကို ရေပေးဝေနေတဲ့ အကြောင်း ဒီလိုဘဲ ဘာမှ မဆိုင်တဲ့ဟာကို ဖြေသွားပါတယ်။ ဦးအောင်မြကျော် မေးတာက နေရာ တစ်ခု၊ သူဖြေတာက တစ်ခြား နေရာ တစ်ခု ဖြစ်နေတယ်။ ၀န်ကြီး ဦးကျော်သိန်းက ရတပ ပါတီက သွားတဲ့ ၀န်ကြီး ဆိုတော့ သူကဒီအကြောင်း အကုန်လုံး သိနေတယ်။ ဒါပေမယ့် သူက စစ်တပ်ကို ကြောက်ပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်ကို မှန်မှန်ကန်ကန် မဖြေဘဲ ဝေ့လည်ကြောင်ပတ် ဖြေသွားခဲ့တာ ဖြစ်ပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ၀န်ကြီး ဦးကျော်သိန်းမှ ဦးအောင်မြကျော် မေးခွန်းအပေါ် တိုက်ရိုက် မဖြေကြားမူကြောင့် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က ဆက်လက် ပြုလုပ်သော ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ဦးအောင်မြကျော်၏ မေးခွန်းအပေါ် ဖြေကြားမူမှာ လွဲမှားနေကြောင်း ထပ်မံ တင်ပြသဖြင့် ဦးအောင်မြကျော် မေးမြန်းသော မေးခွန်းနှင့် ပတ်သက်ပြီး သေချာ သိရှိနိုင်ရန် အောင်ဒိုင်ချောင်း ပုဇွန်ကန်များ တည်ရှိရာ နေရာကို သွားရောက် စစ်ဆေးမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်က ပြောသည်ဟု သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဦးအောင်မြကျော်အား မေးမြန်းရာသူက ယခုလို ပြောသည်။

"ဟုတ်ပါတယ်။ ကျနော်မေးတာ မှန်ပါတယ်။ ၁၉၈၀ ခုနှစ်က စပြီး လုပ်ကိုင် စားသောက်နေတဲ့ လယ်တွေနဲ့ ပုဇွန်ကန်တွေပါ။ ၁၉၉၀ ခုနှစ်က ပုံစံ (၁၀၅) မြေပုံနဲ့ ငါးလုပ်ငန်း အခွန်ဆောင်ပြီး လယ်ယာ လုပ်ငန်းနဲ့ ငါးလုပ်ငန်းကို တပြိုင်တည်း လုပ်ကိုင်စားသောက်နေတာ ကြာခဲ့ပါပြီ။ ဒါတွေကို စစ်အစိုးရ လက်ထက်မှာ စစ်တပ်က သိမ်းသွားတယ်။ ဒါကို ပြန်သူတွေရဲ့ လက်ထဲကို ပြန်ပေးဖို့ အစီအစဉ် ရှိ မရှိ မေးတာပါ။ အခုတော့ ဒီလယ်မြေတွေ ကိစ္စကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ကွင်းဆင်း စစ်ဆေးမယ်လို့တော့ ပြောပါတယ်" ဟု ပြောသည်။

ယခု ကျင်းပနေသည့် ရခိုင်ပြည်နယ် လွှတ်တော် အမေးအဖြ ကဏ္ဍတွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းအများအပြား မေးမြန်းခဲ့ကြပြီး အများဆုံး မေးခွန်းများမှာ အစိုးရ အဖွဲ့ဝင် ၀န်ကြီးများကို ဘေးကျပ် နံကျပ် ဖြစ်စေခဲ့သော စစ်တပ်က လယ်မြေသိမ်းထားသည့် ကိစ္စရပ် အပေါ် မေးမြန်းသည့် မေးခွန်းများ ဖြစ်ကြောင်း သိရှိရသည်။


.........................
နိရဉ္စရာ