Pages
Saturday, 7 January 2012
ရေလောင်းတတ်ပါစေ
ကျွန်တော်တို့  ရခိုင်လူမှု အသိုင်းအ၀ိုင်း နယ်ပယ်တွင်“ အဆိပ်ပင်ကို ရေမလောင်းပါနဲ့ ” “အဆိပ်ပင်ကို ရေလောင်းသလို ဖြစ်ခဲ့ရတယ်” “ကျားသေကို အသက်မသွင်းနဲ့ ” စသည့် စကားရပ်ရာများ ကို ရှေးလူကြီးသူမတို့ က နောင်လာနောက်သား မျိုးဆက် အသစ် အသစ်တို့  အတွက် သတိထားနိုင်ရန် သြ၀ါဒ စကား ထားခဲ့ကြသည်။ အဆိပ်ပင်ကို ရေလောင်း၍ ရှင်သန်ကြီးထွားလာလျှင် ရေလောင်းပေးခဲ့သူကို အကျိုးမပြုဘဲ ဒုက္ခပေးမည်၊ အန္တရာယ်ပေးမည် ဖြစ်၍ အဆိပ်ပင်ကို ရေလောင်းခြင်းသည် ကိုယ်ကျိုးနည်းမည့် လုပ်ရပ်ဖြစ်သောကြောင့် အဆိပ်ပင်ကို ရေလောင်းမပေးသင့်ကြောင်း ဆုံးမထားသည့် စကားရပ်ဖြစ်ပါသည်။အဆိပ်ပင်ကို အဆိပ်ပင်မှန်းမသိဘဲ ရေလောင်းပေးမိခဲ့လျှင်လည်း အဆိပ်ပင်ကို ရေလောင်းပေးသူကဲ့သို့  အလားတူ ဆိုးကျိုးများကို ခံစားရမည်
ဖြစ်သည်။ကျားသေကို အသက်သွင်းသူတို့ သည်လည်း ကျား ကိုက်သတ်ခြင်းကို ခံရမည်ဖြစ်သည်။
သို့ ဖြစ်၍ ကျားသေကို အသက်မသွင်းမိရန်၊ အဆိပ်ပင်ကို ရေမလောင်းမိရန်နှင့် ဆင်ခြင်တုံ တရားလက်ကိုင်
ထားပြီး ဝေဖန်သုံးသပ် စဉ်းစား၍ မိမိတို့ ကိုယ်တိုင် အကျိုးစီးပွားများ ဖြစ်ထွန်းအောင် ရွေးချယ်မှု မှန်ကန်
စွာဖြင့် ရေလောင်းတတ်ရန်  လိုအပ်ပါသည်။
                                ဥပမာအားဖြင့် ကျွန်တော်တို့  ရခိုင်ပြည်တွင် သစ်ပင်နှစ်ပင်ရှိသည် ဆိုကြပါစို့ ။ တစ်ပင်က ကျွန်တော်တို့ ရခိုင်ပြည်သူပြည်သားများကို အဆိပ်သင့်ပြီး ဒုက္ခပေးမည့် ၊ အန္တရာယ်ပေးမည့် အဆိပ်ပင်ဖြစ်ပြီး ၊အခြားတစ်ပင်က ရခိုင်သူ၊ရခိုင်သားများကို အကျိုးပြုမည့် ပဒေသာပင် ဖြစ်မည်ဆိုလျှင် ကျွန်တော်တို့ ရခိုင်သူ၊ရခိုင်သားများ အားလုံးသည် မည်သည့် သစ်ပင်ကို ရေလောင်းပေါင်းသင် ပြုသင့်ပါသနည်း။ ရခိုင်တစ်မျိုးသားလုံးကို အကျိုးပြုမည့်၊ ကောင်းကျိုးချမ်းသာကို ဆောင်ကျဉ်းပေးမည့် ပဒေသာပင်ကိုသာ ရွေးချယ်၍ ရေလောင်းပေးရမည်ဖြစ်သည်။ ထိုသို့  ရွေးချယ်မှု မှန်ကန်စွာဖြင့် ရေလောင်းမတတ်လျှင် ကျွန်တော်တို့  ရခိုင်တစ်မျိုးသားလုံး ကိုယ်ကျိုးနည်းရပေလိမ့်မည်။  ယနေ့  ကာလသည် ရခိုင်တစ်မျိုးသားလုံးအတွက် ရေလောင်းတတ်ရန် အလွန်အရေးကြီးသော အချိန်ဖြစ်ပါသည်။                             
                                ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့ တွင် ကျင်းပ ပြုလုပ်မည့် စစ်အာဏာရှင်တို့ 
၏ လွတ်လတ်မျှတခြင်း ကင်းမဲ့သော ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် အဆိပ်ပင်နှင့် တူသော နိုင်ငံရေးပါတီများ၊ ကျားသေနှင့်တူသော နိုင်ငံရေးပါတီများနှင့် ရခိုင်လူမျိုးများအတွက် ပဒေသာ ပင်နှင့်တူသော ပါတီများ စသည့် အရေအတွက်အားဖြင့်  ပါတီ(၁၀) ခု ၀န်းကျင်လောက် ရခိုင်ပြည်တွင် ၀င်ရောက် ယှဉ်ပြိုင် အရွေး ခံမည်ဖြစ်ပါသည်။အဆိုပါ ပါတီများထဲတွင် မည်သည့်ပါတီက အဆိပ်ပင်နှင့် တူ၍ ၊မည်သည်ပါတီက ကျားသေနှင့်တူပြီး၊ မည်သည့် ပါတီက ပဒေသာ ပင်နှင့် တူကြောင်းကို ရခိုင်တမျိုးသားလုံး ဂဃနဏ ခွဲခြားသိရန် လိုအပ်ပါသည်။သို့ မှသာ ရခိုင်တစ်မျိုးသားလုံးသည် အဆိပ်ပင်ကို ရေမလောင်းမိဘဲ၊ ကျားသေကို အသက်မသွင်းမိဘဲ နှင့်  ပဒေသာ ပင်ကို ရေလောင်းခြင်းဖြင့်   ကောင်းကျိုးတရားများ ရရှိခံစား နိုင်မည်ဖြစ်သည်။ ရခိုင်သူ၊ရခိုင်သားများ အတွက် မည်သည့် အပင်က အဆိပ်ပင်ဖြစ်၍ မည်သည့်အပင်က ပဒေသာ ဖြစ်သည်ဆိုသည်ကို ဘယ်ပုံဘယ်နည်းဖြင့် ခွဲခြားသိနိုင်ပါမည်နည်း။မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့သော မိမိအား ဒုက္ခပေးသူ၊ အန္တရာယ်ပေးသူ(၀ါ) ရန်သူ ဆိုသည်မှာ မည်သို့ သော ပုဂ္ဂိုလ်မျိုးကို ခေါ်ဆိုသတ်မှတ် ကြောင်း ဟောကြားချက်နှင့် ခွဲခြားနိုင်ပါသည်။မြတ်ဗုဒ္ဓ က ” မိမိ ၊ ချစ်သူ၊ မုန်းသည့်သူ ၊ သုံးဆူ ကြောင်းကိုးဝ ၊  အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်မှန် ၊ ယှဉ်ရန် အကြောင်းပြ” ဟု ဟောကြားတော်မူခဲ့သည်။ အကျယ်အားဖြင့်ဆိုလျှင် ” အကြင်သူသည်  မိမိ၏ အကျိုးမဲ့ကို  ဟိုအရင်ကလည်း ပြုလုပ်ခဲ့သည်၊ ယခုလည်း ပြုလုပ်နေဆဲဖြစ်ပြီး ၊ နောက်နောင်လည်း ပြုလုပ်လိမ့်ဦးမည်ဖြစ်သည်။” ထို ကဲ့သို့  သော ပုဂ္ဂိုလ်မျိုးကို ဒုက္ခပေးသူ၊ အန္တရာယ်ပေးသူ ဟု သတ်မှတ်ရမည်ဖြစ်သည်။ “ အကြင်သူသည် ငါချစ်သော သူများ၏ အကျိုးမဲ့ကို ဟိုအရင်ကလည်း ပြုလုပ်ခဲ့သည်၊ ယခုလည်း ပြုလုပ်နေဆဲဖြစ်ပြီး၊ နောက်နောင်လည်း ပြုလုပ်လိမ့်ဦး
မည်ဖြစ်သည်။” ထိုကဲ့သို့ သော ပုဂ္ဂိုလ်မျိုးကို ဒုက္ခပေးသူ၊ အန္တရာယ်ပေးသူ ဟု သတ်မှတ်ရမည်ဖြစ်သည်။ ”အကြင်သူသည် ငါမုန်းသော သူ၏ အကျိုးကို ဟိုအရင်ကလည်း ပြုလုပ်ခဲ့သည်၊ ယခုလည်း ပြုလုပ်နေဆဲဖြစ်ပြီး ၊ နောက်နောင်လည်း ပြုလုပ်လိမ့်ဦးမည်ဖြစ်သည်”။ ထိုကဲ့သို့ သော ပုဂ္ဂိုလ်မျိုးကို ဒုက္ခပေးသူ၊ အန္တရာယ်ပေးသူ ဟု သတ်မှတ်ရမည်ဖြစ်သည်။ အဆိုပါ အချက်များဖြင့် ချိန်ထိုးကြည့်၍ ကိုက်ညီလျှင် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့ အစည်း၊ မည်သည့် ပါတီ ၊မည်သည့်အရာကို မဆို မိမိတို့  အား  ဒုက္ခပေးသူ၊ အန္တရာယ်ပေးသူ အဖြစ် သတ်မှတ်ရမည်ဖြစ်သည်။ ဤ  သတ်မှတ်ချက်သည်  မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့သော  တရားတော်နှင့် အညီ သတ်မှတ်ထားချက်ဖြစ်သည်။
                                    ထိုသို့ ဆိုလျှင် ကျွန်တော်တို့  ရခိုင်ပြည်တွင် ပါဝင်ယှဉ်ပြိုင်မည့် မည်သည့် ပါတီကို မဆို အဆိုပါ အချက်များနှင့် ချိန်ထိုးကြည့်ခြင်းအားဖြင့်   မည်သည့်ပါတီသည် ကျွန်တော်တို့  ရခိုင်သူရခိုင်သားများကို ဒုက္ခပေးမည့် အန္တရယ်ပေးမည့် ပါတီ ဖြစ်ပြီး မည်သည့် ပါတီက ရခိုင်သူ ရခိုင်သားများကို အကျိုးပြုမည့် ပါတီ ဖြစ်သည်ဆိုသည်ကို ခွဲခြား သိမြင်နိုင်လိမ့်မည်ဖြစ်သည်။ ရခိုင်ပြည်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ  တဖြစ်လည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး(တစည) ပါတီ ကို ချိန်ထိုးကြည့်လျှင် ထိုပါတီသည် ဖြတ်သန်းလာခဲ့သည့် သမိုင်းစဉ် တလျှောက်လုံး ကျွန်တော်တို့  ရခိုင်လူမျိုးများအတွက် မည်သည့် ကောင်းကျိုးမှ လုပ်မပေးခဲ့ပေ။ ရခိုင်သူရခိုင်သားများကို နည်းလမ်းပေါင်းစုံဖြင့် မဟာဗျူဟာ ကျကျ နှိပ်ကွက်ခဲ့သည်။ အထင်ရှားဆုံးမှာ ၁၉၆၇ ခုနှစ် သြဂုတ်လ (၁၃) ရက်နေ့ တွင် ဖြစ်ပွားခဲ့သော စစ်တွေ ဆန်ပြသနာ နေ့ တွင် ရခိုင်လူမျိုး (၃၀၀) ကျော် ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ လွတ်လပ်ရေး မီးရှူးတန်ဆောင် အာရှနေ၀န်း ဆရာတော် ဦးဥတ္တမ ကို ဂုဏ်ပြု၍ အမည်ပေးထားသော ဆရာတော် ဦးဥတ္တမ ပန်းခြံကိုလည်း ကန်တော်မင်္ဂလာ ပန်းခြံဟု အမည်ပြောင်း၍ ရခိုင်လူမျိုး ဆရာတော် ဦးဥတ္တမ ၏ ဂုဏ်ကျေးဇူးကို စော်ကားခဲ့သည်။ ရခိုင်လူမျိုးများကို ချိုးနှိမ်ခဲ့သည်။တစည ပါတီ၏ ရခိုင်လူမျိုးများအပေါ် ညှင်းပန်းနှိပ်စက်ခဲ့မှု ၊ နှိပ်ကွက်ချိုးနှိမ်ခဲ့မှု ၊ ရက်စက်ယုတ်မာခဲ့မှု များကား ပြော၍မဆုံး ရေး၍မနိုင်အောင်ပင်။ သို့ ဖြစ်၍ တစည ပါတီသည် ကျွန်တော်တို့  ရခိုင်ပြည်သူပြည်သားများ၏ အကျိုးမဲ့ရာ မဲ့ကြောင်းကို ဟို အရင်ကလည်း ပြုလုပ်ခဲ့သည်၊ ယခုလည်း ပြုလုပ်နေဆဲပင်ဖြစ်ပြီး၊ နောက်နောင်လည်း ပြုလုပ်လိမ့်ဦးမည်ဖြစ်သည်။ သို့ ဆိုလျှင် တစည ပါတီသည် ရခိုင်သူရခိုင်သားများ အတွက် ကျားသေနှင့်တူသော ပါတီ၊ အဆိပ်ပင်နှင့် တူသောပါတီ ဖြစ်သည်။ ထိုပါတီကို အသက်သွင်းမိလျှင် ၊ ရေလောင်းမိလျှင် ရခိုင်တမျိုးသားလုံး ကိုယ်ကျိုးနည်းရမည့် ကိန်း ဆိုက်ရောက်လာမည်ဖြစ်သည်။သို့ ဖြစ်ပါ၍့  ရခိုင် တမျိုးသားလုံးသည်   တစည ပါတီကို အသက်မသွင်းမိရန်၊ ရေမလောင်းမိရန် အလွန်အရေးကြီးပါသည်။
ပါ   ပြုထားသည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးအသင်း  တဖြစ်ပြောင်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ ဖြိုး ရေးပါတီကို  ချိန်ထိုးကြည့်လျှင် ထိုကြံဖွံ့ ပါတီသည် စစ်အာဏာရှင် များ၏ သီအိုရီ သဘောတရားအတိုင်း     ယူနီဖောင်းချွတ် စစ်ဗိုလ်ချုပ်များ ဦးစီးဖွဲ့ စည်းထားသည့် ပါတီဖြစ်သည်။ ရခိုင်သူ ၊ရခိုင်သားများ အပါအ၀င် မြန်မာ ပြည်သူတရပ်လုံးကို ဒုက္ခမျိုးစုံ ပေးနေသော ကမ္ဘာမြေပေါ်က အဆိုးရွားဆုံး၊ အကြမ်းကြုတ်ဆုံး ၊အယုတ်မာဆုံး ၊အရက်စက်ဆုံး အဖွဲ့ အစည်း ဖြစ်သည်။ ဒီပဲယင်း လူသတ်ပွဲ၊ ပခုက္ကူမြို့  တွင် သံဃာ နှစ်ပါးအား လမ်းဘေးဓါတ်တိုင်(မီးတိုင်) တွင် ကြိုးတုတ်၍ ရိုက်နှက် ညှင်းပန်းမှု စသည့် အလွန်ဆိုးရွားသော လုပ်ရပ်များကို ကျူးလွန်ခဲ့သူများဖြစ်သည်။ ထိုပါတီဝင်များကြောင့် ကျွန်တော်တို့  အထွတ်အမြတ်ထား၍ ကိုးကွယ်သော ဘုရား၏ သားတော် ရဟန်းတော်များ သွေးမြေကျခဲ့ရသည်၊  ထောင်နန်းစံခဲ့ရသည်၊ အပြစ်မဲ့ ကျောင်းသား  ပြည်သူ အများ အပြား သေကြေခဲ့ရသည်။ မတရား ထောင်ချခံထားရသည်။ရခိုင်ပြည်သူပြည်သားများ အပါအ၀င် မြန်မာ ပြည်သူများအား ထိုပါတီ၏ ဒုက္ခပေးမှုများမှာ  ရေး၍မကုန် ဆို၍ မပြီး နိုင်အောင်ပင် ဖြစ်သည်။ သို့ ဖြစ်၍ ကြံဖွံ့ပါတီသည် ရခိုင်လူမျိုး အပါအ၀င် မြန်မာပြည်သူများ၏ အကျိုးမဲ့ရာ မဲ့ကြောင်းကို ဟို အရင်ကလည်း ပြုလုပ်ခဲ့သည်၊ ယခုလည်း ပြုလုပ်နေဆဲဖြစ်ပြီး ၊နောက်နောင်လည်း ပြုလုပ်လိမ့်ဦးမည်ဖြစ်သည်။သို့ ဖြစ်  သောကြောင့် ကြံဖွံ့ ပါတီသည် ရခိုင်သူ၊ရခိုင်သားများ အတွက် အလွန်ပြင်းထန်သည့် အဆိပ်များဖြင့် ပြည့်နှက်နေသော အဆိပ်ပင်နှင့်တူသည် ပါတီတစ်ခုဖြစ်သည်။ထိုကြံဖွံ့ ပါတီကို ရေလောင်း မိလျှင်  ရခိုင်တမျိုးသားလုံး ပျက်စီးရမည့် ကိန်း ဆိုက်ရောက်လာလိမ့်မည်ဖြစ်သည်။ သို့ ဖြစ်ပါ၍ ရခိုင်သူ ရခိုင်သား အားလုံးသည် ကြံဖွံ့  ပါတီ ကို ရေမလောင်းမိရန် အလွန်အရေးကြီးပါသည်။
                                            အဖ ရခိုင်ပြည်မှ ရခိုင့်ရင်သွေး စစ်စစ်တို့  စုစည်းမှု အားဖြင့် ပေါက်ဖွားလာသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကို ချိန်ထိုးကြည့်လျှင် သန္ဓေတည်ကတည်းက အဖ ရခိုင်ပြည်အတွက် ရခိုင်သူရခိုင်သားများ အတွက် ဟု ကြွေးကြော်ပြီး မွေးဖွားလာသည့် ပါတီဖြစ်သည်။ ပန်းတိုင်ရော၊ရည်ရွယ်ချက်ရော၊ မူဝါဒရော အားလုံးအားလုံး သည် ရခိုင်ပြည်ကြီး ကောင်းစားရန် ၊ ရခိုင်သူရခိုင်သားများ ကို အကျိုးပြုနိုင်ရန်၊ အကာအကွယ်ပေးနိုင်ရန် ၊ အလုပ်အကျွေးပြုနိုင်ရန် ဖြစ်သည်။ ရခိုင်တမျိုးသားလုံး၏ ကောင်းကျိုးချမ်းသာ ကို ဆောင်ကျဉ်းပေးရန် ရှေးရှူး ဦးတည်သည်။ ယနေ့  မဖွံ့ ထွား မစည်ပင် သေးသည့် ကာလမှာတောင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသည် ရခိုင်သမိုင်း သုတေသီ ရမ္မာဝတီ အရှင် ပညာစာရ အား စစ်အာဏာရှင်တို့  ကလိမ်ကျ အကွက်ဆင်၍ မတရားဖမ်းဆီးကာ ရခိုင့် ရှေးဟောင်းအမွေအနှစ်များအား သိမ်းယူသွားခြင်း၊ ရခိုင်ကလေးငယ်များအား ရပ်ဝေးသို့  ပို့ ခြင်း စသည်များကို ကြေညာချက်ထုတ်၍ ကန့် ကွက်သင့်သည်ကို ကန့် ကွက်၍  တောင်းဆိုသင့်သည်ကို တောင်းဆိုခဲ့သည်။ ရခိုင့် ကမ်းလွန် ပင်လယ်ပြင်မှ ထွက်သည့် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ အတွက်လည်း လွှတ်တော်ထဲမှာ ရှင်းမည်ဟု အရေးဆိုထားသည်။ ရခိုင်အရေးအတွက် မားမားရပ်၍ ဆောင်ရွက်မှုများဖြစ်သည်။ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ သည် ရခိုင်ပြည် နှင့် ရခိုင်ပြည်သူပြည်သားများကို အခက်အခဲကြားက မစည်ပင်သေးမီကပင် အကျိုးပြုခဲ့သည်၊ ခုလည်းပြုနေဆဲဖြစ်၍၊ နောင်လည်း ပြုနေဦးမည်မှာ မြေကြီးလက်ခတ် မလွဲပင်။ ရခိုင်တမျိုးသားလုံးကို ယခင်ရော၊ အခုရော၊နောင်ရော အလုပ်အကျွေးပြုမည့် ၊အကာအကွယ်ပေးမည့် ၊ ချမ်းသာသုခ ကို ဆောင်ကျဉ်းပေးမည့် ပါတီ ဖြစ်သည်။သို့ ဖြစ်၍ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသည် ရခိုင်တမျိုးသားလုံးအတွက် ပဒေသာ ပင်နှင့်တူသော ပါတီဖြစ်ပါသည်။ ထိုပါတီကို  ရေလောင်းပေါင်းသင် ပြုစုလျှင် ရခိုင်တမျိုးသားလုံး ကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။ သို့ ဖြစ်၍ရခိုင်ပြည်သူပြည်သားများသည် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကို  အားပေးထောက်ခံ ရေလောင်းပေးရန်  အထူးလိုအပ်ပါသည်။ ရခိုင်သူ ရခိုင်သား အားလုံး  ဆင်ခြင်တုံတရား လက်ကိုင်ထား၍ ဝေဖန်သုံးသပ် စဉ်းစားကာ အမြော်အမြင် ရှိရှိဖြင့် အဆိပ်ပင်လား၊ ပဒေသာ ပင်လား ခွဲခြား၍ ရေလောင်းတတ်ကြပါစေ ဟု ဆန္ဒပြုလိုက်ပါသည်။
                                                                       သန်းနိုင်ဂလေး(မေဃ၀တီ)
.........................
နိရဉ္စရာ
0 comments:
Post a Comment