ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ရခိုင်ပြည်နယ်မှ မြို့နယ် လေးမြို့နယ်တွင် ရုံးခွဲများ တိုးချဲ့ ဖွင့်လှစ်သွားရန် စီစဉ်နေကြာင်း သတင်းရရှိသည်။ ယခု ရုံးခွဲများ ဖွင့်လှစ်မည့် မြို့နယ်လေးမြို့နယ်မှာ ရွေးကောက်ပွဲတွင် ပါဝင် မယှဉ်ပြိုင်နိုင်ခဲ့သည့် မောင်တော၊ အမ်း၊ တောင်ကုတ်နှင့် ဂွ လေးမြို့နယ် ဖြစ်သည်။
ယခုကဲ့သို့ ရုံးခွဲများ တိုးချဲ့ ဖွင့်လှစ်ရန် စီစဉ် ရခြင်းမှာ မြို့ခံ ပြည်သူများမှ ဖိတ်ကြားချက် အရ ဖြစ် ကြောင်း ပါတီဥက္ကဌ ဒေါက်တာ အေးမောင်က ပြောသည်။
“ဟုတ်ပါတယ်။ ကျွန်တော်တို့ ရုံးတွေကို တိုးချဲ့ဖွင့်ဖို့ စီစဉ်နေပါတယ်။ ဒီဇင်္ဘာလ ၁၃ ရက်နေ့မှာ မောင်တော ရုံးခွဲကို ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ နောက်ပြီး တောင်ကုတ်ကလည်း ကျွန်တော်တို့ကို အဲဒီမှာ ရုံးလာဖွင့်ဖို့ ဆက်သွယ်လာတာရှိတယ်။ ဂွနဲ့ အမ်းမှာလည်း ဖွင့်ဖို့ စီစဉ်ထားတယ် ”ဟု ဒေါက်တာအေးမောင်က ပြောသည်။
အဆိုပါ မြို့နယ်များတွင်း ပါတီရုံးခွဲများကို ဒီဇင်ဘာလအတွင်း သို့မဟုတ် ဇန်န၀ါရီလအတွင်း ဖွင့်လှစ်သွား မည်ဟု သိရသည်။
အဆိုပါမြို့နယ်များမှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ရွေးကောက်ပွဲတွင် ၀င်ရောက် မယှဉ်ပြိုင် နိုင်ခဲ့သော်လည်း ပါတီ အပေါ် ဒေသခံ ရခိုင်ပြည်သူများ စိတ်ဝင်မှု များပြားလာသည့် အပြင် ပါတီဝင်ဦးရေ တိုးတက် များပြားလာသဖြင့် ရုံးခွဲများ ဖွင့်လှစ်ရန် စီစဉ်ရခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

.................................
http://www.ald-exile.org
0 comments:
Post a Comment