Pages

Sunday, 8 January 2012

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မူဝါဒ အကျဉ်း

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီကို ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ဦးဆောင်၍ မေလ ၄ ရက်နေ့က နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်သို့  ပါတီတည်ထောင်ခွင့် စတင်လျှောက်ထားခဲ့သည်။ ပါတီ မှတ်ပုံတင်ခွင့်ပြုချက်ကို ယခုလ ၁ ရက်နေ့တွင် မှတ်ပုံတင်အမှတ် ၂၈ ဖြင့် ရရှိထားသည်။

ပါတီတွင် ဥက္ကဋ္ဌ တဦး၊ ဒု ဥက္ကဋ္ဌ ၄ ဦး (ဦးအုန်းတင်၊ ဦးတင်ဝင်း၊ ဦးစောဖြူ၊ ဦးအောင်ဘန်းသာ)၊  အထွေထွေ အတွင်းရေးမှူး ဦးဦးလှစော၊ တွဲဘက်အတွင်းရေးမှူး ၄ ဦး (ဦးထွန်းအောင်ကျော်၊ ဦးခင်မောင်လတ်၊ ဦသာထွန်းလှ၊ ခိုင်ပြည်စိုးတို့ အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၈ ဦးဖြင့် ဖွဲ့စည်းထားသည်။

ပါတီရုံးချုပ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ထားရှိကာ တနိုင်ငံလုံး အတိုင်းအတာအားဖြင့် ဝင်ပြိုင်ရန် ရည်ရွယ်သော်လည်း ရခိုင်လူမျိုး အများစုရှိသော ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းတို့တွင် အဓိကထား ယှဉ်ပြိုင်မည်ဖြစ်သည်။

ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်မှာ ရသေ့တောင်မြို့နယ် ဇာတိဖြစ်ပြီး တရိစ္ဆာန်ဆေးကု ဆရာဝန်ဖြစ်ကာ စစ်တွေမြို့တွင် နေထိုင်လျက်ရှိသည်။

မဇ္ဈိမက ၎င်းနှင့် ဆက်သွယ်၍ ပါတီမူဝါဒများကို မေးမြန်းထားသည်။

ပါတီဖွဲ့ပြီး ရွေးကောက်ပွဲဝင်ဖြစ်သည့် ရည်ရွယ်ချက်

“အခုက နိုင်ငံရေးအတွက် တံခါးပေါက်လေးတခု ဖြစ်လာတာပေါ့နော်။ အဲဒီတော့ ကျောင်းတုန်းက နိုင်ငံရေးကို စိတ်ဝင်စားတဲ့သူတွေ၊ သဘောထားတူတွေ စုစည်းပြီး ဝင်ပြိုင်ဖို့ ဖြစ်သွားတာပါ။ ကျနော်တို့ပါတီမှာ ၈၈ တုန်းက လှုပ်ရှားခဲ့တဲ့ ရခိုင်ကျောင်းသားတွေ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD က ပါတီဝင်အချို့နဲ့ ရခိုင်တပ်ပေါင်းစုက အချို့ပါတယ်။ တံခါးပေါက်လေးတခု ဖြစ်လာတော့ မေလအစမှာပဲ ရန်ကုန်မှာရှိတဲ့၊ ရခိုင်တွေနဲ့ စစ်တွေမှာရှိတဲ့ နိုင်ငံရေးကို ဝါသနာပါတဲ့ သူတွေ ဆွေးနွေးတိုင်ပင်ပြီးမှ ဖြစ်လာတာပါ”

“ဖွင့်ပေးတဲ့ တံခါးပေါက်လေးကနေ နိုင်ငံရေး ပလက်ဖောင်းတခု ရအောင် လုပ်မယ်။ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ”

ပါတီမူဝါဒ အကျဉ်း

“ရခိုင်ပြည်နယ်အပါအဝင် တနိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီအရေး၊ တိုင်းရင်းသား လူမျိုးအားလုံး တန်းတူရေး ဆောင်ရွက်သွားဖို့ မူဝါဒချထားပါတယ်”

၂ဝဝ၈ အခြေခံ ဥပဒေအပေါ် သဘောထား

“၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေကတော့ ပြီးသွားပြီပေါ့နော်၊ ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး ပြင်လို့ မရတဲ့ ဖွဲ့စည်းပုံဆိုတာ မရှိဘူးလို့ ကျနော်တို့ မြင်တယ်။ တချိန်ချိန်မှာပေါ့ ကာလ ရှည်ချင်ရှည်မယ်၊ တိုချင်တိုမယ်။ ဖွဲ့စည်းပုံမှာ ပေးထားတဲ့ အခန်း ၁၂ မှာပါတယ်။ ဘောင်ထဲကနေ တဖြည်းဖြည်း ပြုပြင်သွားနိုင်မယ်လို့ ယုံကြည်တယ်”
စစ်တပ်က လွှတ်တော်နေရာများတွင် ၂၅ ရာခိုင်နှုန်း ရယူထားသည့်အပေါ် အမြင်
“သူတို့ရေးတဲ့ ဖွဲ့စည်းပုံအရ သူတို့ ယူထားတာကိုတော့ ဘာပြောနိုင်မှာလဲ”

လက်ရှိပါတီ လှုပ်ရှားမှု အခြေအနေ

“ကျနော်တို့ပါတီမှာ လက်ရှိ ဗဟိုအလုပ်အမှုဆောင် CEC အဖွဲ့ဝင် ၁၈ ဦး ရှိပါတယ်။ ဗဟိုကော်မတီ CC ကိုတော့ ၄၅ ဦးထိ ထားဖို့ လျာထားတယ်။  ပါတီဝင်တွေ မစည်းရုံးသေးဘူး။ CEC  ၁၈ ဦးပဲ ရှိသေးတယ်။ ဒီလ ၁၁ ရက်နေ့ကျမှ စစ်တွေမှာ ပါတီဆိုင်းဘုတ် တင်မယ်။ ပါတီဝင်လျှောက်လွှာတွေလည်း ရိုက်ပြီးပါပြီ။ မကြခင်ရက်ပိုင်းမှာပဲ စည်းရုံးရေးတွေ လုပ်သွားမှာပါ”

ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် အတိုင်းအတာ

“တနိုင်ငံလုံး အတိုင်းအတာထိ ဝင်ပြိုင်ဖို့ လျာထားတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်တခုလုံးနဲ့ ရန်ကုန်တိုင်းကိုပဲ အဓိက ထားတယ်”

လွှတ်တော်နှင့် အမတ်လောင်း လျာထားမှု

“လွှတ်တော် ၃ ရပ်မှာ ဝင်ပြိုင်ဖို့ ရှိပါတယ်။ ရခိုင်ပြည်နယ် ပြည်နယ်လွှတ်တော်အတွက် မြို့နယ်ပေါင်း ၁၇ မြို့နယ်မှာ ၂ ယောက်နှုန်းနဲ့ ၃၄ ယောက်၊ အမျိုးသားလွှတ်တော်အတွက် ၁၂ ဦး၊ ပြည်သူ့လွှတ်တော်အတွက် ၁၇ ဦး လျာထားတယ်။ ရန်ကုန်မှာလည်း ခွင့်ပြုချက်ရတဲ့ အရေအတွက်ပေါ်မှာ မူတည်ပြီး ဝင်ပြိုင်သွားမှာပါ။ ဘယ်သူတွေ ဘယ်မြို့နယ်ကနေပြီး ပြိုင်မယ်ဆိုတာ တလအတွင်းမှာ ဆွေးနွေးဆုံးဖြတ်သွားမှာပါ”

ရန်ပုံငွေအခြေအနေ

“ကျနော်တို့မှာ ငွေကြေး အခက်အခဲတော့ ရှိတာပေါ့။ အမတ်လောင်းတွေကလည်း  သူတို့တတ်နိုင်သလောက် စိုက်ထုတ်မှာပါ။ ပါတီဝင်တွေဆီကလည်း ကျပ် ၅ဝဝ နှုန်းနဲ့ သတ်မှတ်ကောက်ခံသွားမှာပါ။ ပြီးတော့ ကျနော်တို့က အမျိုးသားရေးပါတီဆိုတော့ ကျနော်တို့ကို ထောက်ခံတဲ့ လူတွေဆီက အလှူငွေတွေ  လက်ခံသွားမှာပါ”

လွှတ်တော်အတွင်း အဓိကထား ပြုပြင်ပြောင်းလဲမည့် ကိစ္စများ

“ကျနော်တို့က ဒေသဖွံ့ဖြိုးရေးကို တောင်ဆိုမယ်။ မူဝါဒချမှတ်ပြီးမှ လုပ်ဆောင်သွားမယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေကိုပေါ့။ အသေးစိတ်ကိုတော့ ပါတီညီလာခံကျကာမှ ချမှတ်သွားမယ်”

ရခိုင်ပြည်နယ် သယံဇာတများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေးကိစ္စအပေါ် သဘောထား

“ကိုယ့်ဒေသ ဖွံဖြိုးတိုးတက်စေမယ့် လုပ်ငန်းမျိုး၊ ရင်းနှီးမြှုပ်နှံရေးကိုတော့ ကြိုဆိုပါတယ်။  အခုဆိုရင် ဒေသခံတွေက အလုပ်အကိုင် ရှားပါးလို့  ပြည်ပထွက်ပြီး လုပ်ကိုင်နေကြတာ အများကြီးပဲလေ။ အလုပ်အကိုင်တွေ ဖြစ်ပေါ်လာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုပါတယ်”

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထားမည့် ကဏ္ဍ

“နံပါတ် (၁) ကတော့ ကျေးလက်ဒေသဆိုရင် လယ်ယာစိုက်ပျိုရေးက အဓိက ကျပါတယ်။ အဲဒါတွေ ဖွံ့ဖြိုးတိုးတက်ဖို့ နည်းပညာတွေလိုမယ်။ မျိုးကောင်းမျိုးသန့်တွေရအောင် လုပ်ပေးရမယ်။ သူတို့အတွက် ရင်းနှီးငွေတွေ အတိုးနည်းနည်းနဲ့ စိုက်ထုတ်ပေးတာမျိုးတွေ လိုအပ်တယ်။ ထွက်လာတဲ့ ကောက်ပဲသီးနှံတွေကိုလည်း နိုင်ငံခြား ဈေးကွက်ရရှိအောင် ဖန်တီးပေးရမယ်။ နံပါတ် (၂) ကတော့ လျှပ်စစ်စွမ်းအားရရှိအောင် လုပ်ရမယ်။ ပြည်နယ်တွင်းမှာ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိမှ စက်ရုံအလုပ်ရုံတွေ ဖြစ်လာပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါလာမယ်”

ရခိုင်ပြည်နယ် ပညာရေးအခြေအနေ

“လက်ရှိ ရခိုင်ပြည်နယ်မှာ ပညာရေးက တော်တော်လေးကို နိမ့်ကျနေတယ်။ ကျောင်းတွေကအစ။ အခြေခံပညာသင်နိုင်တဲ့ ကလေးတွေတောင် တော်တော်နည်းပါတယ်။ မူလတန်းအရွယ် ကလေးတွေဟာ လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲထိုးဖြစ်နေတာတွေ အများကြီးပါ။ အခြေခံပညာရေးကို (မူလတန်း) အခမဲ့ ပညာရေးဖြစ်အောင် လုပ်ပေးရမယ်။ အခုဆိုရင် ကျောင်းနဲ့ ဆရာ ဆရာမတွေလောက်ပဲ အစိုးရက ပေးနိုင်တယ်။ ကျန်တာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေက လုပ်ပေးနေတာ။ NGO အဖွဲ့တွေ ဖွံ့ဖြိုးအောင် လုပ်ရမယ်။ အစိုးရက မလုပ်နိုင်တာ သူတို့ လုပ်နိုင်အောင်ပေါ့။ အခုဆိုရင် ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ် ရန်ပုံငွေအဖွဲ့ UNICEF က မူလတန်းကလေးတွေကို ကျောင်းအပ်ပေးနေရတယ်။ တခြား UN အဖွဲ့တွေကလည်း ကျောင်းတွေတောင် ဆောက်ပေးနေရတယ်”

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအရေး

“ရိုဟင်ဂျာလို့ အများကခေါ်တဲ့  ဘင်္ဂလီတွေ ရေကြောင်းဒေသတွေကနေ ရခိုင်ကို ရောက်လာကြပြီ။ အခုက ဒီမှာ ပေါက်ပွားနှုန်း မြင့်မားနေကြတာကိုး။ ဒါကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းရမယ့် အရေးကြီးတဲ့ ကိစ္စတခုလို့ မြင်တယ်။ တဦးတယောက်တည်း ခေါင်းနဲ့ ဖြေရှင်းလို့ မရဘူးလေ။ ပါတီရဲ့ မူဝါဒ သီးသန့် ချပြီးကာမှ ညှိညှိနှိုင်းနှိုင်း ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်”

ဒေါက်တာ အေးမောင်၏ ကိုယ်ရေးအကျဉ်း

ဒေါက်တာအေးမောင်ကို ကုန်သည် မိဘ ၂ ပါး ဖြစ်သော ဦးမောင်လှစိန်နှင့် ဒေါ်သွင်ညိုဖြူတို့မှ ၁၉၅၇ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ရသေ့တောင်မြို့နယ် အောင်ဆိပ်ကျေးရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်း ၃ ဦးအနက် အကြီးဆုံးဖြစ်သည်။ အခြခံပညာကို ရသေ့တောင်မြို့နယ်နှင့် စစ်တွေမြို့ရှိ အထက (၅) နှင့် အထက (၂) တို့တွင် သင်ကြားခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် စစ်တွေ အထက (၂) မှ ဂုဏ်ထူး ၃ ဘာသာဖြင့် ၁ဝ တန်းအောင်သည်။ ရန်ကုန် အင်းစိန်ရှိ တရိစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေး တက္ကသိုလ်မှ ၁၉၈၁ ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။ ၁၉၈၁ ခုနှစ်မှစ၍  ၁၉၈၄ ခုနှစ်အထိ မွေးမြူရေးလုပ်ငန်း ကော်ပိုရေးရှင်းတွင် လုပ်ကိုင်ခဲ့သည်။  ၁၉၈၄ ခုနှစ်မှစတင်၍ တရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

၂ဝဝ၉ ခုနှစ်တွင် ဆေးပင်စင်ဖြင့် အငြိမ်းစားယူခဲ့ပြီး ၂ဝ၁ဝ တွင် နိုင်ငံရေးလောကသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။ ၁၉၈၆ ခုနှစ်တွင် ဒေါ်မြမြသက် (လက်ရှိ  အငြိမ်းစား ကျောင်းဆရာမ) နှင့် အိမ်ထောင်ကျပြီး သား ၂ ဦး ထွန်းကားသည်။

ရခိုင်တိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှု (တက္ကသိုလ်များ၊ ရန်ကုန်) အဖွဲ့တွင် ဗဟို အလုပ်အမှုဆောင်ဝင် ဖြစ်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် တည်ထောင်ခဲ့သော ရခိုင်မောင်မယ် တံမြက်စည်းလှည်းအသင်း၏ ကနဦးတည်ထောင်သူထဲတွင် တဦးအဖြစ် ပါဝင်ခဲ့သည်။

..................................
မဇ္ဈိမသတင်း

0 comments:

Post a Comment