Pages

Wednesday, 22 February 2012

ရမ္မာဝတီ အရှင်ပညာစာရနှင့် ယုံကြည်ချက်ကြောင့် ထောင်ချခံရသူများကို စစ်တွေတွင် ကြိုဆိုပွဲ ပြုလုပ်

မောင်အေး
----------
ရမ္မာဝတီ အရှင် ပညာစာရနှင့် အကျဉ်းထောင်အသီးသီးမှ များမကြာခင်က လွှတ်မြောက်လာသူ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံရသူများကို ကြိုဆိုပွဲ နှင့် ဂုဏ်ပြုပွဲ အခမ်း အနား တစ်ခုကို ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့သည်။
 Welcome Burma political leader
၎င်းအခမ်းအနားကို စစ်တွေမြို့ရှိ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ဗဟိုရုံး) တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပြောရေးဆိုခွင့် ရှိသူ ဗဟို အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက အခမ်းအနား ကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ယခုလို ပြောသည်။

" ကျွန်တော်တို့က ယုံကြည်ချက်ကြောင့် ထောင်ချခံရတဲ့ ရဟန်းတော်တွေ၊ ကျောင်းသား လူငယ်တွေကို ခုလို ကြိုဆို ဂုဏ်ပြုရတာက သူတို့ဟာ တိုင်းပြည်အတွက်၊ အများးအကျိုးအတွက် လုပ်လို့ ထောင်ကျခံရသူတွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ လူမူ အသိုင်းအ၀ိုင်းမှာက ထောင်ကျတဲ့ လူဆိုရင် လူရာ မသွင်းချင်ကြဘူး။ ကြောက်ကြတယ်။ တကယ်တော့ သူတို့ဟာ လူဆိုးတွေ မဟုတ်ဘူး။ ကြောက်စရာကောင်းတဲ့ လူတွေလည်း မဟုတ်ဘူး။ အများအတွက် အနစ်နာခံ ပေးဆပ်တဲ့ တကယ့် တန်ဖိုး လေးစားစရာကောင်းတဲ့ လူတွေ ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့က အများကို မီးမောင်းထိုးပြလိုတယ်။ လူငယ် မျိုးဆက်သစ်တွေကို သိရှိစေလိုတယ်။ ဒီလို ရည်ရွယ်ချက်တွေနဲ့ ခုလို ကြိုဆိုပွဲကို တခန်းတနား ပြုလုပ်ရတာ ဖြစ်ပါတယ်" ဟု ပြောသည်။

ကြိုဆိုပွဲနှင့် ဂုဏ်ပြုနုတ်ဆက်ပွဲကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနှင့် စစ်တွေမြို့မှ တက်ကြွ လူငယ်များ စုပေါင်း ကျင်းပကြခြင်း ဖြစ်သည်။

အခမ်းအနား မစတင်မှီ ရမ္မာဝတီ အရှင်ပညာစာရအား မလိခ မော်တော် ဆိပ်ကမ်းမှ သွားရောက်ကြိုဆိုခဲ့ကြပုံကိုလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူ ထဲမှ တစ်ဦးဖြစ်သူ ကိုကောင်းစံက ယခုလို ပြောသည်။

" ဟုတ်ပါတယ်။ မနေ့ ညနေ ၃ နာရီကျော်ခန့်မှာ မလိခ အမြန်ရေယာဉ် စစ်တွေကိုရောက်ရှိလာတဲ့ ဆရာတော် ကို ရတပ ပါတီက အတွင်းရေးမှူး ဦးခိုင်ပြည်စိုး ဦးဆောင်ပြီး ဆိပ်ကမ်းမှာ သွားရောက် ကြိုဆိုခဲ့ကြပါတယ်။ ဆိပ်ကမ်းကနေ ရတပ ပါတီ ဌာမချုပ်ရှိတဲ့ လမ်းမတော်တောင်ကို လမ်းလျှောက်ပြီး ဆရာတော်ကို ပင့်ယူလာခဲ့ကြပါတယ်။ လမ်းဘေးဝဲယာက လူတွေကလည်း ကြိုဆို နုတ်ဆက်ကြပါတယ်။ ကြိုဆိုသူတွေက ဆရာတော် ပညာစာရအား ကြိုဆိုပါ၏ ဆိုတဲ့ နဖူးစည်း စာတန်းတွေကို အားလုံး စည်းထားကြပါတယ်။ ဆရာတော် အရှင်ပညာစာရ ကျန်းမာပါစေ၊ အသက်ရှည်ပါစေ၊ အမျိုးသားအကျိုး ဒီထက်မက ဆောင်ရွက်နိုင် ပါစေ ဆိုပြီး စာတန်းတွေနဲ့ ကြိုဆိုကြပါတယ်။"

ဆရာတော်အား ကြိုဆိုသူများ အထဲတွင် ရတပ ပါတီက အတွင်းရေးမှူးအဖွဲ့ဝင် ဦးခိုင်ပြည်စိုး၊ မြေပုံမြို့နယ် လွတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း၊ ရခိုင်သမိုင်းသုတေသီ ဦးအောင်လှသိန်း။ ဆရာတော် အမှုအား အခမဲ့လိုက်ပါ ကူညီခဲ့သည့် ရှေ့နေမ ဒေါ်အေးနုစိန် တို့လည်း ပါဝင်ကြသည်။

ကြိုဆိုပွဲ အခမ်းအနားတွင် ဦးခိုင်ပြည်စိုးမှ နိုင်ငံရေးအကျဉ်းသားများ ဘ၀အခြေအနေများကို ဟောပြောကာ ဆရာတော် ပညာစာရမှာလည်း အကျဉ်းထောင် အတွေ့အကြုံများကို ဟောပြောခဲ့ပြီး စာရေးဆရာ သူမြတ် မဟာအောင်မြေမှလည်း ဆရာတော်၏ စာပေဖြတ်သန်းမှုများကို ဟောပြောခဲ့သည်။

ဟောပြောပွဲ အခမ်းအနားအား ညနေ ၄ နာရီမှ ၈ နာရီ အထိ ပြုလုပ်ခဲ့ပြီး ရဲသတင်းတပ်ဖွဲ့၊ စရဖတို့မှ လာရောက်သတင်းယူခဲ့သော်လည်း တစုံတရာ အနှောင့်အချက် မရှိကြောင်း သိရသည်။ ဆရာတော် အရှင်ပညာစာရမှာ ယခုအခါ သဒ္ဓမ္မဂုရုပုသိမ်ကျောင်းတွင် ယာယီ သီတင်း သုံးနေကြောင်း သိရှိရသည်။


.................
နိရဉ္စရာ

ရခိုင်လွှတ်တော်တွင် ကျောက်ဖြူ ပြည်နယ် လွှတ်တော်အမတ် ပြည်သူ့ အရေး တင်ပြတောင်းဆိုမည်

ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ စတင်ခဲ့သော ရခိုင်ပြည်နယ် လွှတ်တော် အမေးအဖြေ ကဏ္ဍတွင် ပြည်သူများ အပေါ် မတရား ပြုကျင့်ခံနေရမူများ တင်ပြသွားမည် ဖြစ်ကြောင်း ကျောက်ဖြူ ပြည်နယ် လွှတ်တော် အမတ် ဦးတင်ဖေက ပြောသည်။
Sittwe-Taungkok-Kyaukpyu-ferry
ကျောက်ဖြူ အမှတ် (၁) ဆိပ်ကမ်း
" ကျွန်တော်က မေးခွန်းမေးတဲ့ ကဏ္ဍမှာ တင်ပြမှာက အချက် (၃) ချက် ဖြစ်ပါတယ်။ ဒါကို လွှတ်တော်မှာ မေးဖို့ တင်ပြ ထားပါတယ်။ ကျောက်ဖြူမှာ မီးလင်းရေးကော်မီတီက အစိုးရက သတ်မှတ်ထားတာက မီတာခ တယူနစ် ၃၅ ကျပ်၊ မီးလင်းရေးကော်မီတီက ကျောက်ဖြူမှာ ကောက်နေတာက ၄၀၀၊ ၅၀၀ ဆိုသလို ကောက်တယ်။ ဒါတွေကို တင်ပြပါမယ်။"

ဒုတိယ ဆွေးနွေးရန် တင်ပြထားသော အကြောင်းအရာကိုလည်း သူက ယခုလို ပြောသည်။

" နောက်တင်ပြတာက ဂုံးချိန် ကျေးရွာမှာ ၁၉၉၃ ခုနှစ်က တပ်ရင်း ၅၄၂နဲ့ ၅၄၃ တို့က လယ်တွေကို တပ်ရင်းချမယ်ဆိုပြီး သိမ်းထားပါတယ်။ အဲဒီလယ်တွေထဲက တချို့ကို စစ်တပ်က လယ်သမားတွေကို သီးစားချထားပါတယ်။ တစ်ချို့ကိုလည်း သူတို့ ကိုယ်တိုင် လုပ်ပါတယ်။ ကျန်တဲ့ လယ်မြေတွေကို ဘာတစ်ခုမှ မလုပ်ဘဲ ပလပ်ထားပါတယ်။ ဒီလယ်မြေတွေကို လယ်သမားတွေကို ပြန်ပေးဖို့ ကျနော်တင်ပြပါမယ်။ လူပေါင်း ၃၀ ခန့်ဟာ လယ်မြေတွေ အသိမ်းခံထားရတဲ့ အတွက် အထူး ဒုက္ခ ရောက်နေကြပါတယ်။ သူတို့ကို လယ်မြေတွေ ပြန်ပေးသင့်တယ်လို့ ကျနော်ထင်ပါတယ်။"

တတိယ တင်ပြမည့် အကြောင်းအရာကိုလည်း သူက ယခုလို ဆက်ပြောသည်။

" အခု ကျွန်တော်တို့ ကျောက်ဖြူမှာ လေယာဉ်ကွင်း တိုးချဲ့မယ်ဆိုပြီး အိမ် (၈) လုံးကို သက်ဆိုင်ရာက ဖြိုဖျက်လိုက်ပါတယ်။ အဲဒီနေရာမှာ နောက်ထပ် အိမ်အသစ် (၁၂) လုံးဆောက်ပြီး တခြားလူတွေကို ငွေနဲ့ ရောင်းစားနေပါတယ်။ ဒါတွေကို အရေးယူနိုင်အောင် လွှတ်တော်မှာ ကျွန်တော် ဆွေးနွေးတင်ပြမှာ ဖြစ်ပါတယ်" ဟု ဦးတင်ဖေက ပြောသည်။

သို့သော် ကျောက်ဖြူ ပြည်နယ် လွှတ်တော် အမတ် ဦးတင်ဖေမှာ သူတင်ပြမည့် မေးခွန်းများကို ပြည်နယ် လွှတ်တော် အဖွဲ့သို့ တင်ပြပြီး ရခိုင်ပြည်နယ် လွှတ်တော် ပထမနေ့ကို တက်ရောက်နစဉ် သူ၏သား ကိုနေလင်း ရုတ်တရက် သေဆုံးသွားသဖြင့် ပြည်နယ်လွှတ်တော် ပထမပိုင်းကိုသာ တက်ရောက်နိုင်ခဲ့ပြီး လွှတ်တော်ထဲမှ ကျောက်ဖြူမြို့သို့ ပြန်သွားခဲ့ရသည်ဟု သိရသည်။


......................
နိရဉ္စရာ

Saturday, 18 February 2012

ရခိုင်ပြည်က ရှေးဟောင်းအမွေအနှစ် စင်ကာပူဘုန်းကြီး လက်ဝယ်ရှိ

ရခိုင်ပြည်က ရှေးဟောင်းအမွေအနှစ် စင်ကာပူဘုန်းကြိးလက်ဝယ်ရှိ
စင်ကာပူနိုင်ငံ ဗုဒ်ဓအံတော်သိမ်ကျောင်း ၀က်ဆိုက်တစ်ခုဖြစ်တဲ့ http://www.btrts.org.sg/Index_About_Us_Sacred_Relics.htmlရဲ့ ဖော်ပြချက်အရ၊ မြန်မာနိုင်ငံ ရခိုင်ပြည် မြောက်ဦးမြို့က အများသူငါက မြတ်စွာဘုရားရဲ့ အံတော်ဓာတ် တစ်ဆူလို့ အစဉ်အလာ လက်ခံထားကြတဲ့ အံတော်ဓာတ် တစ်ဆူဟာ ယခု စင်ကာပူနိုင်ငံက ဘုန်းကြီး ရှီဖာကြောင် (Shi Fazhau) ရဲ့ လက်ထဲကို ရောက်ရှိလို့ နေပြီဖြစ်ပါတယ်။ ဘုန်းကြီး ရှီရဲ့ ၀က်ဆိုက်အရတော့ မြောက်ဦးမြို့က ဘုန်းတော်ကြီး ဦးစက္ကပါလ(ဗန်ဓုလဘုန်းတော်ကြီးကျောင်းထိုင်)က သူ့ကို လက်ဆောင်ပေးလိုက်တာပါတဲ့။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံက သမိုင်းဝင် အမွေအနှစ်တစ်ခု ကို ယခုလို လက်ဝယ်ထားတာဟာ ဘုန်းတော်ကြီး ရှီအတွက် ၀ိနည်းသိက္ခာနဲ့ ညီတဲ့ လုပ်ရပ်တစ်ခု တော့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံ ရှေးဟောင်းပစ္စည်းအက်ဥပဒေအရ အခုလို နှစ်ပေါင်းများစွာ သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ ပစ္စည်းတစ်ခုခုကို မြန်မာပြည်ကနေ ပြည်ပနိုင်ငံတစ်ခုသို့ တရားမ၀င် ယူဆောင်သွားခြင်းဟာ ဥပဒေနဲ့ ငြိစွန်းနေလို့ပါပဲ။ဘုန်းကြီး ရှီဖာကြောင်က လက်ဆောင်ရရှိတယ်လို့ သူ့ဝက်ဆိုက်မှာတော့ ဆိုထားလေရဲ့။ ဒါပေမဲ့ မြန်မာပြည်ရဲ့ ရှေးဟောင်းပစ္စည်းတစ်ခုဟာ တစ်ဦးတစ်ယောက်ပိုင် ပစ္စည်းမဟုတ်ဘဲ ပြည်သူလုထု အားလုံးပိုင်ဆိုင်တဲ့ သမိုင်းအမွေ ဖြစ်တယ်ဆိုတာ ဘုန်းကြီး ရှီ သိဖို့ ကောင်းပါတယ်။ ဗုဒ္ဒဘာသာဝင်တွေ အထွတ်အမြတ်ထားရာ အံတော်ဓာတ်ဟာ စောစောက ပြောခဲ့တဲ့ မြောက်ဦးမြို့က ဘုန်းကြီး တစ်ဦးတစ်ယောက်တည်း ပိုင်ဆိုင်တာ မဟုတ်ပါဘူး။ ဗုဒ္ဒဘာသာဝင် မြန်မာပြည်သူ အားလုံးနဲ့ သက်ဆိုင်တာပါ။ ဒါကြောင့် မြောက်ဦးက ဘုန်းကြီးအနေနဲ့ မိမိတို့ရဲ့ အမွေအနှစ်ကို ပြည်ပဘုန်းကြီးတစ်ပါးကို လက်ဆောင် မပေးနိုင်သလို ဘုန်းကြီး ရှီအနေနဲ့လဲ လက်ဝယ်ပိုင်ဆိုင်ဖို့ မသင့်လျော်ပါဘူး။ မြန်မာပြည် ရှေးဟောင်းပစ္စည်းအက်ဥပဒေအရ အခုလို မြန်မာပြည်ကခိုးထုတ်သွားတာဟာ အပြစ်ရှိတဲ့ လုပ်ရပ်တစ်ခုလဲ ဖြစ်ပါတယ်။စစ်တွေနဲ့ မြောက်ဦးက ရရှိခဲ့တဲ့ သတင်းများအရကတော့ စောစောက ပြောခဲ့တဲ့ အံတော်ဓာတ်ကို မြောက်ဦးဘုန်းကြီးဆီကနေ စင်ကာပူဘုန်းကြီး ရှီဖာကြောင် ၀ယ်ယူသွားခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရခိုင် မင်းနေပြည်တော် ဖြစ်ခဲ့ဖူးတဲ့ မြောက်ဦးမြို့မှာ အများက အံတော်လို့ လက်ခံထားကြတဲ့ အံတော်ဓာတ် နှစ်ဆူရှိပါတယ်။ တစ်ခုက ၁၆ ရာစု ဘုရင်မင်းဗာကြီး တည်ထားခဲ့တဲ့ အံတော်သိမ်မှာ ကိန်းဝပ်တဲ့ အံတော်ဖြစ်ပြီး၊ နောက်တစ်ခုကတော့ ပုဂံတောင်က အံတော်ဖြစ်ပါတယ်။ အံတော်နှစ်ခုစလုံးဟာ စောစောက ပြောခဲ့တဲ့ မြောက်ဦးမြို့က ဘုန်းတော်ကြီးကျောင်းထိုင်ရာ ဘုန်းကြီးကျောင်းမှာ ကိန်းဝပ်ခဲ့ပါတယ်။အဲဒီ အံတော်နှစ်ဆူစလုံးကို ၂၀၀၂ ခုနှစ်တုန်းက ရှီဖာကြောင်က ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။ ပုဂံတောင်က အံတော်ကို ယူဆောင်သွားစဉ်က ဘယ်သူမှ မရိပ်မိလိုက်ကြပေမဲ့၊ ဒုတိအကြိမ် ဘုန်းကြီးရှီရဲ့ တပည့်များ အံတော်သိမ်က အံတော်ကို သယ်ယူရာမှာတော့ စစ်တွေလေဆိပ်မှာ စစ်ထောက်လှမ်းရေးက ဖမ်းမိလိုက်ပါတယ်။ဒါပေမဲ့ ရှီဖာကြောင်ဟာ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ အနီးကပ်ရင်းနှီးတာကြောင့် ဘာအရေးယူခြင်းမှ မခံခဲ့ရပါဘူး။ မြောက်ဦးက ဘုန်းကြီးလဲ အဲဒီနှစ်အကုန်မှာ ပျံလွန်ခဲ့ပါတယ်။ ဘုန်းကြီးပျံတော့ သူ့ရဲ့သေတ္တာထဲမှာ သိန်းပေါင်းများစွာသော ငွေတွေကို တွေ့ရပါတယ်တဲ့။ ရှီဖာကြောင် ၀ယ်ယူသွားခဲ့တဲ့ အထောက်အထားတွေ ဖြစ်တယ်လို့ဆိုပါတယ်။မြတ်စွာဘုရားရဲ့ အံတော်ဓာတ်လို့ပြောနေကြတဲ့ အဲဒီ အံသွား စင်ကာပူကိုရောက်ရှိသွားပြီး၊ ၀က်ဆိုက်မှာ ကြေညာလိုက်စဉ်မှာ တော့ သွားဖက်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခတွေကြားမှာ လေ့လာသုံးသပ်စရာ တစ်ခု ဖြစ်သွားခဲ့ပါတယ်။ Dr Pamela Craig, (University of Melbourne/ School of Dental Science, Australia) နဲ့ Professor David Whittaker (Cardiff University, Britain) တို့ကတော့ အခု အံသွားဟာ လူတစ်ယောက်ရဲ့ အံသွား မဖြစ်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။ အဲဒီ သုံးသပ်ချက်က ၂၀၀၇ ခု ဇူလိုင် ၁၅ ရက်နေ့ထုတ် The Nation သတင်းစာမှာ ပါရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံ ကန်ဒ တက္ကသိုလ်က ရခိုင် သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းကလဲ မြတ်စွာဘုရားရဲ့ အံတော်အစစ်ဆိုတာနဲ့ ပတ်သက်လို့ သံသယရှိကြောင်း wao-mail group မှာ ဖော်ပြခဲ့ပါတယ်။အခုတင်ပြနေတာက ဗုဒ္ဒွရဲ့စစ်မှန်တဲ့ အံတော် ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာကို ပြောနေတာ မဟုတ်ပါဘူး။ ဒီပစ္စည်းဟာ ရှေးဟောင်း အမွေအနှစ်ပစ္စည်း ဖြစ်ပါတယ် ဆိုတာကို တင်ပြနေတာပါ။အခု စင်ကာပူကို ရောက်နေတဲ့ အံတော်ဓာတ်မူလကိန်းဝပ်ခဲ့ရာ ပုဂံတောင်စေတီဟာ မြောက်ဦးခေတ် (၁၄၃၀-၁၇၈၄ အေဒီ) အတွင်း တည်ထားခဲ့တာဖြစ်လို့ ဒီအံတော်ဓာတ်ရဲ့ ကိုးကွယ်မှု သက်တမ်းဟာ အနည်းဆုံး နှစ်ပေါင်း နှစ်ရာ ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရှေးဟောင်း ပစ္စည်းအက်ဥပဒေအရ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်း ရှိတဲ့ မည်သည့်ပစ္စည်းကို မဆို ရှေးဟောင်းပစ္စည်းလို့ သတ်မှတ်ပါတယ်။ ဒါကြောင့် အခုစင်ကာပူ ၀က်ဆိုက်က တရားဝင်ကြေညာနေတဲ့ ရခိုင်ပြည် မြောက်ဦးမြို့က အံတော်ဟာ ရှေးဟောင်းပစ္စည်း ဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့ မရပါဘူး။ဒီတော့ခါ မြန်မာပြည်ရဲ့ သမိုင်းဝင် အမွေအနှစ်ဖြစ်တဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို စင်ကာပူဘုန်းကြီး ရှီဖာကြောင် တရားမ၀င်ယူဆောင်သွားတဲ့ လုပ်ရပ်တစ်ခုဟာ ဥပဒေနဲ့ မငြိစွန်းနေဘူးလားဗျာ။ ။ ကိုင်း…. စင်ကာပူက ရွှေမြန်မာတွေဘာလုပ်ကြမှာလဲ။ သွားပြီးတော့ပဲ ဖူးကြမလား၊ ဥပဒေကြောင်းအရပဲ ကန့်ကွက်ကြမလား။ ။မူရင်းကိုဖေါ်ပြလိုက်ပါရေ။
The Origin of Buddha Tooth Relic Temple
In 1980, Ven. Cakkapala, abbot of the renowned Bandula monastery in Mrauk-U, Myanmar, resolved together with five male devotees to go up the Bagan Hill at Mrauk-U to restore a collapsed stupa and a large statue of the Buddha. In the process of clearing up the debris, they discovered a Tooth of the Buddha within a stupa of pure gold, and also found various other relics of the Buddha. The discovery was not made known publicly.In mid-January 2001, members of the Preparatory Committee for the Bandula Monastery were preparing to build a Buddhist hall and a two-storey Exhibition Hall for Ancient Buddhist Cultural Relics. Faced with great difficulties in fund-raising, they appealed to Ven. Shi Fazhao for financial assistance. Moved by the Committee’s spirit of commitment to Buddhism, Ven. Shi Fazhao gladly agreed to their request.
In mid-August 2001, the Preparatory Committee escorted Ven. Shi Fazhao and his devotees to pay reverence to the Buddha Tooth Relic (discovered more than 200 years) at the Bandula Monastery, and to meet the abbot Ven. Cakkapala. The two eminent monks felt close to each other right from the start, such that they shared extensively with each other their experiences in furthering the Dharma. In early 2002, Ven. Cakkapala came to Singapore, Malaysia and Thailand for a visit on Ven. Shi Fazhao’s invitation. As he visited both the Golden Pagoda Buddhist Temple and Metta Welfare Association (founded by Ven. Shi Fazhao), he came to the profound understanding that the compassion of this friend of his extended beyond just helping to restore stupas in Myanmar – indeed, it was sown widely all over Singapore and the region.
On August 4, 2002, Ven. Cakkapala decided to hand over the Buddha Tooth Relic (which he had reverently enshrined for 22 years) to Ven. Shi Fazhao to be safeguarded. He exhorted the new guardian that, should the opportunity arise, he is to build a monastery for the relic, so that Buddhists from everywhere may gather in Singapore to pay reverence to it. These people, it was hoped, may in this way connect with the Buddha and hence increase in blessings and wisdom. Ven. Cakkapala passed away peacefully on December 11, 2002.
Having been so urged by Ven. Cakkapala, Ven. Shi Fazhao found himself being tested. To get things started, he resolved to be secluded in a one-year Dharma Lotus Blossom Retreat. Thanks to blessings from the Triple Gems, Ven. Shi Fazhao conceived during the retreat not only the name “Buddha Relic Tooth Temple (Singapore)”, but also an architectural style based on the Buddhist mandala and integrated with the art culture of Buddhism in the Tang dynasty. Naturally, the classical ethos of the building has to be matched with a site with a long history. Loaded with significance for early Chinese immigrants, and also being the locus of the roots of Chinese culture here, Chinatown became one of the places under consideration for the building of the new Temple.



http://isananadi.wordpress.com/2011/05/31/hello-world/



http://www.btrts.org.sg/Index_About_Us_Sacred_Relics.html
Advertisement

Monday, 13 February 2012

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေမှ ရခိုင်လွှတ်တော်ကိုယ်စားလှယ်များကို ကြိမ်းမောင်း

၉-၂-၂၀၁၂ နေ့ ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်အမျိုးသားစီမံကိန်းဥပဒေကြမ်းကို ဆွေးနွေးစဉ် မကွေးတိုင်းမဲဆန္ဒယ် အမှတ် (၁၂)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ (ပြည်ခိုင်ဖြိုးပါတီ) က “အခု ကျနော် ပြောတာဟာ ပါတီကိုယ်စား ပြောတာပါ” ဟု အစချီပြီး “ရခိုင်ကိုယ်စားလှယ် ၅ ဦး ပြောရင် ၅ ဦးလုံး လျှပ်စစ်တောင်းတယ်၊ ကျောက်...ဖြူ လူထုအစည်းအဝေးမှာတုန်းကလည်း ရွှေဂက်စ်က လျှပ်စစ်မရရင် လူထုဆန္ဒပြမယ်လို့ ပြောတယ်။ မိုးကုတ်က ကျောက်ထွက်လို့ မိုးကုတ်ကို ပေးရမလား၊ ရေနံချောင်းက ရေနံထွက်လို့ ရေနံချောင်းကို ပေးရမလား၊ ကိုယ့်ဒေသထွက်တိုင်း ပေးရမလား” လို့ နောက်လှည့် လက်ပြပြီး ဒေါမာန်အပြည့်နဲ့ ပြောသွားပါတယ်။ တကယ်တော့ ပြည်ထောင်စုလွှတ်တော် ဆိုတာဟာ ပါတီစည်းရုံးရေး စင်မြင့်မဟုတ်ပါဘူး။ နိုင်ငံတော်အကြီးအကဲများကလည်း (ပါတီစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ၀ါဒစွဲ၊ ဘာသာစွဲ) မထားဖို့ အမြဲပြောနေတဲ့ကြားက ပါတီကိုယ်စား ပြောတာပါဆိုပြီး ဒေသအကျိုးအတွက် တင်ပြနေကြတဲ့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေကို မဆီမဆိုင် ပေါ်တင်ကြီး ကြိမ်းမောင်းတာကို အံ့သြမိပါတယ်။ ပိုပြီး အံ့သြဖို့ကောင်းတာက ဒီလိုရမ်းကားတဲ့ လုပ်ရပ်ကို လွှတ်တော်နာယကကြီးက ဘာမှ ၀င်မတားတာပါပဲ။ အင်္ဂလိပ်ကိုလိုနီခေတ်မှာ သခင်ဖိုးလှကြီး ခေါင်းဆောင်တဲ့ ရေနံမြေသပိတ် ပေါ်ပေါက်ခဲ့တယ်။ ရေနံတူးတဲ့ ရေနံလုပ်သားတွေ မီးခွက်ထွန်းဖို့ ရေနံတောင်မရှိအောင် ဆင်းရဲကြလို့ သပိတ်တိုက်ပွဲဝင်ခဲ့ကြခြင်း ဖြစ်ပါတယ်။ မြန်မာ့သမိုင်းမှာ မြန်မာတမျိုးသားလုံးရင်ထဲမှာ ဒီရေနံမြေသပိတ်တိုက်ပွဲကို မတရားမှုကို ဆန့်ကျင်တဲ့ လုပ်ရပ်အဖြစ် ဂုဏ်ယူစွာဖြင့် သမိုင်းမှတ်တမ်းတင်ခဲ့ကြပါတယ်။ ဒီလို လွှတ်တော်မှာ ဒီမိုကရေစီနည်းလမ်းကျကျ တင်ပြဆွေးနွေးနေကြတာကို အဏာရှင်ဆန်ဆန် ကျင့်သုံးလိုတဲ့အပေါ် ကျုပ်ဖြင့် မြင်ရတာ ရင်လေးမိပါတယ်။

အမည်မဖေါ်လိုသူ
လွှတ်တော်စောင့်နတ်တဦး

Saturday, 4 February 2012

စစ်တွေတက္ကသိုလ်တွင် ဆံပင်နီ ဆိုးက ဒဏ်ငွေရိုက်မည်

စစ်တွေ တက္ကသိုလ်တွင် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ဆံပင်နီဆိုးပြီး ကျောင်းတက်ခွင့်ကို ပိတ်ပင်လိုက်ပြီ ဆံပင်နီဆိုး၍ ကျောင်းလာပါက ဒဏ်ငွေရိုက်မည် ဖြစ်ကြောင်း ကျောင်းအုပ်ကြီးက အမိန့်ထုတ်ထားသည်ဟု သတင်း ရရှိသည်။

formar-Sittwe-university
" ဟုတ်ပါတယ်။ ကျောင်းသူ ကျောင်သားတွေကိုရော၊ ဆရာ ဆရာမတွေကိုပါ ဆံပင်နီ ဆိုးပြီး ကျောင်းမလာ ရဘူးလို့ ကျောင်းအုပ်ကြီး အမိန့်ထုတ်ထားပါတယ်။ ဆံပင်နီဆိုးပြီး ကျောင်းလာတာကို တွေ့ရင် ဒဏ်ငွေ ၁၅၀၀ ရိုက်မယ်လို့ ပြောထားပါတယ်" ဟု တတိယ နှစ် မြန်မာစာ ကျောင်းသူ တစ်ဦးက ပြောသည်။

စစ်တွေ တက္ကသိုလ်တွင် ကျောင်းသူ ကျောင်းသားများသာမက ဆရာ ဆရာမများပါ ဆံပင်နီ ဆိုးပြီး ကျောင်းတက်ကြသဖြင့် ကျောင်းအုပ် ဆရာကြီးက ယခုလို အမိန့်ထုတ်လိုက်ခြင်း ဖြစ်ကြောင်း အမည် မဖေါ်လိုသူ ဆရာ တစ်ဦးက ပြောသည်။

ဆံပင်နီ ဆိုးခြင်းကြောင့် စစ်တွေ တက္ကသိုလ်အတွက် တစ်စုံတစ်ရာ ထိခိုက်မူ ရှိပါသလားဟု မေးမြန်းရာက အဆိုပါ ဆရာက ယခုလို ပြောသည်။

" ဆံပင်နီ ဆိုးတာဟာ ကျွန်တော်တို့ရဲ့ လူမျိုးရဲ့ ယဉ်ကျေးမူကို အနည်းနဲ့ အများဆိုသလို ထိခိုက်တယ်လို့ ပြောနိုင်ပါတယ်။ ဆံပင်နီဆိုးပြီး ကျောင်းလာတဲ့ အတွက် သရုပ်ပျက် ယဉ်ကျေးမူတွေ ခေတ်စားလာတာကို တွေ့လာရတယ်။ ဒါတွေကို ထိန်းသိမ်းဖို့လိုပါတယ်။ အနောက်တိုင်း ယဉ်ကျေးမူကို အတုယူကြတဲ့ နေရာမှာ ကောင်းတာကို မယူဘဲ မကောင်းတာကို ယူနေကြတဲ့ အတွက် ကျောင်းမှာ သရုပ်ပျက် ၀တ်စား ဆင်ယင်မူတွေ တိုးများလာတာကို တွေ့ရတယ်။ ဒါကြောင့် ခုလို ကျောင်းအုပ်ကြီးက အမိန့်ထုတ်လိုက်တာ ဖြစ်ပါတယ် " ဟု ပြောသည်။

ယခုကဲ့သို့ ဆံပင်နီ မဆိုးရ အမိန့်ကို လွန်ခဲ့သော တပတ်ကျော်က စပြီး ကျောင်းအုပ်ဆရာကြီး ဦးတင်မောင်ထွန်းက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်ဟု သိရသည်။ ၎င်းပြင် စစ်တွေ တက္ကသိုလ် ကျောင်းဝင်းအတွင်း စက်ဘီးနှင့် ဆိုင်ကယ် စီးခွင့်ကိုလည်း ပိတ်ပင်ထားကြောင်း သိရသည်။

တစ်ခြားတစ်ဘက်တွင်လည်း စစ်တွေ တက္ကသိုလ် ကျောင်းသား ကျောင်းသူများက ရခိုင်ရိုးရာကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်သည့် အနေဖြင့် ဗုဒ္ဓဟူးနေ့တိုင်းတွင် ကျောင်းသားများကို ရခိုင်ရိုးရာ ပန်းဖေါ် လုံချည်၊ အမျိုးသမီးများကို ပန်းဖေါ် ထဘီနှင့် တီရှပ် အကျီ အဖြူများကို ၀တ်ဆင်ပြီး ကျောင်းတက်ရန် ဆော်သြထားပြီး ယခုအခါ ကျောင်းသား ကျောင်းသူများမှာ ရခိုင်ရိုးရာ အ၀တ်အစားများ ၀တ်ဆင်ပြီး ဗုဒ္ဓဟူးနေ့တိုင်း ကျောင်းတက် နေကြသည်ဟု သိရသည်။

နိရဉ္စရာ

ရခိုင် ရိုးရာ ရထား ဆွဲပွဲ စစ်တွေတွင် စတင် ကျင်းပ

မောင်အေး
-------------
တပို့တွဲ လရောက်တိုင်း ကျင်းပလေ့ရှိသည့် ရခိုင်ရိုးရာ ရထားဆွဲပွဲကို စစ်တွေမြို့တွင် ဖေဖေါ်ဝါရီလ ၃ ရက်နေ့ ညနေပိုင်းက စတင် ကျင်းပနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
Rathapoye
၂၀၁၁ ခုနှစ် ဒီဇင်္ဘာ ၁၅ ရက်နေ့ ရခိုင်ပြည်နယ်နေ့က ကျောက်ဖြူတွင် ကျင်းပနေသော ရထားပွဲ
ရထားဆွဲပွဲကို ဖေဖေါ်ဝါရီလ ၂ ရက်နေ့က မြို့လူကြီးများက စစ်တွေမြို့ ၀င်္ကာဘာကွင်းတွင် ဖွင့်လှစ်ပေးခဲ့ပြီး ပါဝင် ယှဉ်ပြိုင်မည့် အသင်းများကို တစ်သင်းနှင့် တစ်သင်း မဲစနစ်ဖြင့် ရွှေးချယ် ခဲ့သည်ဟု သိရသည်။

"မနေ့ညနေက ၀င်္ကဘာကွင်းမှာ ရထားဆွဲပွဲ အခမ်းအနား ဖွင့်ပွဲလုပ်တယ်။ လူတော်တော်များများ တက်ရောက်ကြပါ တယ်။ ခါတိုင်းနှစ်တွေထက် စည်တယ်။ မနေ့ကတော့ ရထားဆွဲမယ့် အသင်းတွေကို ဘယ်အသင်းနဲ့ ဘယ်အသင်း စဆွဲမယ်ဆိုတာ မဲနိုက်တယ်။ ဒီနေ့ ညနေမှ ရထားဆွဲမယ်" ဟု စစ်တွေ မောလိပ်ရပ်ကွက်မှ လူငယ် တစ်ဦးက ပြောသည်။

ယခင်နှစ်က စစ်တွေ မိဇံရပ်ကွက်တွင် ပြုလုပ်သည့် ရထားဆွဲပွဲတွင် ရပ်ကွက်တချို့မှ ရပ်ကွက် အလိုက်ပါဝင် ယှဉ်ပြိုင်ခဲ့ကြသော်လည်း ယခုနှစ်တွင် စစ်တွေတမြို့လုံးရှိ ရပ်ကွက်များမှ ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

Rathapoye
" ဒီနှစ်ပွဲက မြို့သူမြို့သားတွေ စုပေါင်းပြီးလုပ်တဲ့အတွက် အရင်နှစ်တွေကထက်ပိုပြီး စည်စည် ကားကား ကျပါတယ်။ မြို့မိမြို့ဘတွေက ရန်ပုံငွေကောက်ခံပြီးလုပ်ကြတာပါ။ မနေ့ကဆိုရင် ကွင်းတခုလုံးမှာ လူပြည့်နေတယ် တော်တော်စည်ပါတယ်" ဟု တခြားမြို့ခံ လူကြီး တစ်ဦးကလည်း နိရဉ္စရာသို့ ပြောသည်။

အလားတူ ရခိုင်ရိုးရာ ရထားဆွဲပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာသည့် မောင်တောမြို့တွင်လည်း ယခုလ ၅ ရက်နေ့မှစပြီး ရထားဆွဲပွဲကို သုံးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ရထားဆွဲပွဲကို တပိုးတွဲလတွင် ကျင်းပလေ့ရှိပြီး ရထားဆွဲပွဲအစဉ်အလာ ဖြစ်ပေါ် လာခြင်းမှာ ရခိုင်ဘုရင် မင်းဗာကြီးလက်ထက်က ရှင်ငယ်ဆရာ ဦးမြ၀ါအလောင်းကို မင်းနှင့်ပြည် သူများ သူနိုင်ကိုယ်နိုင် ရထားပေါ်ပြီး တင်ပြီး အနိုင်လုဆွဲကြရာမှ စတင် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။


နိရဉ္စရာ

News Date:2/4/2012 စစ်တွေ ရထားဆွဲပွဲ ဘောင်းဒွတ်သားစု ပွဲဦးထွက် အနိုင်ရ

စစ်တွေတွင် ကျင်းပနေသော (၄)ကြိမ်မြောက် ရခိုင်ရိုးရာ ရထားဆွဲပွဲတွင် ဘောင်းဒွတ်သားစုနှင့် ရူပမြောက် ရပ်ကွက်တို့ စတင် ဆွဲကြရာ ဘောင်းဒွတ်သားစုက ပွဲဦးထွက် အနိုင်ရရှိသွားကြောင်း သတင်း ရရှိသည်။

Ratha-pwe
" ဟုတ်ပါတယ်။ ပြိုင်ပွဲကို ညနေ ၇ နာရီမှာ စတင် ကျင်းပပါတယ်။ မိန်းခွန်းတွေ ပြောအပြီးမှာ ရထားဆွဲပွဲကို စပါတယ်။ ရူပမြောက် ရပ်ကွက်နဲ့ ဘောင်းဒွတ်သားစု ရပ်ကွက် အားနဲ့ အင်နဲ့ စဆွဲပါတယ်။ ဘောင်းဒွတ်သားစုက အနိုင်ရသွားပါတယ်" ဟု အနိုင်ရ ဘောင်းဒွတ်သားစုက လူငယ် တစ်ဦးက ပြောသည်။

ရထားဆွဲပွဲအား ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှ ၅ ရက်နေ့ထိ ၃ ရက်တိုင်တိုင် ပြုလုပ်သွားမည် ဖြစ်ပြီး ပွဲစဉ် ပထမ နေ့တွင် ရပ်ကွက် (၁၀) ခုမှ ၁၀ သင်းပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်ဟု သိရသည်။

အနိုင် အရှုံးများမှာ ဘောင်းဒွတ်သားစု ရပ်ကွက်က ရူပမြောက် ရပ်ကွက်ကို၎င်း၊ ဘောက်သီးစု ရပ်ကွက်က ရွာကြီးတောင် ရပ်ကွက်ကို၎င်း၊ ဘောလုံးကွင်းရပ်ကွက်က ကျောင်းတက်လမ်းရပ်ကွက်ကို၎င်း၊ အုန်းတပင် ရပ်ကွက်က တရားသီးစုရပ်ကွက်ကို၎င်း၊ ကုန်တန်းရပ်ကွက်က ကျေးပင်ကြီးရပ်ကွက်ကို၎င်း အသီးသီး အနိုင်ရရှိသွားကြောင်း သိရသည်။

ရထားဆွဲပွဲ စတင် ဖွင့်လှစ်သည့် အခမ်းအနားကို ဆရာဦးထွန်းအောင်ရွှေ(စစ်တွေ ညိုသန့်) က မင်္ဂလာရတု သီဆို ရွှတ်ဖတ်ပြီး ဖွင့်လှစ်ပေးခဲ့ကာ ရထားပွဲ ဖြစ်ပေါ်လာပုံကို ဦးကျော်စိန်ဦး(ခွီးဘလူး) က ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။ ရထားပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဆရာကြီး ဦးထွန်းရွှေမောင် (လေးဝတီ)က လက်ရှိ ရထားပွဲ ဖြစ်မြောက်ရေး အတွက် အဘက်ဘက်က ၀ိုင်းဝန်းကြိုးပန်း ပေးကြသော လူများကို ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

" ဒီနေ့မှာတော့ ပိုစည်မှာပါ။ စစ်တွေ တစ်မြို့လုံးက လာရောက် အားပေးကြတဲ့ အတွက် မနေ့ကတော့ ပရိသတ်က ကွင်းလုံးပြည့်ပါဘဲ။ ဒီနေ့မှာ ပိုစည်နိုင်ပါတယ်။ ကျန်နေတဲ့ ရပ်ကွက်တွေက သူနိုင်ကိုယ်နိုင် ဆွဲကြမှာ ဖြစ်ပါတယ်" ဟု အဆိုပါ လူငယ်က ဆက်ပြောသည်။

ယခုနှစ်ရထားဆွဲပွဲတွင် သံချပ်ထိုး ပြိုင်ပွဲများလည်း ပါဝင်ကြောင်း သိရသည်။

ရခိုင်ရိုးရာ ရထားဆွဲပွဲမှာ ယခင်က ကျင်းပမူ နည်းပါးသဖြင့် ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့ပြီး ယခုအခါမှ မြို့တိုင်း ရွာတိုင်းတွင် ရိုးရာ ယဉ်ကျေးမူကို ထိန်းသိမ်း ဖေါ်ထုတ်သည့် အနေဖြင့် ပြန်ကျင်းပလာကြခြင်း ဖြစ်သည်။


နိရဉ္စရာ

ရခိုင်တွင် စစ်တပ်၊ သစ်တောနှင့် ရဲများက တရားမ၀င် ငွေကောက်ခံနေ

ခိုင်သိန်း
--------
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေတွင် တာဝန်ကျနေသော စစ်တပ်၊ သစ်တောနှင့် ရဲ များက အဆိုပါဒေသရှိ လက်လုပ်လက်စား ၀ါးခုတ်သမားများနှင့် လွှဆွဲ သမားများထံမှ ငွေကောက်ခံနေသည်ဟု သိရသည်။

" ၀ါးခုတ်သမားတွေနဲ့ လွှတိုက်သမားတွေဆီက စစ်တပ်၊ သစ်တောနဲ့ ရဲက ကောက်ယူနေတာ ဖြစ်ပါတယ်။ နေရာ သုံးခုက ကောက်ခံနေပါတယ်။ ဒီလို ကောက်ခံနေတဲ့အတွက် ကျွန်တော်တို့ ၀ါးခုတ်၊ လွှတိုက်သမားတွေမှာ သူတို့ကို လုပ် ကျွေးနေသလို ဖြစ်နေကြပါတယ်။ ဒါပေမယ့် ဒီအလုပ် ကို မလုပ်ရင် တခြား အလုပ် မရှိတဲ့ အတွက် ထမင်းငတ်မှာကို ကြောက်ပြီး လုပ်နေကြရပါတယ်" ဟု ရီဇိုးချောင်း ကျေးရွာသားတဦးက နိရဉ္စရာသို့ ပြောသည်။

ငွေကောက်ခံနေသူများမှာ ၅၃၈ မှ တပ်ရင်းဗိုလ်ကြီး လင်းထိန်၊ ကျောက်တန်း စခန်းမှူး ဦးသန်းဖေနှင့် သစ်တောအုပ် စိန်လုံးတို့က ကောက်ယူနေခြင်း ဖြစ်သည်။

" စစ်တပ်က ဗိုလ်ကြီး လင်းထိန်က ၀ါးတစ်ရာကို ၂၀၀ ကျပ်၊ လွှတစ်ဆိုင်းကို ကျပ် ၃၀၀၀၀ စီ ကောက်ယူ နေသလို စခန်းမှူးနဲ့ သစ်တောအုပ်ကလည်း ၀ါးတစ်ရာကို ၂၀၀ ကျပ်စီ၊ လွှတစ်ဆိုင်းကို ၃၀၀၀၀ စီကောက်ယူလိုက် တော့ ၀ါးတစ်ရာမှာ ငွေ ၆၀၀ စီနဲ့ လွှတစ်ဆိုင်းကို ၉၀၀၀၀ ထိ ပေးနေကြရပါတယ်" ဟု သူက ဆက်ပြောသည်။

ကျောက်တန်းနယ်မြေ အတွင်းရှိ လိုင်ဂွင်၊ ရေဘုတ်၊ ပဲသဒူနှင့် ရီဇိုးချောင်း ကျေးရွာများမှ ကျေးရွာသားများမှာ တောကို အမှီပြုပြီး လုပ်ကိုင် သာက်နေကြသူများ ဖြစ်ကြသည်။

ရခိုင်ပြည်နယ်တွင် ၀ါး ၁၀၀ လျှင် ကျပ်ငွေ ၁၆၀၀၀၊ သစ်တတန်လျှင် ကျပ်ငွေ ၉၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။
နိရဉ္စရာ

RNDP မြို့နယ်ရုံး တောင်ကုတ်တွင် ဖွင့်လှစ်

မောင်ရမ္မာ
---------
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ မြို့နယ် ရုံးခွဲ တစ်ခုကို ဇန္န၀ါရီလ ၂၉ ရက်နေ့က တောင်ကုတ်တွင် ဖွင့်လှစ်ခဲ့သည်ဟု သတင်း ရရှိသည်။

RNDP-Taungup
တောင်ကုတ်မြို့သည် ၂၀၁၀ ခုနှစ်က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ၀င်ရောက် မယှဉ်ပြိုင်နိုင်ခဲ့သော ရခိုင်ပြည်နယ် မြို့နယ် (၅)မြို့နယ်ထဲမှ တစ်မြို့ ဖြစ်သည်။

တောင်ကုတ်တွင် ရုံးဖွင့်ပွဲကို ဒေသခံအများအပြား တက်ရောက်ခဲ့သည်ဟု သိရသည်။

" စစ်တွေ ဗဟိုရုံးက ဦးခိုင်ပြည်စိုးတို့ သွားပြီး ဇန္န၀ါရီလ ၂၉ ရက်နေ့က တောင်ကုတ်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ တောင်ကုတ် ရုံးဖွင့်ပွဲကို ဒေသခံ လူပေါင်း ၃၀၀ နီးပါးတက်ရောက်ခဲ့ပါတယ်။ လူထုထောက် ခံမှုကိုလည်း ရခဲ့ပါတယ်" ဟု စစ်တွေ ဗဟိုရုံး ရုံးအဖွဲ့ဝင်တဦးက ပြောသည်။

ရုံး၏ တည်နေရာမှာ တောင်ကုတ်မြို့ ဂူတာရပ်ကွက် အဓိပတိလမ်းတွင် ဖြစ်သည်။ တောင်ကုတ်မြို့နယ် စည်းရုံးရေး ကော်မီတီ တစ်ရပ်ကိုလည်း ဦးမြင့်ဆွေမောင် ဦးဆောင်သော ကော်မီတီဝင် ၁၈ ဦးဖြင့် ဖွဲ့စည်းခဲ့ကြသည်။

တောင်ကုတ်မြို့သည် ရခိုင်ပြည်နယ်တွင် နိုင်ငံရေး အတက်အကြွဆုံး မြို့တမြို့ ဖြစ်သော်လည်း ၂၀၁၀ ရွေး ကောက်ပွဲတွင် ရခိုင်တိုင်းရင်းသားပါတီများ ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိသောကြောင့် ကြံ့ခိုင်ရေးပါတီနှင့် တခြားပါတီများကိုသာ ဆန္ဒမဲ ပေးခဲ့ကြသည်။

" ကျွန်တော်တို့ တောင်ကုတ်မှာ ၁၉၉၀ ခုနှစ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင် ရရှိ ခဲ့ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြံ့ခိုင်ရေးပါတီက အနိုင် ရရှိခဲ့ပါတယ်။ ခုလို ရခိုင်ကို ကိုယ်စားပြုတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ကျွန် တော်တို့ တောင်ကုတ်မှာ ရုံးဖွင့်ပြီး မဲဆွယ်စည်းရုံးမယ်ဆိုရင် လာမယ့် ရွှေးကောက်ပွဲမှာ ကိုယ့်အမျိုးသားပါတီကိုပဲ မဲထည့် ကြမှာပါ" ဟု တောင်ကုတ် လူငယ်တဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ရုံးမဖွင့်လှစ်နိုင်ဘဲ ကျန်ရှိနေသော မြို့နယ် (၄) မြို့နယ် ရှိရာ ယခုအခါ အဆိုပါ မြို့နယ်များတွင် ရုံးဖွင့်လှစ်နိုင်ရေး အတွက် ပါတီခေါင်းဆောင်များက ကြိုးစားနေကြသည်ဟု စစ်တွေ ဗဟိုရုံး ရုံးအဖွဲ့ဝင်က နိရဉ္စရာသို့ ဆက်ပြောသည်။

" ရခိုင်ပြည်က အမ်း၊ သံတွဲ၊ ဂွနဲ့ မာန်အောင်မြို့ နယ်တွေမှာ ရုံးတွေ တိုးချဲ့ဖွင့်လှစ်နိုင်ရေး အတွက် ရန်ကုန် ဗဟိုအဖွဲ့က အထွေထွေ အတွင်းရေးမှူး ဦးလှစော၊ အတွင်းရေးမှူး ဦးသာထွန်းလှ၊ ကျွန် တော်တို့ စစ်တွေ ဗဟိုရုံးက ဒုဥက္ကဌ ဦးတင်ဝင်းတို့ အဲဒီမြို့နယ်တွေကို သွာပြီး စည်းရုံးရေး ဆင်း နေကြပါတယ်။ များမကြာမှီ အဲဒီ ဒေသတွေမှာလည်း မြို့နယ်ရုံးတွေ ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်" ဟု ပြောသည်။

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရုံးများဖွင့်လှစ်ထားနိုင်ခြင်း မရှိခဲ့သော တောင်ကုတ်၊ အမ်း၊ သံတွဲ၊ ဂွနဲ့ မာန်အောင်မြို့ နယ်များတွင် ၂၀၁၀ ခုနှစ်ရွှေးကောက်ပွဲအတွင်းက ကြံ့ခိုင်ရေး ပါတီမှာ ပြိုင်ဘက် မရှိဘဲ အနိုင်ရရှိခဲ့သည်။ ယခုအခါ အဆိုပါ မြို့နယ်များတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရုံးများ ဖွင့်လှစ်ပြီး စည်းရုံးရေး တိုးချဲ့ လာသည်သာမက အမျိုးသား ဒီမိုကရေစီ အဖွဲ့ကလည်း ပါတီ မှတ်ပုံတင်ပြီး တရားဝင် နိုင်ငံရေး ပါတီ တစ်ရပ် အဖြစ် ရပ်တည် လာပြီ ဖြစ်သဖြင့် လာမည့် ၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲတွင် အနိုင်ရရှိရေးမှာ အထူး ခက်ခဲ လာနိုင်ဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ နေရာ ၄၄ နေရာတွင် ၀င်ရောက် ယှဉ်ပြိုင်ရာ ၃၅ နေရာ အနိုင်ရရှိခဲ့သည်။


နိရဉ္စရာ

Wednesday, 1 February 2012

စစ်တပ်သို့ စပါး မပေးလိုသည့် ရွာသားများ ဖမ်းဆီးခံရနိုင်ဖွယ်ရှိ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပုလဲ (ဗလိ) ပေါက် ကျေးရွာမှ စစ်တပ်သို့ စပါး မပေးလိုသည့် ရွာသားများကို စစ်တပ်က ဖမ်းဆီးနိုင်ဖွယ် အခြေအနေ ရှိနေကြောင်း ကျေးရွာသားများက ပြောသည်။
Farming Myanmar
ကျောက်တော် အခြေစိုက် စကခ (၉) မှ စပါးကောက်ရန် လာစဉ် ရွာသားများက စပါး မပေးလို၍ ရှောင်တိမ်း နေကြသဖြင့် စစ်တပ်သို့ စပါးမပေးလျှင် ဖမ်းဆီးမည် ဖြစ်ကြောင်း ခြိမ်းခြောက်ထားကြောင်း ကျေးရွာသား တစ်ဦးက ယခုလို ပြောသည်။

" ဇန္န၀ါရီလ ၃၁ ရက်နေ့က ကျောက်တော် အခြေစိုက် စကခ (၉)မှ ဗိုလ်မှူးနေ၀င်းနှင့် ဒုတပ်ကြပ် အာဂျွန်းတို့ စပါးကောက်ဖို့ ကျွန်တော်တို့ရွာကို ရောက်လာပါတယ်။ ရွာသားတွေက အကုန်လုံး ရှောင်နေကြပါတယ်။ သူတို့( စစ်တပ်) က ဘုန်းကြီးကျောင်းကို ရောက်လာပြီး ဆရာတော်ကို ရွာသားတွေ စပါး မပေးရင် အရေးယူမယ်ဆိုပြီး ပြောသွားတယ်လို့သိရပါတယ်" ဟု ဒေသခံ ရွာသား တစ်ဦးက ပြောသည်။

ပုလဲပေါက်ကျေးရွာသည် မင်းပြားမြို့နယ်နှင့် ပေါက်တောမြို့နယ် အစပ်တွင် တည်ရှိပြီး အဆိုပါကျေးရွာမှ လယ်ဧက ၃၀၀ ကျော်ကို ကျောက်တော် အခြေစိုက် စကခ (၉) မှ သိမ်းယူပြီး ကျေးရွာသားများကို တဧက ၂၅ တောင်းနူန်းဖြင့် သီးစား ပြန်ချထားကြောင်း ကျေးရွာသားများက ပြောသည်။

" စစ်သားတွေက ဘုန်းတော်ကြီးကိုတောင် ရန်ရှာသွားတယ်လို့ သိရပ့ါတယ်။ ဆရာတော်က ဒီနှစ်ရွာမှာ ဘုန်းကြီး ကျောင်းလည်း ဆောက်နေတော့ တနှစ်လောက် တကာတို့ သည်းခံကြပါ။ ရွာသားတွေမှာ စပါးလည်း ဒီနှစ် သိပ်မရဘူးဆိုတော့ နောက်နှစ်မှ လာကောက်ပါလို့ ပြောတာကို သူတို့ တပ်မကနေ အစိုးရကို စပါးတင်း (၂) သောင်းသွင်းရမယ်။ ဒီစပါးတွေကို ဘုန်းကြီးက ပေးမှာလားလို့တောင် မေးသွားပါသေးတယ်" ဟု သူက ဆက်ပြောသည်။

ပုလဲပေါက်ကျေးရွာသားများနှင့် အနေဖြင့် နှစ်စဉ် စစ်တပ်သို့ စပါးတောင်း (၉၀၀၀) ပေးသွင်းနေကြရသဖြင့် ဆင်းရဲသော ရွာသားများအတွက် ၀န်ထုတ် ၀န်ပိုး ဖြစ်နေ၍ စစ်တပ်မှ စပါးကောက်ခံမူကို သက်ညှာပေးပါရန် နိုင်ငံတော် သမ္မတကြီးဆီကို ရွာသားများက စာရေး အသနားခံထားကြောင်းလည်း သိရသည်။

" ပုလဲပေါက် အုပ်စုကနေ စုစုပေါင်း စပါးတောင်း ၁၅၀၀၀ ပေးရမယ်။ ပုလဲပေါက် အုပ်စုမှာက ပုလဲပေါက်နဲ့ တုတ်ကံလယ် ရွာ နှစ်ရွာဘဲ ရှိတယ်။ ပုလဲပေါက်က စပါး တောင်း ၉၀၀၀ နဲ့ တုတ်ကံလယ်က ၆၀၀၀ သွင်းရပါမယ်။ ကျွန်တော်တို့မှာ နစ်နာမူတွေ ရှိနေတဲ့ အတွက် ဒီကိစ္စကို သက်ညှာပေးဖို့ ရွာသားတွေက နိုင်ငံတော် သမ္မတကြီးဆီကိုလည်း စာရေးပြီး အသနားခံထားပါတယ်" ဟု ရွာသားက ဆက်ပြောသည်။

စပါးလာကောက်စဉ် ရွာသားများက ရှောင်ပုန်းနေသဖြင့် စစ်တပ်က တပ်ရင်းသို့ ပြန်သွားပြီး ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင် ပြန်လည် လာရောက်မည် ဖြစ်ကြောင်း၊ စပါး မပေးပါက တစ်ရွာလုံးကို အရေးယူမည်ဟု ခြိမ်းခြောက် ပြောဆိုထားကြောင်း၊ ရွာသားများ အနေဖြင့် သူတို့ လုံခြုံရေးကို စိုးရိမ်နေကြကြောင်း သိရှိရသည်။

နိရဉ္စရာ

ရခိုင် မဟာမုနိ ကျောင်းဆောင်တော်တွင် ရွှေအလေးချိန် ၁၁ ပိသာ ၅၀ ကျပ်သားရှိ ထီးတော်တင်မည်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ မဟာမုနိရုပ်ရှင်တောမြတ်ကြီး၏ ဂန္ဓကုဋီ ကျောင်းဆောင်တော်တွင် အလေးချိန် ၁၁ ပိသာ ၅၀ ကျပ်သား အလေးချိန်ရှိ ရွှေသားစစ်စစ် ထီးတော်ကို လာမည့် ဧပြီလတွင် တင်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ရွှေသား စစ်စစ်ထီးတော် တင်ရန် အတွက် ထီးတော် အဟောင်းကို ယခုအခါ ဖြုတ်ချလိုက်ပြီ ဖြစ်ကြောင်း ရန်ကုန် အလိုတော်ပြည့်ကျောင်းမှ ဦးဇင်း တစ်ပါးက ပြောသည်။

" ဟုတ်ပါတယ်။ ဇန္န၀ါရီလ ၂၄ ရက်နေ့က ထီးတော် အဟောင်းကို ဖြုတ်လိုက်ပါတယ်။ နောက်လာမယ့် ဧပြီလမှာ ရွှေသား အစစ် ၁၁ ပိသာနဲ့ ၅၀ကျပ်သား အလေးရှိတဲ့ ရွှေသား ထီးတော် အသစ်ကို ပြန်တင်သွားမှာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။
images
ဖြုတ်ချလိုက်သော ထီးတော် အဟောင်းအား မြင်တွေ့ရစဉ်
ထီးတော် အဟောင်းအား ဖြုတ်ချသည့်နေ့က ကျောက်တော်မြို့နယ် မဟာမုနိ ရင်ပြင်သို့ ရခိုင်ပြည်နယ်ဆိုင်ရာ သံဃာ ၀န်ဆောင် နာယက ဆရာတော်ကြီးများ အပြင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်နှင့် ဌာနဆိုင်ရာ အစိုးရ အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

" အဲဒီနေ့က ပြည်နယ် သံဃာ ၀န်ဆောင် ဆရာတော်ကြီးတွေနဲ့ ပြည်နယ် အစိုးရအဖွဲ့ အကြားမှာ အစည်းအဝေး လည်း ပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးမှာ ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်က မဟာမြတ် မုနိ ရုပ်ရှင်တော် မြတ်ကြီး၏ ဂန္ဓဋီကျောင်းတော် အထွဋ်ထိပ်၌ တင်လှူမည့်(၁၁) ပိသာ ၅၀ ကျပ်သားရှိတဲ့ ရွှေထီးတော်မြတ်အား တင်လှူ ပူဇော်နိုင်ရေး အတွက် ဆရာတော်ကြီးတွေကို လျှောက်ထားခဲ့ပါတယ်" ဟု ဦးဇင်းက ပြောသည်။

ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်က ဆရာတော်ကြီးများကို တင်ပြချက်အားလည်း ယခုလို ပြောသည်။

images
မဟာမုနိ ဂန္ဓကုဋီ ကျောင်းဆောင်အား မြင်တွေ့ရစဉ်
" ရခိုင်သမိုင်းမှာ အထင်ရှားဆုံးဖြစ်တဲ့ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးရဲ့ ဂန္ဓကုဋီ ကျောင်းဆောင်တော် အထွဋ်မှာ တင်လှူမယ့် ရွှေထီးတော်ဟာ မြန်မာနိုင်ငံ အ၀န်းက ဒါယကာ ဒါယကာမများနဲ့ ရခိုင်ပြည်နယ်မှ ဒါယကာ ဒါကာမများနှင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့မှ စုပေါင်းလှူဒါန်းထားတဲ့ ရွှေသား စစ်စစ် ရွှေထီးတော် ဖြစ်တယ်။ အချင်း (၄)ပေ (၆)လက်မ၊ အမြင့် (၉)ပေ ကျော်ခန့်ရှိတယ်။ ရွှေသားရွှေစင်တွေနဲ့ အကျော်အမော် ဗိသုကာ ပညာရှင်တို့ အကောင်းဆုံး ဖြစ်အောင် စီမံပြုလုပ်ထားသော ရွှေထီးတော်အစစ်ဖြစ်တယ်။ အခု ရွှေထီးတော်ကို အလိုတော်ပြည့်ဆရာတော်မှ ဦးစီးဆောင်ရွက်နေတယ်စသဖြင့် ပြောကြားသွားပါတယ်" ဟု ဦးဇင်းက ပြောသည်။

၎င်းပြင် ထေရ၀ါဒဗုဒ္ဓဘာသာ သာသနာပြု ပုဂ္ဂိုလ်တစ်ပါး ဖြစ်သည့် အလိုတော်ပြည့် ဆရာတော်ကလည်း ရခိုင်ပြည်နယ် အတွင်း ယခုကဲ့သို့ ရွှေစင် ရွှေသား အစစ် ရွှေထီးတော် ယခင်က မရှိခဲ့ဘူး၊ မကြား ခဲ့ဘူးကြောင်း၊ ယခု အခါ ဖူးမြင်ကြရတော့မည်ဖြစ်ပါကြောင်း၊ အဖက်ဖက်မှ ဆရာတော်၏ ကြိုးပမ်း အားထုတ်မှုကို အပြစ်မမြင်သင့်ကြောင်း၊ ရခိုင်ပြည်သူပြည်သားများက မဟာမြတ်မုနိဘုရားဂန္ဓကုဋီ အပေါ် ရွှေထီးတော် အစစ် တင်လှူ ပူဇော်ရသည့် အတွက် ကျေးဇူးတင် ၀မ်းမြောက် ဂုဏ်ယူစရာ သာဓု ခေါ်စရာ ဖြစ်ပါကြောင်း လျှောက်ထား ပြောဆိုသွားသည်ဟု သိရသည်။
images
တက်ရောက်လာကြသော ဆရာတော်ကြီးများ
အဆိုပါ တိုင်ပင် ညှိနိုင်း ဆွေးနွေးပွဲ အခမ်းအနားသို့ ရခိုင်ပြည်နယ် စစ်တွေမြို့၊ သဒ္ဓမဂုရု (ပုသိမ်)ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော် ဗဟိုဝန်ဆောင် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိတ ဆရာတော်ကြီး အပြင် စစ်တွေမြို့ မဏိရတနာ ကျောင်းတိုက် ပဓာနနာယ နိုင်ငံတော်ဗဟိုဝန်ဆောင် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တသောမ၊ ကျောက်တော် မြို့နယ သိန်းတန် ကျောင်းတိုက် ပဓာန နာယက မြို့နယ် သံဃနာယက အဖွဲ့ ဥက္ကဌ ဆရာတော် ဘဒ္ဒန္တ ဣန္ဒမာလာ၊ အလိုတော်ပြည်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ အရိယ၀ံသ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သင်ပုန်းတန်း ကျောင်းဆရာတော် ဘဒ္ဒန္တ ပညာသာရတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


နိရဉ္စရာ

အဆိပ်ရည်ချ၍ ဖမ်းဆီးမူကြောင့် ရှားပါး ရခိုင် ကျောက်ပုဇွန်များ မျိုးတုန်းတော့မည်

ထွန်းထွန်း
----------
ရခိုင်ပြည်နယ် ကမ်းရိုးတန်း ဒေသ တချို့တွင် အဆိပ်ရည်သုံးပြီး ဖမ်းဆီးမူကြောင့် ရှားပါး ကျောက်ပုဇွန်များ မျိုးတုန်းသွားနိုင်ကြောင်း ဒေသအတွင်းက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက် သူများက ပြောသည်။

Fishing-boat-in-Arakan
ရခိုင်မှ ငါးဖမ်း လုပ်ကွက် တစ်နေရာ
" အခု အဆိုးဆုံး ဖြစ်နေတာက သံတွဲမြို့နယ် ဂျိတ္တောငါးဖမ်းဇုန် အတွင်းမှာ ဖြစ်နေတာပါ။ တစ်ခြား ဒေသတွေမှာလည်း ခုလို အဆိပ်ရည်သုံးပြီး ဖမ်းဆီးမူတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒီအတိုင်းဆိုရင် ရေရှည်မှာ ရခိုင်ပင်လယ်ပြင်မှာ ကျက်စားတဲ့ ရှားပါး ကျောက်ပုဇွန်တွေ မျိုးတုန်းသွားနိုင်ပါတယ်"ဟု သံတွဲ လုံးသာမှ သဘာဝပတ်ကျင် အရေးကို လုပ်နေသူ တစ်ဦးက ပြောသည်။

ကျောက်ပုဇွန်ဖမ်းသူများသည် သူတို့၏ ငါးဖမ်းလှေများကို ရေအောက် ကျောက်တန်းများ ရှိရာ ရေပေါ်တွင် ကျောက်ချ ရပ်နားပြီး သူတို့တွင် ပါလာသော ခေတ်မီရေငုပ်ကိ ရိယာများကို အသုံးပြုပြီး ရေထဲကို ဆင်းပြီး ကျောက်ဆောင်များ အကြားတွင် ကျောက်ပုဇွန်များကို ရှာဖွေကြောင်း၊ ကျောက်ပုဇွန်တွေ့သည်နှင့် သူတို့ ယူဆောင်လာသော အဆိပ်ရည်များကို ပိုက်လုံးများက တဆင့် ကျောက်ကြားများထဲသို့ ထိုးထည့်ကြောင်း၊ အဆိပ် ဆေးရည်ကြောင့် ကျောက်ကြားမှ မူးရူး ထွက်ပြေးလာသော ကျောက်ပုဇွန်များကို လွယ်ကူစွာ ဖမ်းဆီးကြကြောင်း သူက ဆက်ရှင်းပြသည်။

" အခုလို ဖမ်းဆီးတော့ သိပ်လွယ်တာပေါ့။ ဒါကြောင်း ဒီနည်းကို သုံးပြီး ဖမ်းနေကြတာ ဖြစ်ပါတယ်။ ဂျိတ္တောမှာဆိုရင် ပေါ်တင်ကြီးကို အတားအဆီး မရှိ ဖမ်းနေကြပါတယ်။"

ယခုလို စည်းမဲ့ကမ်းမဲ့ ငါး၊ ပုစွန်များကို အဆိပ်ရည်ချပြီး ဖမ်းဆီးနေမည်ဆိုလျှင် ကျောက်ပုဇွန်များကိုသာမက တခြား ရေနေသတ္တ၀ါများကိုပါ ထိခိုက်နိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင်အကြောင်း လေ့လာနေသူ သံတွဲမြို့ခံ တဦးကပြောသည်။

"ကျောက်ငါးနဲ့ ကျောက်ပုစွန်တွေကို အဆိပ်ရည်ချပြီးတော့ ဆက်ဖမ်းနေမယ်ဆိုရင်တော့ ကျောက်ပုစွန်တွေ သာမကဘူး။ တခြားရေနေ သတ္တ၀ါများပါ အဆိပ်ငွေ့ကြောင့် သေဆုံးမူတွေ ဖြစ်လာနိုင်တယ်။ နောက်ဆိုရင် ကျောက် ပုစွန်တွေသာမက တန်ဖိုးရှိတဲ့ ကျောက်ငါးတွေကိုတောင် ရှာရတော့မှာမဟုတ်ဘူး" ဟုပြောသည်။

ယခုကဲ့သို့ အဆိပ်ရည် ချခံရသည့် သန္တာကျောက်တန်းများတွင် ငါးများခိုအောင်းနိုင်ခြင်း မရှိတော့ကြောင်း ကျော့ပိုက်ငါး လုပ်ငန်းရှင် တဦးဖြစ်သူကလည်း ပြောသည်။

"အဲဒီ ဆေး အာနိသင်က ရေထဲမှာ တော်တော်ကြာကြာ နေနိုင်တယ်။ ရေစီးကြောင်းတွေ အတိုင်း ပါသွားတတ် တော့ ငါးအုပ်တွေက အဲဒီ နေရာကို မလာနိုင်တော့ဘူး။ ပြီးရင် ဆေးရည် ပစ်ချ ခံထားရတဲ့ သန္တာ ကျောက်တန်းတွေမှာ ငါးပုစွန်တွေ မခိုအောင်းနိုင်တော့တဲ့ အတွက် ကျွန်တော်တို့ ငါးလုပ်ငန်းရှင်တွေ အတွက်လည်း ထိခိုက်နေတာကတော့ အမှန်ပါဘဲ" ဟု သူက ဆိုသည်။

ရခိုင်မှ ထွက်သော ကျောက်ပုစွန်မှာ အမျိုးအစားလိုက်အများအပြားရှိကြောင်းနှင့် အရောင် (ကာလာ) ပါ ကျောက်ပုစွန် တပိဿမှာ ကျပ် ၈ သောင်း အထက်ရှိပြီး ရိုးရိုး ကာလာ အရောင်မဲ့ ကျောက်ပုစွန် တပိဿမှာ ကျပ် ၄ သောင်းကနေ ၅ သောင်းဝန်းကျင် ရှိသည်ဟုသိရ သည်။

အဆိုပါ ကျောက်ပုစွန်များကို တရုတ်ပြည်နှင့် ရန်ကုန်မြို့မှ စီးပွားရေးကုန်သည်များက ၀ယ်ယူလျှက်ရှိရာ ၄င်းတို့မှ အဆိုပါကျောက်ပုစွန် ရရှိရေးအတွက် နည်းမျိုးစုံဖြင့် ရေလုပ်သားများကို ဖမ်းခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။ တချို့ တ၀မ်းတခါး ရုန်းကန်သူများလည်း ပုဂ္ဂလိက ၀င်ငွေရရှိရေးအတွက် ကျောက်ပုဇွန်များကို ရခိုင်ပင်လယ်ပြင်တွင် ရှာဖွေနေကြသည်ဟု သိရသည်။

ယခုအခါ ပင်လယ် ကမ်းနီးစပ် နေရာများတွင် ကျောက်ပုစွန်များ ရှာပါးလာသဖြင့် အဆိပ်ရည်ချပြီး ကျောက်ပုစွန် ရှာဖွေ ဖမ်းဆီး နေမှုကို အရေးယူရန် ငါးလုပ်ငန်း ဦးစီးဌာနသို့ တိုင်တန်းထားသော်လည်း ယခုအချိန်ထိ သက်ဆိုင်ရာ ဒေသ အာဏာပိုင်များမှ တစုံတရာ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ခြင်း မရှိ သေးကြောင်းသိရ သည်။

နိရဉ္စရာ